စစ်အစိုးရနှင့်အတူ လိမ်ညာမှု

အဆင့်မြင့် ရဲအရာရှိကြီး တဦးဖြစ်သည့် ဗိုလ်မှူးချုပ်မြင့်သိန်းက ယခင်အပတ်အတွင်း သတင်းထောက်များနှင့် သံအရာရှိများ ကို ဖိတ်ကြား၍ စစ်အစိုးရက စိတ်စေတနာ ကောင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရန်ရည်ရွယ်ချက် ရှိခဲ့ကြောင်း၊ သို့သော်လည်း မလိုလားအပ်သည့် အမေရိကန်လူမျိုး ဂျွန် ၀ီလျံ ယက်ထောကိစ္စ ကြားဖြတ်ဝင်လာသည့် အတွက်ကြောင့် ဤရည်ရွယ်ချက်ကို ပျက်လိုပျက်စီး ဖြစ်စေခဲ့ကြောင်း ယုံကြည်အောင် နားချရန် ကြိုးပမ်းခဲ့သည်။

"အခုတည်ဆဲဥပဒေအရ စိတ်မကောင်းစွာပဲ ကျနော်တို့ မလွှဲမရှောင်သာ တရားစွဲဆိုခဲ့ရပါတယ်"ဟု သူက ထုတ်ဖော်ပြော ခဲ့သည်။

စဉ်းစားဉာဏ်ရှိသူတိုင်းက ဗိုလ်မှူးချုပ်မြင့်သိန်း၏ ယုံတန်းစကားကို လက်မခံနိုင်ကြပါ။ ယခုပြောကြားချက်က ဂျာမန်နာဇီ အာဏာရှင် အဒေါ့ဖ် ဟစ်တလာပြောခဲ့သည့် နာမည်ကျော်စကားတခုနှင့်ပင် တူနေသေးတော့သည်။

"လိမ်ရင် ကြီးကြီး လိမ်၊ ရိုးရှင်းနေအောင်လုပ်၊ အဲဒါကိုပဲ ထပ်ခါတလဲလဲပြော၊ နောက်ဆုံးမှာ လူတွေ လက်ခံယုံကြည် လာကြလိမ့်မယ်"ဟု အာဏာရှင်လက်ဟောင်းကြီးက ဆိုခဲ့ဖူးသည်။

ရဲအရာရှိကြီး မြင့်သိန်းက ယခုလို ထွက်၍ ဖြေရှင်းခဲ့သည့်နေ့တွင်ပင် တိုက်တိုက်ဆိုင်ဆိုင် ဟနွိုင်တွင် ၂ ရက်ကြာ ကျင်းပ သော အာရှနှင့် ဥရောပသမဂ္ဂမှ နိုင်ငံ ခြားရေးဝန်ကြီးများ၊ မြန်မာနိုင်ငံ၏ အစဉ်အလာအရ မဟာမိတ်ဖြစ်ခဲ့သူ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများ အသင်းမှ ၀န်ကြီးများ အစည်းအဝေးမှ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသား များကို ပြန်လွှတ်ပေးရေး ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုခဲ့သည်။

မည်သို့ပင်ဖြစ်စေ အာဆီယံအဖွဲ့၏ မျက်နှာပန်းလှစေရန် ဤသို့ကြိုးပမ်းဆောင်ရွက်မှုမျိုးနောက်တွင် မြန်မာစစ်အစိုးရက ပုန်းခို၍ တကြိမ်ပြီးတကြိမ် ဆက်လက်လိမ်ညာ နေနိုင်သေးသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်း စုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနိုင်ရသော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်နေခဲ့သည့် အချိန်မှစ၍ ယခုတိုင် လိမ်ညာလာခဲ့ခြင်း ဖြစ်သည်။ သူတို့၏ အရှက်ကိုအဖတ်ဆယ်ပေးမည့် မိတ်ဆွေအစိုးရများနှင့် တသီး ပုဂ္ဂလများ ရှိနေကြသည်ကိုလည်း စစ်အစိုးရက ကောင်းကောင်းသိထားပါသည်။

သာဓကအားဖြင့် လွန်ခဲ့သည့်အပတ်က ဥရောပသမဂ္ဂနှင့် တရုတ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ချက်နိုင်ငံ ပရာဟာမြို့၌ ကျင်းပသည့် အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ ၀န်ကြီးချုပ် ၀မ်ကြားပေါင်က "အရေးကြီးတာကတော့ တဦးနဲ့တဦး အပြန် အလှန်လေးစားရေးမူကို ကိုင်စွဲပြီး တဦးရဲ့ပြည်တွင်းရေးကိစ္စကို အခြားတနိုင်ငံက မ၀င်ရောက် မစွက်ဖက်ဖို့ လိုပါတယ်" ဟု ပြောခဲ့သည်။ ၀န်ကြီးချုပ်ဝမ်က ဥရောပသမဂ္ဂအနေနှင့် "ယခုသီးခြားဖြစ်ရပ်ကြောင့် နှစ်နိုင်ငံချင်းဆက်ဆံရေးကိစ္စများ မထိခိုက်ရလေအောင် သတိထားပါရန်" ပြောကြားခဲ့သေးသည်။

အံ့သြဖွယ်မဟုတ်ပါ။ အကြောင်းမှာ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့များအား အဟန့်အတားမရှိ ရယူခွင့်ရထားသော စီးပွား ရေးသဘောတူညီချက်များကို ငဲ့ညှာ၍ တရုတ်နိုင်ငံက "ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေး" အတွက် စစ်အစိုးရ အပေါ် ပြုထားသည့် ကတိက၀တ်ကို သူက "လေးစား" ပြနေခြင်းပင် ဖြစ်သည်။ စစ်အစိုးရက ငြိမ်းချမ်းစွာဆန္ဒပြသူ ၃၀ ကျော်ကို ပစ်သတ်ခဲ့သည့်တိုင်၊ လူပေါင်း ၁,၀၀၀ ကျော်ကို ထောင်သွင်း အကျဉ်းချခဲ့သည့်တိုင် တရုတ်နိုင်ငံက ဆက်လက် လေးစားနေလိမ့်ဦးမည် ဖြစ်သည်။

အနောက်ဘက်နယ်စပ်တွင်လည်း မြန်မာစစ်အစိုးရက အိန္ဒိယနိုင်ငံမှ အလားတူလေးစားမှုမျိုးရနေသေးသည်။ မြန်မာ နိုင်ငံ ၏ သဘာဝဓာတ်ငွေ့သိုက်များကိစ္စတွင် နေပြည်တော်ရှိစစ်အစိုးရ ငြိုငြင်သွားမည်ကို အိန္ဒိယနိုင်ငံက စိုးရိမ်ပူပန်နေသည်။

အိန္ဒိယနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံပံ့ပိုးပေးခဲ့ပြီးမှ နောက်ပိုင်း ဘက်ပြောင်း၍ ရပ်တည်လာခဲ့သည်မှာ ယခုတိုင် ဖြစ်သည်။ အိန္ဒိယနိုင်ငံက ၁၉၉၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နာမည်ကျော် ဂျဝါဟာလာ နေရူးဆု ပေးအပ်ချီးမြှင့်ခဲ့သည်အထိ အားပေးထောက်ခံခဲ့ဖူးသည်မှာ ယခုတော့ သမိုင်းဖြစ်ခဲ့ ချေပြီ။

အိန္ဒိယနှင့် တရုတ်နိုင်ငံနယ်စပ်များကို ဖြတ်ကျော်၍ ပြင်ပကမ္ဘာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုလို မတရား ပြုမူနေသည့်ကိစ္စနှင့် ပတ်သက်ပြီး လျစ်လျူရှုနိုင်သူများကိုလည်း တွေ့နေကြရပြန်သည်။ အချို့သော မြန်မာ့အရေးလေ့လာ သူများ က ဒေါ်အောင်ဆန်းစုကြည်ကို ခုံရုံးတင်တရားစွဲဆိုသောကိစ္စနှင့် စစ်အစိုးရအပေါ် စီးပွားဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်း ရေးကိစ္စကို မည်သို့သော ဆင်ခြေမျိုးနှင့်မသိ၊ ချိတ်ဆက်ပြောဆိုနေကြပြန်သည်။

ဥရောပသမဂ္ဂနိုင်ငံများက မြန်မာစစ်အစိုးရကို ပို၍ပြင်းထန်စွာ ဒဏ်ခတ်အရေးယူ ဖိအားပေးခဲ့သည့်အပေါ် သမိုင်းပညာ ရှင်တဦးဖြစ်သူနှင့် ယခင်ကုလသမဂ္ဂ အရာရှိဟောင်းဖြစ်သူ ဦးသန့်မြင့်ဦးက ဗြိတိန်နိုင်ငံထုတ် ဒေးလီး တယ်လီဂရပ် (Daily Telegraph) သတင်းစာသို့ ပြောကြားခဲ့ရာတွင် "ဒေါ်အောင်ဆန်းစုကြည်ကို (မြန်မာစစ်အစိုးရက) ခုံရုံးတင် တရားစွဲ ဆိုခဲ့ သည့်အပေါ် တုံ့ပြန်မှုအနေနှင့် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်သူများအတွက် အလွန်အမင်းလိုအပ်နေသော လူသားချင်း စာနာမှုဆိုင်ရာ ရန်ပုံငွေများကို ကန့်သတ်ရန် ကြိုးပမ်းချက်များသည် ရှက်ဖွယ်ဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူထောင်ပေါင်း များစွာ သေကြေကြရဖွယ်ရှိကြောင်း" ပြောဆိုခဲ့သည်။

ယခင် ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးဟောင်းဖြစ်သူနှင့် ယခု မြန်မာကွန်ရက်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဒဲရက် တိုကင် (Derrk Tokin) ကလည်း"ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏အဖော် ၂ ဦးဖြစ် သူ ဒေါ်ခင်ခင်ဝင်းနှင့် သူ၏သမီးဒေါ်ဝင်းမမကို ရုံးတင်တရားစွဲဆိုမှုနှင့် ပတ်သက်၍ တကမ္ဘာလုံးက အမျက်ဒေါသဖြစ်ကြရ သည်။ စိတ်ပျက်ကြရသည်။ သို့သော်လည်း ဤအချက်ကြောင့် လွန်ခဲ့သည့်အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့ သော ဒဏ်ခတ်ပိတ်ဆို့မှုများသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအပါအ၀င် အခြေအနေတခုလုံးအတွက် မည်သို့မျှ အာနိ သင် မရှိခဲ့ကြောင်း မျက်ကွယ်ပြုမထားသင့် ပေ။ အမှန်တွင် ဤဒဏ်ခတ်မှုများကြောင့် အခြေအနေ ပို၍ပင်ဆိုးရွားခဲ့ရသည်"ဟု ၎င်း၏ ထုတ်ပြန်ချက်တခုတွင် ရေးသား ထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆို ဖမ်းဆီးမှုကြောင့်ဖြင့် မြန်မာပြည်သူများ မျက်စိပိတ်နားပိတ် ဖြစ်မသွားပါ။ သို့ သော်လည်း ငြင်းပယ်မရနိုင်သောအချက်မှာ မြန်မာပြည်သူများကို ဆင်းရဲတွင်းနက်ရလေစေရန် လုံးဝလျစ်လျူရှုထားပြီး ရာဇ၀တ်သား ဆန်ဆန်ပြုကျင့် နေသည့် စစ်အစိုးရကြောင့်သာ မျက်စိပိတ် နားပိတ် ဖြစ်နေရခြင်းဖြစ်သည်။ ဤစစ်အစိုးရ သည်ပင် ဧရာဝတီတိုင်းတခုလုံး ရေနစ်မြုပ်နေစဉ် သွားရောက်ကူညီကြသည့် စေတနာ့ဝန်ထမ်းများကို ထောင်ချရဲသူ ဖြစ် သည်။ သို့ဖြင့်ယခု အချိန်တွင် မြန်မာနိုင်ငံ၏ အကျဉ်းထောင်များအတွင်း၌ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် ကျခံနေ ကြရဆဲ ဖြစ်သည်။

အကယ်၍ စစ်အစိုးရက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်များတွင် အင်အားစုအားလုံး ပါဝင်ဆောင် ရွက်ခွင့်ပေးပါက ဒဏ်ခတ်ပိတ်ဆို့နေမှုများ ရုပ်သိမ်းလိမ့်မည်ဟု မျှော်လင့်ရသော်လည်း အမှန်တွင် ဤသို့ ပြစ်ဒဏ်ခတ်မှု များကြောင့် မြန်မာပြည်သူများ ဆင်းရဲမွဲနေကြရခြင်း မဟုတ်ပါ။ အမှန်တကယ် အပြစ်တင်သင့်သည်မှာ စစ်အစိုးရတွင်သာ လုံးဝတာဝန် ရှိပါသည်။ ၎င်း၏ အမျှော်အမြင်မရှိမှုနှင့် လွဲချော်သော စီမံခန့်ခွဲမှုကြောင့်၊ ထို့ထက်ပို၍ ဆိုရသော် လူအများ အပေါ်ကြင်နာသနားစိတ် လုံးဝ မရှိသောကြောင့် ယခုကဲ့သို့ ဒုက္ခတွင်းနက်နေကြရခြင်းဖြစ်သည်။

ယခုတိုင် တချို့သောအစိုးရများနှင့် တချို့ပုဂ္ဂိုလ်များက မြန်မာစစ်အာဏာပိုင်များကို ခုခံပြောဆိုပေးနေကြသည်မှာ ရှက် ဖွယ် လိလိ ဖြစ်ပါသည်။ သူတို့က စစ်အစိုးရ လိမ်သမျှကို မဆင်မခြင် လက်ခံယုံကြည်နေကြဆဲ ဖြစ်သည်။ တိုင်းပြည်ကို အုပ်ချုပ်နေသည့် စစ်ဗိုလ်ချုပ်ကြီးများနှင့် သူတို့၏အပေါင်းအပါ အကျိုးထူးခံစားနေကြရသူများ၊ အခွင့်အရေးသမားများနှင့် အိမ်နီးချင်း နိုင်ငံများမှ စီးပွားဖက်များကြောင့် လွန်ခဲ့သည့် နှစ် ၂၀ ကာလအတွင်း မြန်မာပြည်သူများ အထူးတလည် နစ်နာ ခံစားခဲ့ကြရပြီး ဖြစ်သည်။ ထိုသူများအားလုံးက နိုင်ငံ၏ သဘာဝအရင်းအမြစ်များကို အမြတ်ထုတ်ခဲ့ကြသည်။ ဤအချက် ကို ငြင်းပယ် နေမှုများအားလုံးသည် အရိုးရှင်းဆုံး ပြောရလျှင် လိမ်ညာမုသားများသာ ဖြစ်ပါကြောင်း။

ရဲနည် ရေးသားသော Challenging the Regime’s ‘Big Lie’ ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်