ဝါရှင်တန်သွား တောလား

ချင်းမိုင်မြို့ အမေရိကန် ကောင်စစ်ဝန်ရုံးက သမ္မတသစ် အိုဘားမား၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တက်ရောက် သတင်းယူရန် မြန်မာ သတင်းထောက် တယောက်ကို ဖိတ်ကြားလိုသည်။ ထိုအချိန်တွင် ချင်းမိုင်မှ မြန်မာ သတင်းသမား အားလုံး ဂျာနယ်လစ် ချစ်ကြည်ရေး တွေ့ဆုံပွဲ ရလဒ်အဖြစ် အပြင်းအထန် ဒဏ်ရာရ၊ အနည်းဆုံး မျက်နှာတွင် အညိုအမည်း စွဲနေကြသည်။ ထို့ကြောင့် ချင်းမိုင်အခြေစိုက် ဒေဝါလီမဂ္ဂဇင်းက သတင်းထောက်များနှင့် နီးစပ်သည့် ရုက္ခစိုးကို ထောက်ခံချက် ပေးလိုက်သဖြင့် ရုက္ခစိုးကြီး ဝါရှင်တန်သို့ ရောက်သွားလေသည်။

ကျမ်းသစ္စာကျိန်ဆိုပွဲက ထုံးစံအတိုင်း လွှတ်တော် အဆောက်အဦးရှေ့တွင် ပြုလုပ်သည်။ ရေခဲသည်အထိ ချမ်းအေးသည့် ဝါရှင်တန်၏ ကြောက်မက်ဖွယ် ရာသီဥတုကို အန်တုပြီး ပရိသတ်က တဖွဲဖွဲရောက်လာရာ အာရုံတက်ပြီးချိန်တွင် လူပင်လယ်ကြီး ဖြစ်သွားလေသည်။

သန်းနှင့်ချီသော လူပင်လယ်ကြီးကို ကြည့်ပြီး ရုက္ခစိုး အံ့အား သင့်နေစဉ် မြန်မာဘာသာဖြင့် စကားပြောနေသံကို ကြားလိုက်ရသည်။ လူအုပ်ကြားထဲတွင် လက်ကိုင်ဖုန်း တလုံးဖြင့် အော်ကြီးဟစ်ကျယ် ပြောနေသူလူငယ်တဦးထံမှ ဖြစ်သည်။ ရုက္ခစိုးက သွားရောက် မိတ်ဆက်ရာ ထိုပုဂ္ဂိုလ်မှာ ထိုင်း မြန်မာ နယ်စပ်မှတဆင့် အမေရိကန် ပြည်ထောင်စုသို့ ရောက်လာသူဟု ဆိုသည်။ ရုက္ခစိုး ဝါရှင်တန်သို့ လာရောက်ရေးအတွက် ထောက်ခံချက်ပေးသူ အယ်ဒီတာ ကိုဂေါ်ကြီးနှင့်လည်း ရင်းရင်းနှီးနှီး သိကျွမ်းသည်ဟု ဆိုသည်။

လူငယ်။     ။ ကိုဂေါ်ကြီး နေကောင်းရဲ့လား၊ အရင်မိန်းမနဲ့ပဲလား၊ ဘာတွေ ထူးခြားသေးလဲ။

ရုက္ခစိုး။     ။ မထူးပါဘူးကွာ။ ဒါပေမယ့် ငါ့ကိုတော့ ခင်ဗျားကြီး ယူအက်စ်မှာ ခုန်ချမှာလား ဆိုပြီး သုံးလေးခါ မေးတယ်။ ငါလည်း သူမေးတာ နားလည်ချင် ယောင်ဆောင်ပြီး အခြေအနေအရပေါ့ကွာ လို့ ဖြေလိုက်တယ်။ ဘာလဲကွ ခုန်ချတယ်ဆိုတာ။

လူငယ်။     ။ ဟာ … ဦးရုက္ခစိုးကလည်း … ခုန်ချတယ်ဆိုတာ ပြည်တော်မပြန်ဘဲ ကိုယ်ရောက်နေတဲ့ နိုင်ငံတခုခုမှာ ဆက်နေတာမျိုးကို ပြောတာပါ။

ရုက္ခစိုး။     ။ ထပ်သရီး … ငါက ဘာကြောင့် မပြန်ရမှာလဲ၊ ငါဖြင့် ဒီနိုင်ငံက သစ်ပင်တွေကို မကြိုက်ပါဘူး၊ အရောင်က နီကြောင်ကြောင့်နဲ့။ ငါ့အပင် ငါပြန်နေမှာပါကွ။ ဒါနဲ့ မင်းကရော ဘာအလုပ်လုပ်သလဲ၊ သတင်းသမားပဲလား။

လူငယ်။     ။ သတင်းသမား ဟုတ်ပါဘူးဗျာ၊ ဘလော့ဂ်တခုတောင် မရှိသေးဘူး။ ကျနော်က ဆူရှီလိပ်ပါတယ်။

ဂျပန်အစားအစာ ဆူရှီ ဟူသည်မှာ ထမင်းနှင့် ငါးအစိမ်းကို ရောထားခြင်းဖြစ်သည်ဟု ပြောပြသောအခါ ရုက္ခစိုး မျက်လုံး ပြူးသွားသည်။ လက်စသတ်တော့ မောင်ရင်တို့ ဆူရှီသမားတွေဟာ ငါးစိမ်းသည်တွေပဲဟု မှတ်ချက် ပေးရန်ပြင်နေစဉ် ဆူရှီဆရာက မြန်မာပြည်သား အများအပြား တနိုင်တပိုင် ဆူရှီရောင်းကြကြောင်း၊ စားဝတ်နေရေး အဆင်ပြေကြောင်း ဆက်လက် ရှင်းပြသည်။

လူငယ်။     ။ အမေရိကန်ရောက် မြန်မာတွေကြားထဲမှာ ဆောင်ပုဒ်တခု ရှိတယ်ဗျ၊ ခေတ်မီသူတိုင်း ဆူရှီလိပ်ကြသည် တဲ့ဗျာ။ တချို့ မြန်မာပြည်သားတွေကတော့ ပြည်နယ်အတော်များများမှာ ဆိုင်ခွဲတွေရှိတဲ့ ကုမ္ပဏီကြီးတွေ ပိုင်တဲ့အထိ အောင်မြင်နေတယ်ဗျာ။  

ရုက္ခစိုး။     ။ (မျက်လုံးနှစ်လုံး ပြူးသည်ထက် ပြူးသွားသည်။) သြော် … ဒီက မြန်မာပြည်သားတွေ ငါးလုပ်ငန်းနဲ့ အကျိုးပေးသားပဲ။ မြန်မာပြည်မှာတော့ ငါးမင်းဆွေတယောက်ပဲ အဆင်ပြေနေတာလို့ ကြားဖူးတယ်။

ထို့နောက် ကျမ်းကျိန်ပွဲပြုလုပ်မည့် နေ့လယ် ၁၂ နာရီ နီးလာသဖြင့် ရုက္ခစိုးက ဆူရှီဆရာကို နှုတ်ဆက်ပြီး လမ်းခွဲလိုက်သည်။

ထိုအချိန်တွင် ရုက္ခစိုးတို့ သတင်းထောက်အုပ်စု၏ ခရီးစဉ်မန်နေဂျာက ရုက္ခစိုးထံ အမောတကော ရောက်လာသည်။ “ခင်ဗျားနဲ့ မစ္စတာ အိုဘားမားနဲ့ အင်တာဗျူးခွင့်ရအောင် ကျနော်တို့စီစဉ်ပေးမယ်။ လာ လိုက်ခဲ့”ဟု ဆိုလေသည်။

ဤသို့ဖြင့် ကျမ်းသစ္စာ ကျိန်ဆိုပွဲအပြီး ညနေပိုင်းတွင် ရုက္ခစိုးကြီးက သမ္မတအိုဘားမားနှင့် သီးခြား တွေ့ဆုံ မေးမြန်းခွင့် ခေတ္တခဏ ရခဲ့သည်။ ဘဲဥပုံရုံးခန်းထဲတွင် အိုဘားမားက ရုက္ခစိုးကြီးကို နွေးထွေးစွာ လက်ခံစကားပြောသည်။

ရုက္ခစိုး။     ။ တနေ့ကပဲ  ရန်ကုန်မှာရှိတဲ့ ထိတ်ထိတ်ကြဲ ဗေဒင်ဆရာတယောက်က သမ္မတကြီးအတွက် ဟောကိန်းတခု ထုတ်လိုက်သေးတယ်၊ သိဟ်ရာသီဖွားတွေက ခေါင်းဆောင် လုပ်ဖို့ မွေးလာတာ ဖြစ်တယ်၊ သမ္မတကြီးက သက်တမ်း နောက်တခုအတွက်တောင် အရွေးခံရဦးမယ် တဲ့။

အိုဘားမား။     ။ သြော် … ဟုတ်လား။ မြန်မာပြည်မှာ ဗေဒင်တွေ ဘာတွေကို သိပ်ယုံကြတာပဲလို့ စာအုပ်ထဲ ဖတ်ဖူးတယ်။ ပြောပါဦး ခင်ဗျားကရော ကျနော့် အနာဂတ်ကို ဘယ်လိုဟောကိန်းထုတ်မလဲ။

ရုက္ခစိုး။     ။ ကျနော်ကတော့ ဗေဒင် မဟောတတ်ဘူး။ ဒါပေမယ့် ခန့်မှန်းရမယ်ဆိုရင် အမေရိကမှာ စီးပွားရေး အကြီးအကျယ် ကျနေတယ်ဆိုတော့ သမ္မတကြီးက တပ်ပျက်မှာ ဗိုလ်လုပ်ရမယ့်သူတယောက်လို ဖြစ်နေတယ်။

အိုဘားမား။     ။ ကျနော့်ကို လုပ်ကြံမယ် ဆိုတဲ့ ခန့်မှန်းချက်တွေကိုရော ခင်ဗျား ဘယ်လို ထင်လဲ။

မစ္စတာဘုရှ်ကတော့ ဖိနပ်နဲ့ အပစ်ခံရတယ်။ သူ့လိုမျိုး လူမုန်းမများဘူးဆိုရင် ဒီလိုတိုက်ခိုက်တာမျိုးတွေ ခံရမှာ မဟုတ်ပါဘူးဟု ရုက္ခစိုးက ဖြေကြားရန် စိတ်ကူးခိုက် အိုဘားမားက မေးခွန်းတခု ထပ်မေးလိုက်သည်။

အိုဘားမား။     ။ ခင်ဗျားတို့ မြန်မာပြည်က ခေါင်းဆောင်တွေအကြောင်း ပြောပြပါဦး။

အိုဘားမားက သူ့ရှင်းပြချက်များကို စိတ်ဝင်စားဟန်ပြသောကြောင့် ရုက္ခစိုးကြီး အားတက်သွားသည်။

ရုက္ခစိုး။     ။ အင်း … မြန်မာပြည်ကို တပ်မတော်ခေါင်းဆောင်တွေ အုပ်ချုပ်နေတာ အနှစ် ၅ဝ ပြည့်တော့မယ်။ သူတို့ ခမျာ စစ်လည်း တိုက်ရတယ်၊ နိုင်ငံကိုလည်း အုပ်ချုပ်ရတယ်ဆိုတော့ အင်မတန် ပင်ပန်းကြပါတယ်။ ဒါကြောင့် နောက် ၂ နှစ်ဆိုရင် အရပ်သားတွေကိုလည်း အုပ်ချုပ်ရေးဘက်မှာ နေရာ ခွဲပေးဖို့ ခုကတည်းက ပြင်နေကြပါပြီ။ စစ်ဝတ်စုံချွတ်ပြီး တိုက်ပုံ လို့ခေါ်တဲ့ မြန်မာကုတ်အင်္ကျီ ဝတ်တော့မယ်ပေါ့ဗျာ။

အိုဘားမား။     ။ ဟုတ်ပြီ အဲဒီကိစ္စ … ကျနော် ဖတ်ဖူးတယ်။ စစ်သားတွေက လွှတ်တော်ထဲမှာ အယောက် ၁ဝဝ လောက် ဝင်ထိုင်မယ်။ အရပ်သား ၃ဝဝ လောက်လည်း ဝင်ထိုင်မယ် တဲ့။ ဟုတ်ပြီ … ဆက်ပါဦး။ ဘာတွေ အပြောင်းအလဲ ရှိလဲ။

ရုက္ခစိုး။     ။ ပြောင်းတာတွေက ဘာရှိမလဲ ဆိုတော့ အင်း … အောင်ဆန်းစုကြည်က သူ့အိမ်ထဲမှာပဲ ဘယ်မှ မပြောင်းဘူး။ အဲ … နာမည်တွေတော့ ပြောင်းတယ်။ နိုင်ငံနာမည်လည်း Burma ကနေ Myanmar ဖြစ်သွားတယ်။ မြို့နာမည် စာလုံးပေါင်းတွေလည်း ပြောင်းတယ်။ တော်တော်လေးကြာတော့ တပ်မတော်အစိုးရအဖွဲ့ နာမည်ပြောင်းတယ်။ အရင်တုန်းက SLORC ။ အခုတော့ SPDC ဖြစ်သွားပြီ။ သမ္မတကြီးတို့ဆီကပြောင်းတာတွေ ဘာဟုတ်သေးလို့လဲ။ မြန်မာပြည်မှာ မြို့တော်ကိုတောင် ပြောင်းလိုက်ပြီ။ အပြောင်းအလဲတွေက မြန်မာပြည်က စတာပါ။

အိုဘားမား။     ။ အပြောင်းအလဲက အတော်များပါလား။

ရုက္ခစိုး။     ။ ဒီလောက်ပြောင်းတာတောင် အားမရလို့ ဆိုပြီး အနောက်နိုင်ငံတွေက မြန်မာစစ်အစိုးရခေါင်းဆောင်တွေကို ပြည်ဝင်ခွင့်ပိတ်တာ၊ စီးပွားရေး ပိတ်တာ စသဖြင့် ပိတ်ဆို့၊ ဒဏ်ခတ်၊ အရေးယူပြီး ဖိအားပေးတယ်။ ဒါပေမယ့် တပ်မတော်ခေါင်းဆောင်တွေက ဂရုစိုက်ပုံမရဘူး။

အိုဘားမား။     ။ ဟာ … တော်တော် ခံနိုင်ရည်ရှိတဲ့သူတွေပါလား။ အင်း … စိတ်ဝင်စားစရာပဲ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အထက်လွှတ်တော်အမတ်တာဝန်ယူနေတုန်း ကျနော် မြန်မာပြည် အလည်သွားဖို့ စီစဉ်ခဲ့ဖူးတယ်။ ဗီဇာမရလို့ မသွားဖြစ်ဘူး။

ရုက္ခစိုး။     ။ သြော် … ဗီဇာမရဘူးလား။ ဗိုလ်ချုပ်တွေက အနောက်နိုင်ငံတွေကို သူတို့ ဝင်ခွင့်မရလို့ ပြန်လက်စားချေတာ ဖြစ်နိုင်တယ်။ သူတို့ကလည်း သမ္မတကြီးတို့ကို ပြန်ပိတ်တယ်ပေါ့ဗျာ။

အိုဘားမား။     ။ မဟုတ်ဘူး၊ ကျနော်က လွှတ်တော်အမတ် အနေနဲ့ ဗီဇာမလျှောက်ပါဘူး။ သာမန်ခရီးသည်တယောက် အနေနဲ့ လျှောက်တာပါ။

ရုက္ခစိုး။     ။ (တရားသူကြီး ပေါင်ချိန်ကဲ့သို့ မျက်မှောင်ကြုံ့လိုက်ပြီး) ဟာ … ဒီလိုဖြစ်ရပ်မျိုးရှိလား။

အိုဘားမား။     ။ ရှိပါ့ဗျာ။ ဒါနဲ့ ကျနော်လည်း ကောင်စစ်ဝန်ကို ဖုန်းဆက်ပြီးမေးတယ်၊ ဘာကြောင့် ကျနော့်ကို ဗီဇာ မပေးရသလဲ ပေါ့။

ရုက္ခစိုး။     ။ အဲဒီတော့ ကောင်စစ်ဝန်က ဘာပြောလဲ။

အိုဘားမား။     ။ သူပြောတာက အိုဘားမား ဆိုတဲ့ ကျနော့်နာမည်ကို အိုမြန်မာ လို့ ပြောင်းလိုက်မှ ဗီဇာပေးမယ် တဲ့။

အိုဘားမား၏ အဖြေကြောင့် ရုက္ခစိုးကြီးက “သြော် … တပ်မတော်အစိုးရက အပြောင်းအလဲ တယ်ကြိုက်ပါလားကွယ်” ဟု ဆိုပြီး ခွက်ထိုးခွက်လှန် ရယ်မောလိုက်လေသည်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်