ငုဝါနှင့် ပိတောက်

ပိတောက်ပန်းတွေ မြိုင်မြိုင် ဆိုင်ဆိုင်မရှိ။ မုန့်လုံး ရေပေါ်မရှိ။ တူးပို့တူးပို့ မရှိ။ ရွှေမန်း တောင်ရိပ် မရှိ။ သို့သော် သင်္ကြန်ကား ရှိ၏။ ငုတွေ လှိုင်လှိုင် ပွင့်သော သင်္ကြန် ဖြစ်သည်။ ရေပက်ကြ၏။ ပျော်ကြ၏။ ကျနော် ကြုံနေရ သည်ကား ချင်းမိုင် သို့မဟုတ် မြန်မာ အခေါ် ဇင်းမယ် သင်္ကြန် ဖြစ်သည်။

ထိုင်းတွေက သင်္ကြန်ကို စုန်ကရန် (Songkran) ဟု ခေါ်သည်။ ရန်ကုန်သင်္ကြန်မှာလိုပင် ဇင်းမယ်သင်္ကြန်မှာလည်း လမ်းလျှောက်သူ လျှောက်၊ ကားနှင့် လည်သူလည်။ ဇင်းမယ်မှာ ဆိုင်ကယ်နှင့် လည်ကြတာလည်း များသည်။ ရန်ကုန်ကတော့ ဆိုင်ကယ် စီးခွင့် မပြုသည့် မြို့ဆိုတာတော့ အားလုံးအသိပင် ဖြစ်သည်။

ဇင်းမယ်မြို့တွင် ကျုံးပတ်လည်က အစည်ဆုံး ဖြစ်သည်။ ရေပုံး ကလေးတွေ ကိုယ်စီနှင့် ကျုံးပတ် လည်မှာ လမ်းသလားကြ၊ အချင်းချင်း ရေပက်ကြသည်။ ရေပိုက်တွေ ရေစက်တွေ မလို၊ ကျုံးရေကိုပဲ ခပ်ပြီး ပက်ကြသည်။ ရေထဲဆင်း သူကဆင်း၊ ကုန်းပေါ်က ခပ်သူက ခပ်။ ရေကတော့ နောက်သည်။ ထိုရေနောက်နှင့်ပဲ ပက်ကြသည်။

ထိုင်း လူမှု ဆက်သွယ်ရေး၏ မရှိမဖြစ် မိုဘိုင်းဖုန်း အတွက် သင်္ကြန် တွင်းတွင် ရေလုံ ပလတ်စတစ် အိတ်လေးများ အလွယ်တကူ ဝယ်ယူ နိုင်သည်။ အိတ်ထဲ လုံခြုံအောင် ထည့်ကာ လည်ပင်း၌ ဆွဲထားကြသည်။

မြန်မာ့နည်း မြန်မာ့ဟန် သုံးပြီး မိုဘိုင်းဖုံးကို ကြွတ်ကြွတ် အိတ်နှင့် ထည့်လိပ်၍ လွယ်သလို အိတ်ထဲ ထည့်တတ်သည့် ဇင်းမယ်ရောက် မြန်မာ ဧည့်သည်နှင့် ကျောင်းသားတို့ ကိစ္စများတာ တွေ့ရသည်။ ကြွတ်ကြွတ်အိတ် မလုံ၍ မိုဘိုင်းဖုန်းမှာ  ရေငွေ့ရိုက်ပြီး သင်္ကြန်ပြီးသည်နှင့် ဆိုင်သို့ ပို့ရတော့သည်။

ရန်ကုန်မှာလိုပင် ထိုင်းကုမ္ပဏီတွေက အချောအလှတွေ ရှိသမျှ ထုတ်သုံးပြီး ကြော်ငြာမဏ္ဍပ် ထိုးကြသည်။ တက္ကနို၊ ဒစ္စကို၊ Hip Hot ဂီတသံများလည်း ရန်ကုန်နည်းတူ ဆူဆူညံညံ။ ထိုင်းမှာလည်း ပန်းခြံ သို့မဟုတ် ကမ်းခြေတွေမှာ ဂီတဖျော်ဖြေပွဲကြီးတွေ လုပ်ကြသည်။ သို့သော် ကိုယ့် ရန်ကုန် သင်္ကြန်က ဖျော်ဖြေပွဲတွေလောက်တော့ ဘယ်မှာ
ပျော်လိမ့်မည်နည်း။

ရန်ကုန် သင်္ကြန်၌ သာမန်အချိန်တွင် ကြည့်ခွင့်မရ၊ ဝင်ကြေးမတတ်နိုင်၍ အနားမကပ် မသီနိုင်သော Iron Cross, Emperor လို တီးဝိုင်းကြီးတွေ တီးခတ်တာ အနီးကပ်ခံစားနိုင်သည်။ တခြားအချိန်မှာ မမြင်ရသည့် နာမည်ကြီး အဆိုကျော်၊ မင်းသား၊
မင်းသမီး၊ မော်ဒယ်လ်တွေ တစုတဝေးတည်း တွေ့ရသည်။ နေ့နေ့ညည အသက်မွေးဝမ်းကြောင်းရသည့် အခြေခံ လူတန်းစားများအဖို့ ထိုအချိန်ရောက်မှ ဘဝအမောတွေကို မေ့ထားနိုင်သည်။ 

ဇင်းမယ် စုန်ကရန်တွင် ရန်ကုန်မှာလို မုန့်လုံးရေပေါ်နှင့် သာကူတော့ လာပို့မည့်သူမရှိ။ လည်စားစရာ စတုဒိသာ မဏ္ဍပ်လည်း မရှိ။ ဇင်းမယ်သင်္ကြန်က ခေတ်ပိုဆန်သည်။ စီးပွားရေးလည်း ပိုဆန်သည်။ ကမ္ဘာလှည့် ခရီးသွားများကိုလည်း အထူးပစ်မှတ်ထားပြီး ကြော်ငြာတွေ၊ အထူး ခရီးအစီစဉ်တွေနှင့် ဆွဲဆောင်ကြသည်။ ထို့ကြောင့် ဇင်းမယ်တွင် သင်္ကြန်ကို
ပျော်ရန် သက်သက် အလည်လာသည့် အနောက် တိုင်းသားများမှာလည်း အထူးပင်များပြားသည်။

ရန်ကုန်သင်္ကြန် မြန်မာသင်္ကြန်က အိုးမည်းသုတ်သည်။ ဇင်းမယ်သင်္ကြန် ထိုင်းသင်္ကြန်ကတော့ ပေါင်ဒါသုတ်သည်။ ထိုင်းတွေက အလှအပ ကြိုက်သည် မဟုတ်လား။ ပြီးတော့ ထိုင်းမှာက လျှပ်စစ်မီး ၂၄ နာရီရပြီး ပေါင်းအိုး၊ မိုက်ကရိုဝေ့ဗ် ဖြင့် ချက်ပြုတ်ကြတော့ အိုးမည်းလည်း ရနိုင်မည် မဟုတ်ဟု ကြံကြံဖန်ဖန် တွေးမိသည်။ ရန်ကုန်မှာကတော့ မီးဖိုထဲဝင် အိုးတခု
လှန်ပြီး သုတ်ယူရုံ။

မြန်မာများလိုပင် ထိုင်းလူမျိုးများသည်လည်း လူကြီးသူမများကို သွားရောက်ကန်တော့သည့် အလေ့ရှိသည်။ ဘုန်းကြီးကျောင်းသို့လည်း သွားကြသည်။ အမွှေးနံ့သာရည်ဖြင့် ဘုရားကို သွန်းလောင်း သန့်ရှင်းသည်။ မြန်မာတွေနည်းတူ နှစ်သစ်ကူးမှာ အိမ်သန့်ရှင်းရေးလည်း လုပ်ကြသည်။

“ဒီကနေ့ ထိုင်းလူငယ်တွေက စုန်ကရန် ပွဲတော်ကို ရိုးရာဓလေ့ဆိုတာထက် ပျော်စရာ သက်သက်ပဲ သဘောထားနေကြတယ်။ မတော်တဆ ထိခိုက် သေကြေမှုတွေလည်း သိပ်များတယ်။ တခြားသူတွေ အနှောင့်အယှက် မဖြစ်ရအောင်၊ အထူးသဖြင့် မိန်းကလေးတွေကို မထိခိုက်ရအောင် ထိုင်းမှာ စည်းကမ်းသစ်တွေ  ထုတ်ထားရတယ်”ဟု ဇင်းမယ် တက္ကသိုလ်မှ သုတေသီ တဦးက ညည်းညူသည်။

ထိုင်းမှာ စကပ်တွေ တိုတာ၊ အင်္ကျီတွေ ဟိုက်တာ ကတော့ သိပ်မဆန်းလှ။ မြန်မာပြည်မှာ သင်္ကြန်တွင်း အတို အဟိုက်တွေ လွတ်လွတ် လပ်လပ် ဝတ်တဲ့ မိန်းကလေး ဦးရေ များလာတာ သိရသည်။ တိုတာ ဟိုက်တာ မူးတာ ကတာ ကဲတာ တွေလည်း ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ မနှစ်က သင်္ကြန် ပြီးသည်နှင့် အွန်လိုင်း ပေါ်မှာ ပျံ့နေခဲ့သည်။ ဒီနှစ်တော့ ဘယ်လို လာဦးမည် မသိ။ ခေတ်နှင့် စနစ်က အရွေ့နှေး သော်လည်း လူငယ်တွေ ကတော့ အရွေ့မြန်သည်။ 

မကြာမီ ကျရောက် တော့မည့် ရန်ကုန် သင်္ကြန်ကြီးကား မည်သို့ လာဦးမည် မသိ။ အဘယ့်ကြောင့် ဆိုသော် သင်္ကြန်ကိုပါ ကြပ်ပြေး နေပြည်တော်သို့ ရွှေ့နေသည့် အစိုးရကြောင့် ဖြစ်သည်။

ငွေကို အောသုံးမည့် ကုမ္ပဏီကြီးများကို ကြပ်ပြေး၌ မဏ္ဍပ်ဆောက်ကြရန် ဖိအားပေးကြောင်း ကြားရသည်။ မျက်နှာအညို မခံသော စီးပွားရေးသမားကြီးများကလည်း နာမည်ကြီး အနုပညာရှင်များကို အပြိုင်အဆိုင် ခေါ်ယူပြီး ပွဲကြီးပွဲကောင်းကို ဇွတ်ကျင်းပကြမည့် သဘောရှိသည်။

ရန်ကုန်သင်္ကြန်သည် ခြောက်သွေ့နေမည်လား တွေးမိသည်။ နိုင်ငံရေး မတည်ငြိမ်မှုများ၊ လူမှုရေး မွန်းကျပ်မှုများ၊ စီးပွားရေး ဖိအားများမှ တခဏတာ လွတ်မြောက်ခွင့်ရမည့် သင်္ကြန်တွင် မြန်မာပြည်သူပြည်သားတွေ ပျော်ပါစေဟု ဆုမွန်ခြွေမိပါသည်။

ရန်ကုန်သင်္ကြန်နှင့် သုံးနှစ်ကြာဝေးနေသည့်တိုင် ဇင်းမယ်သင်္ကြန်ရှိနေ၍ နေပျော်ပါသည်။ သို့သော် ဖြတ်သန်းခဲ့သည့် ရန်ကုန် သင်္ကြန်နှင့် ယှဉ်လျှင် ပျော်ရပုံခြင်း တူသည့်တိုင် ခံစားရပုံခြင်းတော့ တူသည်မထင်။ ငုဝါ သင်္ကြန်နှင့် ပိတောက် သင်္ကြန်က မည်သို့မျှ တူညီလိမ့်မည် မဟုတ်ပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်