ရုက္ခစိုး။ ။ ဟုတ်ပါ့မလား ဖိုးရှုပ်ရာ။ တော်ကြာ ငါတို့ ခါတိုင်းလိုပဲ ပြေးပေါက်မှားနေမှဖြင့်။
ဖိုးရှုပ်။ ။ အယ်ချုပ်ကတော့ မဟုတ်ဘဲ မပြောလောက်ပါဘူး ဦးရုက္ခစိုးရယ်။ သေချာလို့ ပြောတာပါ။
ကြွက်စုတ်။ ။ ဟုတ်၊ မဟုတ် သိချင်ရင် အလွယ်လေးပါကွာ။ ပြန်ကြားရေးဝန်ကြီး ဦးဆော်ကြမ်းကို မေးကြည့်ပေါ့။
ရုက္ခစိုး။ ။ မေးတာက ဟုတ်ပါပြီ။ မင်း ပြန်ကြာရေးဝန်ကြီးက ဂျပုလေး၊ ရှာရတာ တော်တော်ခက်မှာ။ နောက်ပြီး အစိုးရအသစ်ဆိုတော့ ဟိုဟာဖွင့်ပွဲ၊ ဒီဟာဖွင့်ပွဲတွေ အသစ်ပြန်လုပ်နေရတာနဲ့ အလုပ်ရှုပ်နေမယ် ထင်တယ်။
ကြွက်စုတ်။ ။ လွယ်ပါတယ်။ စာပေနဲ့ စာနယ်ဇင်းက ဦးဟိုလိုလို (ဒီလိုလို) ကို မေးပေါ့။ သူကတော့ သူ့ရုံးခန်းမှာ ရှိမှာပါ။
ဖိုးရှုပ်။ ။ သူ့လည်း တွေ့ဖို့မလွယ်ဘူးနော်။ သူ့ကိုတွေ့ချင်ရင် သူ့အတွင်းရေးမှူးကနေ တဆင့် ပြောရတာ။
ရုက္ခစိုး။ ။ သူက ဒီလောက် ကပ်စေးနည်းတာ အတွင်းရေးမှူး ထားပါ့မလားကွာ။
ဖိုးရှုပ်။ ။ တကယ့် အတွင်းရေးမှူးတော့ ဘယ်ဟုတ်ပါ့မလဲ ဦးရုက္ခစိုးရယ်။ လူအထင်ကြီးအောင် ဖုန်းလာရင် သူ့မိန်းမ ဖြစ်ဖြစ်၊ သူ့သမီးဖြစ်ဖြစ်ကို မရှိပါဘူးရှင်၊ အစည်းအဝေး သွားနေပါတယ်ရှင်၊ ဘယ်အချိန်ကျမှ ပြန်ဆက်ပါရှင်နဲ့ ခိုင်းထားတာပေါ့။
ထိုစဉ်သူတို့နား၌ စက်မှုဇုန်ထုတ် ကားတစင်း “ဝုန်း” ခနဲ လာရပ်လေသည် (ရိုးရိုးကားဆိုလျှင် “ကျွိ” ဟု အသံမြည်မည်ဖြစ်ပြီး စက်မှုဇုန်ထုတ်ကား ဖြစ်သောကြောင့် “ဝုန်း” ဟုမြည်ကာ ကားတွင်းတပ်ဆင်ထားသည့် ပစ္စည်းတခုခုပါ ပြုတ်ကျလေ့ရှိသည်)
ကားပေါ်မှအသားဖြူစပ်စပ်၊ မျက်မှန်တပ်ထားသည့် လူတဦးက “ဟိုင်း … ဦးရုက္ခစိုးတို့ပါလား။ ကျုပ်ကို သိကြလား။ ကျုပ်က ဂျားနဲလစ်စ် ဟိုလိုလို (ဒီလိုလို) ပါ။ ကြားဖူးမှာပေါ့။ အခုအစိုးရသစ် လက်ထက်မှာ မီဒီယာကော်နာ ဆိုတာကို စထွင်တာ ကျုပ်ပဲလေ” ဟု ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်သည်။
ဖိုးရှုပ်။ ။ ဟာ အခန့်သင့်လိုက်လေ … ဦးဟိုလိုလိုရယ်။ ကျနော်တို့က ပြန်ကြားရေးဝန်ကြီး ဦးဆော်ကြမ်းနဲ့ တွေ့ချင်လို့။ ဘယ်နားလိုက်ရှာရမှန်း မသိတာနဲ့။
ဟိုလိုလို။ ။ ဒါလေးများဗျာ။ ကျုပ်က ဂျားနဲလစ်စ် အချင်းချင်း ကူညီတတ်ပါတယ်။ ခဏနော်။
ဦးဟိုလိုလိုက ဖိုးရှုပ်ကို ခဏစောင့်ခိုင်းပြီး ခါးတွင်ချိတ်ထားသော ဟန်းဖုန်း ၅ လုံးထဲက တလုံးကို သေသပ်စွာ ဖြုတ်ကာ ဖုန်းခေါ်တော့သည်။
“ဟယ်လို … ဟဲလို … ဝန်ကြီးပါလားခင်ဗျာ။ ဟုတ်ကဲ့ ကျနော် ဟိုလိုလိုပါ။ ဟုတ်ကဲ့ … ဟုတ်ကဲ့။ ဒီမှာ ဝန်ကြီးကို တွေ့ချင်တဲ့ သူတွေ ရောက်နေလို့ပါ၊ ချင်းမိုင်ရုက္ခစိုးနဲ့ အဖွဲ့လေ ဝန်ကြီး။ ခင်ဗျာ … ဟုတ်ကဲ့ … ဟုတ်ကဲ့ … ခေါ်ခဲ့ပါ့မယ်။ စိတ်ချပါ ခင်ဗျာ” ဟု ပြောကာ ဖုန်းချပြီး ဦးရုက္ခစိုးတို့ ဘက်သို့ လှည့်၍ “ကဲ ကားပေါ်တက်ကြ” ဟု ခေါ်လေသည်။
ကြွက်စုတ်။ ။ ဖြစ်ပါ့မလားဗျာ။ ခင်ဗျားဟာက စက်မှုဇုန်ထုတ်ကားကြီး။ ကျနော်တို့ တော်ကြာ ချင်းမိုင် ပြန်မရောက်ဘဲ ဖြစ်နေဦးမယ်။
ဟိုလိုလို။ ။ ဖြစ်ပါတယ်ဗျ။ အခု အမတ်မင်းတွေကို ထုတ်ပေးတာလည်း ဒီကားမျိုးပဲ။ ကျုပ်တို့ စာနယ်ဇင်းလောကက ဒီကား ရတဲ့သူဆိုလို့ ကျုပ်နဲ့ ဒေါက်တာ တင်ထွန်းပြူးပဲ ရှိတယ်။ ရဲရဲသာစီး။
ကြောက်ကြောက်နှင့် ဦးဟိုလိုလို၏ ကားပေါ်တက်ထိုင်လိုက်ကြသည်။
ဖိုးရှုပ်။ ။ ကားက တော်တော် အသံမြည်တာပဲနော်။
ဟိုလိုလို။ ။ အဲဒါကြောင့် အမတ်မင်းတွေကို ထုတ်ပေးထားတာပေါ့။ ဒီကားစီးသွားရင် သူတို့ ဘယ်နားမှာ ရှိနေတယ်ဆိုတာ ဂျီပီအက်စ် တပ်ထားစရာမလိုဘဲ သိအောင်လို့ပါ ...။ ဒါနိုင်ငံတော်ရဲ့ စေတနာတွေပေါ့။
တဝုန်းဝုန်းနှင့် မောင်းနှင်သွားသော ဇုန်ထုတ် ကားကြီးပေါ်တွင် ဆန်ကောထဲ ထည့်အလှိမ့်ခံရသည့် ဆီးဖြူသီးများကဲ့သို့ တလှုပ်လှုပ်နှင့် လိုက်ပါသွားပြီးနောက်ဆုံး၌ ဝန်ကြီး ဦးဆော်ကြမ်းရှိရာ “သုတအမှိုက်ပုံ စာပေဆုချီးမြှင့်ပွဲ” အခမ်းအနားသို့ ရောက်သွား လေတော့၏။
ဆော်ကြမ်း။ ။ ဘာကိစ္စလဲဗျာ … ပြောစရာရှိ မြန်မြန်ပြောပါ။ ကျုပ် စာအုပ် အလကားပေးပွဲမှာ လက်မှတ်သွားထိုးရဦးမယ်။
ကြွက်စုတ်။ ။ ဝန်ကြီးက မင်းသားလည်း မဟုတ်၊ အဆိုတော်လည်း မဟုတ်ဘဲ ဝတ္ထုရေးတယ်လား။
ဆော်ကြမ်း။ ။ မဟုတ်ပါဘူး။ အခု နိုင်ငံတော်က ထုတ်တဲ့ “ချိုကုပ်ဒူးကြီးလက်ထက် နိုင်ငံတော် ပျက်စီးမှု ၂၀၁၀” ဆိုတဲ့ စာအုပ် အလကားပေးပွဲမှာ ပြန်ကြားရေး ဝန်ကြီးအနေနဲ့ လက်မှတ်သွားထိုးပေးရမှာ။
ရုက္ခစိုး။ ။ စာအုပ်ရောင်းပွဲပဲ ကြားဖူးပါတယ်။
ဟိုလိုလို။ ။ ဟာ … ဒီလို တန်ဖိုးရှိတဲ့ စာအုပ်ကို ရောင်းလို့ ဘယ်သူက ဝယ်နိုင်မှာလဲ။ အဲဒါကြောင့် အလကားပေးတာ။
ဖိုးရှုပ်။ ။ ဒါဆို ငရုပ်သီးမှုန့်သည်တို့ ပဲမှုန့်သည်တို့ လာယူမှာပေါ့နော်။ ဦးဆော်ကြမ်းကလည်းဗျာ … သတင်းစာနဲ့တင် သူတို့အတွက် လုံလောက်နေပါပြီ။
ဆော်ကြမ်း။ ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့အနေနဲ့ … ကြွပ်ကြွပ်အိတ် စက်ရုံတွေလည်း ပိတ်ပြီဆိုတော့ကာ … ဟာ … ယောင်ကုန်ပါပြီ ... ဦးဟိုလိုလို ပြောချင်တာက ဒီစာအုပ်ဟာ တန်ဖိုးအားဖြင့် သိန်း၊ သန်းချီတန်တယ်။ ဒီတော့ လူတွေ ဝယ်နိုင်မှာမဟုတ်ဘူး။ နိုင်ငံတော်က လူတွေကို ဖတ်စေချင်တော့ အလကား ဝေပေးမယ် အဲဒါကို ပြောတာ ... ကဲ ကဲ … ဘာကိစ္စလဲ ... မေးတော့ဗျာ။
ရုက္ခစိုး။ ။ မြန်မာနိုင်ငံမှာ စာနယ်ဇင်း လွတ်လပ်ခွင့် ရှိနေပြီလို့ ကြားလို့ … အဲဒါ ဟုတ်သလားလို့ပါ။
ဟိုလိုလို။ ။ ဒါများဗျာ။ ဝန်ကြီးဆီတောင် သွားစရာမလိုဘူး။ ကျုပ်က လက်တွေ့ တပတ်ကို ဂျာနယ် နှစ်စောင် ထုတ်နေတဲ့ သူပဲဟာ။ ကျုပ်ကို မေးရောပေါ့။ မြန်မာပြည်မှာ အရမ်းအရမ်းကို လွတ်လပ်နေပြီ။ ခေတ်ကြီးက ပြောင်းနေပြီဗျ။ သမ္မတကြီး ကလည်း စတုတ္ထမဏ္ဍိုင် ဘယ်လို အရေးပါတယ်ဆိုတာ မိန့်ခွန်းထဲ ထည့်ပြောသွားတာ သိတယ် မဟုတ်လား။
ဆော်ကြမ်း။ ။ ပြောပြလိုက်စမ်းဗျာ … ဘယ်လို စာနယ်ဇင်း လွတ်လပ်ခွင့် ရှိနေလဲ ဆိုတာ။ ဒီမိုကရေစီ နိုင်ငံတော်ကြီးလေ။
ဖိုးရှုပ်။ ။ ဟာ … ဒါဆို ဂျာနယ်တွေ စိစစ်ရေး မတင်ရတော့ဘူးပေါ့ ဟုတ်လား။
ဆော်ကြမ်း။ ။ ဒါတော့ ဘယ်ရမလဲ … မတင်ရင် အနည်းဆုံး နှစ်ပတ်ကနေ အများဆုံး တသက် နားလိုက်မှာပေါ့။ ဒီမိုကရေစီ ဆိုပေမယ့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဗျ။
ကြွက်စုတ်။ ။ သြော် … ဒါဆိုသိပြီ … နေ့စဉ်သတင်းစာတွေ ထုတ်လို့ရပြီပေါ့။
ဆော်ကြမ်း။ ။ ဒါလား … ရပြီလေ မသိဘူးလား။ အစိုးရရယ်၊ စစ်တပ်ရယ် ထုတ်နေတာပဲလေ။
ဟိုလိုလို။ ။ ဟိုဒင်း … ကျနော်တို့က အခုမရသေးပေမယ့် နောက် ရမှာပေါ့ နော် ဝန်ကြီး … ဟုတ်တယ်နော်။
ဆော်ကြမ်း။ ။ ဒါပေါ့ … ဒါပေါ့ … အခု စမ်းသပ်တဲ့အနေနဲ့ စစ်တပ်သတင်းစာ ပေးထုတ်ထားတယ်လေ။ နောက်ကျရင် ပုဂ္ဂလိက သတင်းစာတွေ … အဲ … ရချင်လည်း ရမှာပေါ့။
ရုက္ခစိုး။ ။ နောက်တော့ဆိုတာ ဘယ်တော့ပါလိမ့်။
ဆော်ကြမ်း။ ။ နောက်တော့ ဆိုတာ နောက်တော့ပေါ့ဗျာ။ နောက်များမှပေါ့။ ထုတ်ချင်တဲ့ ဦးဟိုလိုလိုတို့တောင် ဘာမှ မပြောဘူး။ ဦးရုက္ခစိုးက ဘာဖြစ်နေတာလဲ။
ဟိုလိုလို။ ။ ဟုတ်သားပဲ … ဦးရုက္ခစိုးကလည်း။
ကြွက်စုတ်။ ။ ထားပါတော့လေ … ဒါဆို အနည်းဆုံးတော့ ဖမ်းထားတဲ့ မီဒီယာသမားတွေ ပြန်လွှတ်မယ်ထင်တယ်နော်။
ဆော်ကြမ်း။ ။ အာ … ဒါက ကျုပ်နဲ့ မဆိုင်ဘူးလေ။ ကျုပ်က ဖမ်းတဲ့အလုပ်တခါမှ မလုပ်ဘူး။ အဲဒီတော့ ပြန်လွှတ်တဲ့ အလုပ်လည်း မလုပ်ဘူး။ အဲဒါတွေက အရေးမကြီးပါဘူးဗျာ။ အရေးကြီးတာက ကျုပ်ခွင့်ပြုထားတဲ့ မီဒီယာ ကော်နာ့စ် ဆိုတာ ဘယ်လိုလဲ။ အဆင်ပြေကြတယ်မဟုတ်လား ဦးဟိုလိုလို။
ဟိုလိုလို။ ။ ပြေပါတယ် ပြေပါတယ်။ ဝန်ကြီး လိုအပ်သည်များကို မှာစားခဲ့တဲ့ နေ့က ပြောခဲ့တဲ့ အတိုင်းပါပဲ။ အားလုံး စီမံဆောင်ရွက်ထား ပါတယ်။
ဖိုးရှုပ်။ ။ မီဒီယာကော်နာ့စ် ဆိုတာ ဘာလဲဗျ။
ဟိုလိုလို။ ။ (ဖိုးရှုပ်ကို တုံးရန်ကောဆိုသည့် အကြည့်ဖြင့် ကြည့်၍) ဒီလိုလေဗျာ။ အရင်က ဂျာနယ်တွေကို လမ်းထောင့်မှာ ဗန်းနဲ့ ထည့်ရောင်းတယ်မဟုတ်လား။ အခု ဗန်းနဲ့ ထည့်မရောင်းဘဲ ရုံလေးတွေ လုပ်ပြီး ရောင်းတာကို ပြောတာ။
ရုက္ခစိုး။ ။ ဒါဆို လက်ပွေ့ရောင်းတဲ့ သူတွေကျတော့ကော။
ဟိုလိုလို။ ။ သူတို့ကိုတော့ အဆင့်မြင့်မြင့် ဖြစ်သွားအောင် မီဒီယာမိုဘိုင်း ဆိုပြီး နာမည်ပေးထားပါတယ်။ ဟဲဟဲ။ မိုက်တယ်နော်။
ကြွက်စုတ်။ ။ သြော် လတ်စသတ်တော့ ဒီလိုကိုး။ ကျနော်က မသိပါဘူး မြန်မာ့သတင်းတွေကို အချိန်နဲ့ တပြေးညီ လွှင့်ပေး နေတာတို့၊ CNN တို့ BBC တို့ကို ကော်နာတိုင်းမှာ လွှင့်ပေးနေတာတို့ … အဲဒါမျိုးအောက်မေ့လို့။
ဆော်ကြမ်း။ ။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီပါဆို ...။ အချိန်နဲ့ တပြေးညီ လွှင့်မှတော့ စည်းပျက်ကမ်းပျက် ဖြစ်ကုန်တော့မှာပေါ့ဗျ။ ခင်ဗျားပြောတဲ့ CNN ဆိုတာကိုလည်း ကျုပ်တို့က မမြင်သင့်တာ မမြင်ရအောင် တည်းဖြတ် သုတ်သင်ပြီးမှ ပြည်သူကို ချပြတာဗျ။ BBC တို့ RFA တို့ DVB တို့ကတော့ လိမ်နေသည်၊ ညာနေသည်၊ ဘာဖြစ်နေသည်၊ ညာဖြစ်နေသည်ဆိုတော့ ပြည်သူကို မကြည့်ဖို့ဘဲ တိုက်တွန်းထားတယ်။
ရုက္ခစိုး။ ။ (ဖိုးရှုပ်နားသို့ ကပ်၍) ဖိုးရှုပ်ရေ … မင်းတော့ ထုံးစံအတိုင်း တခုခုတော့ လွဲပြီထင်တယ်။ ဒီပုံနဲ့ မင်းရဲ့ ဒေဝါလီမဂ္ဂဇင်း ရန်ကုန်မှာ လာဖွင့်ရင် တကယ်ပဲ ဒေဝါလီ ခံသွားရမှာပေါ့ကွ။
ထိုစဉ် ဖိုးရှုပ်၏ ဖုန်းမြည်လာလေသည်။ ဖိုးရှုပ်က သူ့ဖုန်းကို စပီကာပါ ဖွင့်ထားသဖြင့် အားလုံး ကြားနေရသည်။
ဖိုးရှုပ်။ ။ ဟာ အယ်ချုပ် … ဘယ်လိုလဲဗျ။ အယ်ချုပ်ပြောတော့ မြန်မာပြည်မှာ မီဒီယာ လွတ်လပ်ခွင့် အပြည့်အဝ ရပြီဆို။
အယ်ချုပ်။ ။ (အိပ်ချင်မူးတူး အသံဖြင့်) ငါမပြောပါဘူး။ နေစမ်းပါဦး … မင်းက ဘယ်ရောက်နေတာလဲ။
ဖိုးရှုပ်။ ။ ကျနော် ရန်ကုန်မှာလေ။ အယ်ချုပ်ပဲ ရန်ကုန်မှာ မီဒီယာကော်နာ့စ် … အယ်ဟုတ်ပါဘူး … ဒေဝါလီ မဂ္ဂဇင်းတိုက် ထောင်မယ်ဆိုလို့ ရှေ့ပြေးလာကြည့်နေတာ။ ဦးရုက္ခစိုးတောင်ပါသေး။
အယ်ချုပ်။ ။ ဟာ … အဲဒါ ငါအိပ်မက်မက်ပြီး ယောင်နေတာဟ … အမြန်ပြန်ခဲ့။
ဟိုလိုလို။ ။ ဒေဝါလီ မဂ္ဂဇင်း ရန်ကုန်မှာ ဖွင့်မလို့လား … ကြိုဆိုပါတယ်ဗျာ။
ဆော်ကြမ်း။ ။ (ဦးဟိုလိုလိုကို မျက်စောင်းထိုးရင်း) ပထမဆုံး မှတ်ပုံတင် လျှောက်ရမယ် … အနည်းဆုံး ၃ နှစ်ကြာမယ်။ မကြာချင်ရင်တော့ နည်းတွေရှိပါတယ်။ ဒါကတော့ ဂျာနယ် ဆင်အီးယိုတွေကို မေးပေါ့။ ဒီနာမည်နဲ့တော့ ကျဖို့မသေချာဘူး။ နာမည် ပြောင်းရမယ်။ ဥပမာ - ရင်ထဲက ဒေဝါလီတို့၊ ချစ်သူ့ဒေဝါလီတို့ … အဲဒီလိုမျိုးပေါ့။ နာမည်ကျရင် စထုတ်နိုင်ပြီ။ မထုတ်ခင် ခံဝန် ထိုးရမယ်။ ဟိုဟာ မထည့်ပါဘူး၊ ဒီဟာ မဖော်ပြပါဘူး၊ ဖော်မိ ပြမိပါက အရေးယူပါ၊ မဖော် မပြဘဲလည်း ဝန်ကြီး စိတ်ထဲမှာ မသိုးမသန့်ဖြစ်ရင် အရေးယူခံပါမည်။ ဂျာနယ်မထုတ်ခင် စိစစ်ရေး တပတ်ကြိုတင်ပါ။ ဖြုတ်ချင်တာ မှန်သမျှကို ဖြုတ်မယ် … အဲဒါတွေကို ဖြုတ်ဖြစ်အောင် ဖြုတ်ပါ။ မဖြုတ်ရင် အရေးယူမယ် ...။ ပြီးတော့ တိုက်ပါ ပိတ်မယ် ...။ ကံမကောင်းရင် ထောင်ချမယ် ...။
ဝန်ကြီးဦးဆော်ကြမ်းက မျက်စိမှိတ်၍ တရစပ် ရွတ်နေစဉ် ဦးရုက္ခစိုးနှင့် ဖိုးရှုပ်၊ ကြွက်စုတ်တို့မှာ ထိုနေရာမှ အမြန်ဆုံး ထွက်ခွာခဲ့ကြလေတော့ သတည်း။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။
< Prev | Next > |
---|