မွန်သင်္ကြန်နှင့် အိမ်လွမ်းသူများ

သင်္ကြန် အချိန် ရောက်လျှင် နေရပ်ဒေသကို ပြန်ချင်ကြ သူများထဲ၌ ထိုင်းနိုင်ငံ မဟာချိုင်ရောက် မိအိုင်းနွန်လည်း တယောက် အပါအဝင် ဖြစ်သည်။ သင်္ကြန်ကာလ မိဘရှိရာ နေရပ်တွင်သာ ပျော်ခဲ့ဖူးသည့် သူ့အတွက် ယခုနှစ်တွင် ရပ်ရွာ မပြန်နိုင် ခြင်းကြောင့် ကြေကွဲ ခံစားနေရသည်။

“သင်္ကြန် အချိန်မှာ ရွာကို မပြန်နိုင်တာ ဒီတခါပဲ ရှိဖူးသေးတယ်၊ ကျမတို့ ရွာက အခု အချိန်ဆို သင်္ကြန်အကြို `ပတ်ဟပိန်တိုက်´ပွဲ စနေ လောက်ပြီ”ဟု သူက ပြောပြသည်။

မိအိုင်းနွန်သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က ထိုင်းကို ရောက်နှင့် နေသော ညီမ ဖြစ်သူက လှမ်းခေါ်သဖြင့် အရွယ်အို လှပြီဖြစ်သော မိဘနှစ်ပါးအား ကျေးဇူး ပြန်ဆပ်နိုင်ရန် ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမား ၂ သိန်းထက် မနည်း အလုပ် လုပ်ကိုင် နေသော ငါးလုပ်ငန်းများ ရှိရာ မဟာချိုင် ဒေသသို့ ရောက်ရှိခဲ့ရသည်။

သူ ပြောသည့် “ပတ်ဟပိန်တိုက်” ပွဲသည် သင်္ကြန် မကျခင် ရွာဘုန်းကြီးကျောင်း အတွက် အလှူငွေ ရှာဖွေပွဲ ဖြစ်ပြီး ဆို၊ က၊ တီးအဖွဲ့တို့က ရွာရိုးကိုးစဉ် လှည့်ကာ အိမ်တိုင်းကို ပွဲငှားစေ၍ ကြိုက်ရာ အက တမျိုးကို တောင်းဆိုလျှင် ဖျော်ဖြေ သည့်ပွဲ ဖြစ်သည်။ ထိုဓလေ့သည် မွန်ပြည်နယ် တောင်ပိုင်းဒေသများတွင်သာ ရှိသည်။

“အဲဒီပွဲမှာ ပျော်စရာ တခုက အိမ်တအိမ်က ဒီအကကို ကြိုက်သွားရင် တခြား အိမ်တွေ ကလည်း အဲဒီလူကို ပြန်ငှားလေ့ ရှိတယ်၊ အဲဒီ အခါမှာ ဖျော်ဖြေ ရသူခမျာ ဆက်မက နိုင်တော့ဘဲ လမ်းမ တနေရာရာ မဟုတ်ရင် အိမ်တအိမ်ပေါ် ပြေးတက် သွားပြီး အမော ဖြေဖို့ ခဏ ပျောက်သွား တတ်တယ်၊ အဲဒါကို ပွဲငှားတွေက မရဘူး၊ ဆင်းလာ ခဲ့စမ်း၊ သူ့ကိုပဲ ငှားမယ်ဆိုပြီးတော့ နောက်ကြ၊ ပြောင်ကြနဲ့ ပျော်စရာကြီးပဲ”ဟု ငယ်စဉ်က ထိုအကအဖွဲ့တွင် ပါဝင်ခဲ့ပြီး “ရွှေမင်းသမီးနဲ့ မောင်ရွှေရိုး” တေးသရုပ်ဖော် ကခဲ့ဖူးသူ မိအိုင်းနွန်က ရှင်းပြသည်။

သံဖြူဇရပ်မြို့နယ်အတွင်းရှိ မိအိုင်းနွန်တို့ရွာတွင် သင်္ကြန်အကြိုနေ့၌ သက်ကြီးပူဇော်ပွဲ ကျင်းပလေ့ရှိသည်။ ထိုပွဲကို ရွာရှိ လူပျို၊ အပျိုကညာတို့က ဦးစီးကျင်းပကြသည်။ ထိုပွဲတွင် ကျွေးမွေးလေ့ရှိသည့် အစားအစာများထဲ၌ ရိုးရာ သင်္ကြန် ထမင်း သည် မပါမဖြစ်သော အစားအစာ ဖြစ်သည်။

မွန်ရိုးရာ သင်္ကြန်ထမင်းသည် ချက်ပြီးသားထမင်းကို ဆန်ခါတွင် ထည့်၍ ရေပြန်ဆေးကာ ဖယောင်းနံ့သင်းလှိုင် နေသည့် ရေသန့်ဖြင့် စားရခြင်း ဖြစ်သည်။ အသားများများ ပါသည့် ငါးရံ့ခြောက်၊ ငါးကွန်းရှပ်ခြောက်၊ ပုစွန်ခြောက် စသည်တို့ကို ထောင်းထားပြီး သရက်သီး၊ ငရုတ်သီး၊ ကြက်သွန်နီတို့ ပါသည့် အကြော်တမျိုးမျိုးဖြင့် တွဲဖက်စားရသည်။ သင်္ကြန်အချိန် အတွင်း မွန်အိမ်တိုင်း၌ ကျွေးမွေးသည့် အစားအစာဖြစ်သည်။

တချို့အိမ်များတွင် ဖယောင်းနံ့ မကြိုက်သူတို့အတွက် ဖယောင်းနံ့ မပါသည့် ရိုးရိုးရေဖြင့်လည်း တည်ခင်း ကျွေးမွေးတတ် ကြသည်။ ရေကစားပြီး ပြန်လာသူတို့အတွက် ထိုသင်္ကြန်ထမင်းက အမောပြေစေသည်။ မွန် တိုင်းရင်းသားတို့က သင်္ကြန် ထမင်းကို အထူးသဖြင့် နွေရာသီ ပူအိုက်သည့်အချိန်တွင် စားလေ့ရှိသည်။ ထိုအချိန်များတွင် မော်လမြိုင်မြို့ အပါအဝင် မွန်ဒေသ လက်ဖက်ရည်ဆိုင်များ၌ နံနက်စာအဖြစ် ရောင်းချကြသည့် ဓလေ့လည်း ရှိသည်။ နွေရာသီ ပူအိုက်ချိန်တွင် သင်္ကြန် ထမင်းသည် စားသုံးရန် သင့်လျော်သည့် အစားအစာတမျိုး ဖြစ်သည်ဟု ယုံကြည်ကြသည်။

သင်္ကြန် အချိန်အတွင်း ဧည့်သည်တိုင်း စားသုံးနိုင်ရန် အစားအစာ တည်ခင်းတတ်သည့် မွန်တို့၏ ဓလေ့တရပ်မှာ ယနေ့ တိုင် ရှိသေးသည်။ ဘီလူးကျွန်း၊ ချောင်းဆုံ မြို့နယ် အတွင်း မွန်ရွာတိုင်းရှိ အိမ်တိုင်းတွင် ယင်းကဲ့သို့ အစားအစာများ တည်ခင်း ထားကြသည်။ ဧည့်သည် များကလည်း အိမ်တိုင်းရှိ အစားအစာတမျိုးမျိုးကို သုံးဆောင်ကြရသည်။

သင်္ကြန်ချိန်တွင် ရွာလုံးကျွတ် သက်သတ်လွတ်စားသော မွန်ရွာတချို့လည်း ရှိသည်။ မွန်ပြည်နယ် ကျိုက်မရော မြို့နယ် နှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က မွန်ရွာများတွင် ယခင်က ရှိခဲ့ဖူးသည်။ ယခုအချိန်ထိ ထိုဓလေ့ အတိုင်း ပြုလုပ် နေဆဲ ရွာဟူ၍ သံလှယ်ရွာနှင့် တခြားကျေးရွာ အနည်းအကျဉ်းသာ ကျန်ရှိတော့သည်။ ထိုရွာများသည် သင်္ကြန် ထမင်းကို ပဲအမျိုးမျိုး၊ ငရုတ်သီးခြောက်အတောင့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီများနှင့် ကြော်ထားသော အကြော် တမျိုးဖြင့် စားသုံးကြသည်။

သင်္ကြန်အချိန်အတွင်း မွန်တိုင်းရင်းသားတို့တွင် ထူးခြားသည့် အခြားဓလေ့များလည်း ရှိသည်။ သင်္ကြန်ကာလ ဥပုသ် ဆောက်တည်ရန် ဘုန်းကြီးကျောင်းသို့ တအိမ်တယောက် အနည်းဆုံး သွားလေ့ရှိသည်။

“သင်္ကြန်အချိန်မှာ ဥပုသ်စောင့်နေတဲ့ မိဘ၊ အစ်ကို၊ အစ်မတွေအတွက် ငယ်ရွယ်သူ သားသမီးတွေက ဆွမ်းချက်ပြီး ဘုန်းကြီးကျောင်းကို ပို့ကြတယ်၊ အဲဒီအတွက် မွန်လူငယ်တွေက သင်္ကြန်ကျရင် နေရပ်ရွာ ပြန်လာတတ်တယ်၊ တချို့ အိမ်တွေဆို မိဘမရှိတော့ရင် အသက်အကြီးဆုံး အစ်ကို၊ အစ်မတွေက ဥပုသ်စောင့်ကြတယ်”ဟု မိအိုင်းနွန်က ပြောပြ သည်။

နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဘုန်းကြီးကျောင်းများသို့ ဆွမ်းပို့နေစဉ်အချိန်အတွင်း အဆိုပါ ဆွမ်းပို့သူ မိန်းမပျိုတို့အား ရေပက်ခွင့် မရှိချေ။ ဘုန်းကြီးကျောင်းများမှ အပြန် ဆွမ်းအဆင်းကျမှ ရေပက်ရန် စောင့်ဆိုင်းနေသော လူပျိုတို့က ရေ ပက်ခွင့် ရှိသည်။

“အဲဒီအချိန်မှာ မိန်းကလေးတွေက ဆွမ်းကို ခေါင်းပေါ် တင်ထားရတော့ ရေရှောင်လို့ မရဘူးလေ၊ ရေပက် သူတွေက လည်း ယဉ်ယဉ်ကျေးကျေးနဲ့ ပက်ရတယ်”ဟု မိအိုင်းနွန်က ရှင်းပြသည်။

သင်္ကြန် အချိန် အတွင်း ယခင်က မွန်ရွာများရှိ မိန်းမပျိုတို့သည် ဆွမ်းပို့ချိန်နှင့် ဘုန်းကြီးကျောင်း သွားရောက်ချိန်မှအပ အပြင်ထွက်လေ့မရှိကြချေ။ ထိုအခါ လူပျိုတို့က မိန်းမပျိုတို့အား ရေပက်ခွင့်ရရန် အိမ်ရှေ့သို့ သွားရောက်ကာ အိမ် အောက်သို့ မိန်းမပျို ဆင်းလာစေရန်၊ ရေပက်ခံစေရန် အမျိုးမျိုး ကြိုးစားအားထုတ်ရသည်။

“ကျနော်တို့ လူပျိုတွေက မိန်းကလေး အိမ်ပေါ်ကနေ ဆင်းလာဖို့ တိုက်ရိုက် တောင်းဆိုတာ ရှိသလို၊ တချို့ဆို ဆင်း မလာရင် အိမ်အပေါ်အထိ တက်လာမယ်နော် ဆိုပြီးတော့လည်း ခြိမ်းခြောက် ရတတ်တယ်၊ လူပျို ယောက်ျားတွေ အတွက် ကိုယ် သဘောကျနေတဲ့ မိန်းကလေးကို သင်္ကြန်မှာ အရင်ဦးဆုံး ရေပက်နိုင်ဖို့ ကြိုးစားတတ်ကြတယ်၊ အဲဒီမှာ မိန်းကလေးက ဘုန်းကြီးကျောင်းက အပြန် ရေပက်ရဖို့ လမ်းဘေးမှာ စောင့်နေရတယ်၊ တခါတလေ ပုန်းပြီး စောင့် ရတာမျိုးလည်း ရှိတယ်၊ အခုကျတော့ အဲဒီလိုမျိုး မဟုတ်တော့ပြန်ဘူး၊ မိန်းကလေးတွေကလည်း လမ်းပေါ်ထွက်ပြီး ရေကစားလာကြပြီလေ”ဟု မွန်အမျိုးသား တဦးဖြစ်သူ နိုင်အောင်ရွတ်က ပြန်ပြောင်းပြောပြသည်။

သင်္ကြန် ကာလအတွင်း မွန်ရွာတိုင်း၌ ကျင်းပတတ်သော ဓလေ့တရပ် ရှိသေးသည်။ ဘုန်းကြီးကျောင်းများရှိ ဗုဒ္ဓ ရုပ်ပွား တော်များကို ရေသန့်စင်ပွဲနှင့် သက်ကြီးရွယ်အိုများကို ခေါင်းရေစင်ပွဲ ဖြစ်သည်။ ထိုရက်တွင် လူငယ်များက အမွှေးနံ့သာ မျိုးစုံ ပါသည့် ရေများဖြင့် ရွာ ဘုန်းကြီးကျောင်းများသို့ သွားရောက်ကာ ကုသိုလ်ကောင်းမှုပြုကြသည်။ အရှည် ပေ ၂၀ ရှိသည့် ဝါးလုံးကို ခြမ်းထားကာ ရေလောင်းလှူရန် အစွန်းတဘက်ကို မြှင့်ထားပြီး ရေကျစေသည့် တခြား အစွန်းတဘက်၏ အောက်ဘက်တွင် အစဉ်လိုက် ရေသန့်စင်ပွဲ ကျင်းပခြင်း ဖြစ်သည်။

အရင်ဦးဆုံး အနေဖြင့် ကျောင်းရှိ ဗုဒ္ဓရုပ်ပွားတော် အားလုံးကို ပင့်ဆောင့်လာကာ ရေသန့်စင်ခြင်း၊ အမွှေးနံ့သာ ပက်ဖြန်းခြင်း ပြုလုပ်ကြပြီး ကျောင်းထိုင် ဆရာတော်မှ သာမဏေ ကိုရင်လေးအဆုံး ရေကျသည့်နေရာတွင် ထိုင်ကာ ရေသန့်စင်ခြင်းကို ခံယူကြသည်။ ထို့နောက် ဥပုသ်စောင့်နေသည့် သက်ကြီးရွယ်အိုများ၊ လူငယ်များ၊ ကလေးများကို  ရေဆေး သန့်စင်ခြင်းဖြင့် နှစ်ဟောင်းမှ ပြုမိခဲ့သည့် မကောင်းမှုများကို သန့်စင်နိုင်သည်ဟု မွန်တို့က ယုံကြည်ကြသည်။

ထိုရေသန့်စင်ပွဲကို မြန်မာပြည်တွင်း မွန်လူမျိုး များသာမက ရပ်ဝေးရောက်နေသော မွန်တို့ကလည်း နီးစပ်ရာ ဘုန်းကြီး ကျောင်းများတွင် ကျင်းပလေ့ရှိသည်။ ထိုဓလေ့ကို မဟာချိုင်ရောက် မွန်များသာမက ထိုင်း-မြန်မာ နယ်စပ် အနီး စံခရဘူရီ ဒေသ ဝင်းက အမည်ရှိ မွန်ရွာတွင်လည်း နှစ်စဉ် ကျင်းပကြသည်။

ဝင်းက ရွာမှ မိသိုက်မွန်က“ရေသန့်စင်ပွဲကို ဦးဆောင်ရမယ့်သူတဦး ရှိရတယ်၊ အဲဒီလူက ရေသန့်၊ ရေသန့်လို့ အော်လိုက် ရင် လောင်းသူတွေက ရေသန့်၊ ရေသန့်လို့ လိုက်အော်ပြီး အရှည် လုပ်ထားတဲ့ ကတော့ထဲကို ရေသန့်ပဲ လောင်းရတယ်၊ ရေမွှေး၊ ရေမွှေး လို့ အော်ရင် အမွှေးနံ့သာထည့်ထားတဲ့ရေကို လောင်းရတယ်၊ တခါတလေ ရေသန့်စင် ခံယူနေသူကို ရေမွှေးလောင်းတာ များသွားလို့ ဦးဆောင်သူက ရေသန့်၊ ရေသန့် လို့ ပြန်အော်ရပြန်ရော၊ အဲဒီပွဲက ပျော်စရာ အရမ်း ကောင်းတယ်”ဟု ပြောပြသည်။

ဝင်းက မွန်ရွာတွင် ထူးခြားချက်မှာ ရေသန့်စင်ပွဲ ပြီးနောက် လူငယ်များအတွက် အပြစ်သန့်စင်ရန် အလို့ငှာ ရွာရှိ ဗုဒ္ဓဂယာ ဘုရားကွင်းပြင်ကြီးတွင် လူငယ်များ အလျားလိုက် တန်းစီမှောက်စေကာ ဆရာတော်က ဦးဆောင်၍ လူငယ်များအပေါ် တက်လှမ်း လမ်းလျှောက်စေခြင်း ဖြစ်သည်။

“မှောက်လျက် လူတွေအပေါ် သံဃာတွေက လမ်းလျှောက်တာ ဖြစ်တယ်၊ အပြစ်စင်ကြယ်စေတယ်လို့ ယုံကြည် တယ်လေ”ဟု မိသိုက်မွန်က ရှင်းပြသည်။

သင်္ကြန်အချိန်အတွင်း ဝင်းက မွန်ရွာ၏ တခြားထူးခြားချက်မှာ ဘုန်းကြီးကျောင်းသို့ ဆွမ်းပို့သူတို့သည် မွန်ရိုးရာ ဝတ်စုံ များဖြင့်သာ သွားရောက်တတ်ကြခြင်း ဖြစ်သည်။ ထိုရက်များတွင် မွန်ဝတ်စုံ အဖြူ၊ အနီများကို နေရာတိုင်း၌ တွေ့ရမည် ဖြစ်သည်။ ဝင်းက ရွာတွင် သင်္ကြန်အကြိုနေ့၌ ထိုင်းနိုင်ငံ၏ အရှည်ဆုံး သစ်သား တံတားပေါ်၌ ဆွမ်းကြီးလောင်းပွဲလည်း နှစ်စဉ် ကျင်းပကြသည်။ ထိုနေ့တွင် ဆန်၊ ဆား၊ ဆီ၊ ဖယောင်းတိုင်နှင့် တခြားလှူဖွယ်ပစ္စည်းများကို ဗန်းပေါ် တင် ကိုင်ထား သော မွန်အပျိုကညာများကို တွေ့မြင်ရမည် ဖြစ်သည်။

သင်္ကြန်ရက်များ အတွင်း မွန် တိုင်းရင်းသားတို့တွင် ထူးခြားသည့် ကိုးကွယ်ယုံကြည်မှုများလည်း ရှိသေးသည်။ သင်္ကြန် အကျနေ့ နာရီ၊ မိနစ် အတိအကျတွင် ရွာဘုန်းကြီးကျောင်းမှ တုံးမောင်းခေါက်သံဖြင့် သတိပေးကြသည်။ ထိုအခါ  သင်္ကြန် စောင့်နတ်ကို ကြိုဆိုသောအားဖြင့် အသင့်ပြင်ထားပြီး သပြေရွက်၊ အုန်းရွက်၊ အပ်ချည်လုံး ထည့်ထားသည့် ခွက်အတွင်းရှိ ရေကို အိမ်အောက် သစ်ပင်တနေရာ၌ လောင်းချကြသည်။ ထိုသို့ အတက်နေ့ ရောက်သည်အထိ နေ့စဉ် ပြုလုပ်သည့်အပြင် ညစဉ် ညတိုင်းလည်း မီးပူဇော်ကြသည်။ ယင်းဓလေ့မှာ ယနေ့တိုင် ရှိနေသေးသည်။

နှစ်ဆန်း ၁ ရက်နေ့တွင် မွန်လူငယ်များ အတွက် ဆုံရပ်နေရာ များလည်းရှိသည်။ အဓိကနေရာများမှာ မော်လမြိုင် မြို့နယ် က ရိုးဂိုး မွန်ရွာ၊ ဘီလူးကျွန်းနှင့် စက်စဲကမ်းခြေများတွင် ဖြစ်သည်။ ထိုရက်ရောက်လျှင် ရွာတိုင်းက လူငယ်များက ကားငှား၍ အဖွဲ့လိုက် သွားရောက်ကာ ထိုနေရာများသို့ တရက်တာ လည်ပတ်ကြသည်။ မွန်ဒေသရှိ ရေကစား မဏ္ဍပ် များတွင် မပါမဖြစ် အရာတခုကတော့ ဓနိပင်များ ဖြစ်သည်။

မဟာချိုင်ရောက် မိအိုင်းစွန်းက“ဒီမှာလည်း ရေကစားတာ ပျော်တယ်လို့ ပြောကြတယ်၊ ဒါပေမယ့် ကျမ အတွက်တော့ ဖြစ်နိုင်ရင် ရွာမှာပဲ ရှိနေချင်ပါတယ်၊ မွန်တွေအတွက် သင်္ကြန်အချိန်ဟာ မိဘဆွေမျိုးတွေနဲ့ အတူရှိရမယ့်အချိန်ပါ၊  နောက်နှစ် သင်္ကြန်အချိန် ရွာပြန်နိုင်ဖို့ ကျမကြိုးစားမှာပါ”ဟု ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်