ဗိုလ်ချုပ်များ ဒေါသထွက်နေကြလေပြီ

တရားစွဲဆို ခုံရုံးတင်ခံနေရဆဲ ကာလ၌ပင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ချုပ်နှောင်ထားသည့် အာဏာလက်စောင်း ထက်လှပါသည် ဆိုသော စစ်ဗိုလ်ချုပ်များကို ပို၍ ဒေါသ ထွက်လာစေရေန် ၊ ပို၍ ခါးသီးမုန်းတီးစရာ ဖြစ်လာစေရန် လုပ်နိုင်သည့် အစွမ်းရှိနေသေးသည်။

ယခုအခါ စစ်ဗိုလ်ချုပ်ကြီးများက ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကြောင့်သာမဟုတ်၊ အိမ်နီးချင်းထိုင်းနိုင်ငံအပေါ် လည်း အမျက်ထွက်နေကြပေပြီ။ ယခုအခါ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ယူထားရသူ ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုနေသည့်ကိစ္စ၊ ချုပ်နှောင်ထားသည့်ကိစ္စများအပေါ် မျှတစွာဝေဖန်သော ကြေညာချက်ထုတ်ခဲ့သည့်အပေါ် ဗိုလ်ချုပ်များက မခံမရပ်နိုင် ဖြစ်နေကြခြင်း ဖြစ်သည်။

စင်္ကာပူ၊ ထိုင်းနိုင်ငံနှင့် ရုရှားနိုင်ငံများမှ သံအမတ်ကြီးများနှင့် လွန်ခဲ့သည့်အပတ်က အင်းစိန်ထောင်ဝင်းအတွင်း ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုခဲ့ရာ၌ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ သံအမတ်ကြီးကို နောင် လာမည့်တနေ့တွင် အာဆီယံ အဖွဲ့နှင့် လက်တွဲလုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောခဲ့သည်။

ဤသို့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးခဲ့ခြင်းအပေါ် မြန်မာဗိုလ်ချုပ်များက မည်သို့ အဓိပ္ပာယ်ဖွင့်ကြမည်နည်း။

ဒေသဆိုင်ရာအဖွဲ့နှင့် အလုပ်ပူးတွဲ လုပ်ကိုင်မည်ဆိုခြင်းသည် ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်တယောက်ဖြစ် လာမည်၊ သို့မဟုတ် မြန်မာအစိုးရတွင်းမှ အရာရှိကြီးတဦး ဖြစ်လာမည်ဟု ဆိုခြင်းပေလော။ အာဏာကိစ္စနှင့် ပတ်သက်လာ လျှင် အကဲဆတ်ကြသူ ဗိုလ်ချုပ်ကြီးများအတွက် ယခုပြောဆိုချက်မျှကိုပင် အာခံသည့်စကားဟု မှတ်ယူကြပေလိမ့်မည်။ သူတို့၏အာဏာကို စိန်ခေါ်မှုအဖြစ် မြင်ကြပေလိမ့်မည်။

သူတို့က ဤကဲ့သို့ပင် စဉ်းစား၍နေနိုင်သည်။ "ကြည့်ပါဦး၊ အခုလို ဥပဒေကိုချိုးဖောက်ထားတဲ့ တရားခံ တဦးက ဒီစကားမျိုး ပြောရဲလေတယ်၊ အခု တရားခွင်မှာ ရင်ဆိုင်ပေတော့" ဟု ဆိုနိုင်သည်။

ရန်ကုန်အခြေစိုက် သံအရာရှိများကို နှစ်ကြိမ်မျှ တရားခွင်တွင် လေ့လာခွင့်ပြုခဲ့သည်ပင် နောက်ဆုံး သူတို့အတွက် အကျိုး ယုတ်စရာ ဖြစ်စေခဲ့သည်။ စစ်အစိုးရက တဘက်တွင် ပွင့်လင်းစွာလုပ်ဆောင်နေပါသည်ဟု မြင် စေလိုပြီး၊ ဥပဒေကြောင်း အရ မှန်မှန်ကန်ကန် ဆောင်ရွက်နေသည်ဟုလည်း အသွင်ပေါက်စေလိုသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ပေးလာသည့် အခြေအနေကိုပင် နိုင်ငံရေးစင်မြင့်အဖြစ် အသုံးချခဲ့သည်။ အသက် ၆၃ နှစ် အရွယ်ရှိ ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင်က သံအရာရှိများကို ပြောဆိုခဲ့ရာတွင် "အကယ်၍ သက်ဆိုင်ရာ အဖွဲ့ အစည်းအသီးသီးကသာ ဆန္ဒရှိကြမယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်" ဟု ပြောခဲ့ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

စင်္ကာပူသံအမတ်ကြီးက ဒေါ်စုနှင့် အင်းစိန်ထောင်အတွင်း တွေ့ဆုံခွင့်ရခဲ့သူများတွင် တဦး အပါအ၀င်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က "ယခုလို ကံမကောင်းအကြောင်းမလှ၍ ဖြစ်ရသည့် ဖြစ်ရပ်မှနေ၍ ရလဒ်ကောင်းတခုခု ထွက်ပေါ်လာစေရန် အချိန်မနှောင်းသေးကြောင်း" သူ၏အမြင်ကို ပြောခဲ့သေးသည်။ အမေရိကန် နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထောက အင်းလျား ကန်ကို ဖြတ်၍ သူ့နေအိမ်အတွင်း ခိုးဝင်ခဲ့သည့်ကိစ္စအပြီး ယခုကဲ့သို့ တရားစွဲဆိုခံရသည့်အပေါ် ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။ စစ်အစိုးရဘက်ကတော့ ဤကိစ္စအပေါ် ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားသည့် ကန့်သတ်ချက်များအား ချိုးဖောက် ကျူးလွန်သည်ဟု စွဲဆိုနေပါသည်။

ဒေါသအမျက်သိုနေကြသည့် မြန်မာဗိုလ်ချုပ်ကြီးများက မေလ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်သော ထိုင်းနိုင်ငံ၏ ထုတ်ပြန် ကြေညာချက်ကိုလည်း ငြင်းဆို ပယ်ချခဲ့ကြ သည်။

သူတို့က"အလှည့်ကျ ဥက္ကဌ အဖြစ် ထိုင်းနိုင်ငံက ထုတ်ပြန်ကြေညာချက်သည် အာဆီယံပဋိညာဉ်စာတမ်းပါ မူဝါဒများမှ သွေဖည်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရာကျ ကြောင်း"ဟု ပြောဆို ပယ်ချခဲ့ကြသည်။

အကယ်၍ ကြေညာချက်ထုတ်မည်ဆိုပါက အာဆီယံအဖွဲ့အနေနှင့် ထိပ်သီး အရာရှိကြီးများ အစည်းအဝေးတွင် မူကြမ်း ရေးသားရမည်၊ နိုင်ငံခြားရေးဝန်ကြီးများအဆင့်မှ အတည်ပြုစေရန် တင်ပြရမည်ဟု မြန်မာစစ်အစိုးရက ဆိုခဲ့သည်။

အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီမှု ရရှိပါမှ ထုတ်ပြန်ကြေညာချက် ထုတ်ရမည်ဟုဆိုသည်။ "ထိုင်းနိုင်ငံအနေနှင့် ယခု လို ဆွေးနွေးခွင့်မပေးခဲ့၊ ထုတ်ပြန်ကြေညာချက် ထုတ်ပြီးသည့်အခါမှသာ နိုင်ငံခြားရေးဝန်ကြီးများကို အသိပေးခဲ့သည်" ဟု စွပ်စွဲထားသည်။

သေချာသည်မှာ ဗိုလ်ချုပ်ကြီးများက မည်သူ့အပေါ်မဆို၊ မည်သည့်နိုင်ငံအပေါ်မဆို ဒေါသထွက်နေသည်မှာ သေချာပါ သည်။ ယခုဖြစ်ရပ်မှာ အာဏာကို မလွှတ်တမ်း ချုပ်ကိုင်ထားလိုသည့် သူတို့၏ စိတ္တဇကို စိန်ခေါ်ထိခိုက်နေပါသည်။      

ဖြစ်နိုင်သည်မှာ ဗိုလ်ချုပ်များက မေလ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး၊ တရားစွဲဆိုခဲ့စဉ်က အကျိုးဆက် အနေနှင့် ဖြစ်ပေါ်လာမည့် နိုင်ငံတကာ မိသားစု၏ အမျက်ဒေါသနှင့် ဖိအားများကို လျှော့ပေါ့တွက်ဆ ထားပုံလည်း ရပါ သည်။

ယခု တရားခွင်ကြောင့် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူမှုသက်တမ်း ထပ်မံတိုးခဲ့ပြန်သည်။ ပို၍ အားဖြည့် ဆောင်ရွက်လာဖွယ်လည်း ရှိနေသေးသည်။ ယခု မူဝါဒပြန်လည်သုံးသပ်နေပါသည်ဆိုသော ကာလအပြီးတွင် ပို၍ တင်းမာ လာဖွယ်လည်း ရှိနေပါသည်။

အလားတူပင် မေလ ၂၂ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့သည့် အပေါ်နှင့် လက်ရှိ ပိတ်ဆို့နေသည့် နိုင်ငံရေးအခြေအနေအပေါ် စိုးရိမ်ကြောင်း ထုတ်ပြန်ကြေညာလာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၃ နှစ်တန်သည်၊ ၅ နှစ်တန်သည် ထောင်ချလိမ့်မည်ဟု ယူဆသည်။ ယခင်က ကဲ့သို့ အိမ် အကျယ်ချုပ်ဖြစ်စေ၊ ထောင်တွင်း၌ဖြစ်စေ ဆက်လက်ချုပ်နှောင်ထားလိမ့်ဦးမည် ဖြစ်သည်။ ဤအဆိုးလမ်း နှစ် သွယ်ထဲ တွင် အကောင်းဆုံး အခြေအနေမှာ ဆင်းရဲဒုက္ခပြွမ်းလှသော နာမည်ဆိုးဖြင့်ကျော်ကြားသည့် အင်းစိန်ထောင်အထဲ အချုပ် နှောင်ခံရသည်ထက်စာလျှင် အိမ်အချုပ်ကမှ တော်သေးသည်ဟု ဆိုရပါလိမ့်မည်။

မည်သို့ပင်ဖြစ်စေ၊ စစ်ဗိုလ်ချုပ်များက ဒေါ်အောင်ဆန်းစုကြည်ကို လူထုမြင်ကွင်းမှ ပျောက်ကွယ်နေစေရန် လုပ် ဆောင် လိုပြီး၊ အထူးသဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးထဲမပါနိုင်ရန် လုပ်ထားလိုကြသည်။

ဗိုလ်ချုပ်ကြီးများက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒေါသထွက်နေကြသည်။ ထိုင်းနိုင်ငံကို ဒေါသထွက်နေသည်။  ၀င်ရောက်စွက်ဖက်လာသည့် နိုင်ငံတကာ မိသားစုကို ဒေါသထွက်နေသည်။ ဒေါသဖြစ်ပြီးရင်း ဖြစ်နေသည်။

ယခုအခါ ဖြစ်လာသောမေးခွန်းမှာ ဒေါသထွက်နေကြသော ဗိုလ်ချုပ်ကြီးများကို မည်သူက ကြောက်လန့်နေပါသနည်း။ သူတို့ကို နိုင်ငံတကာက မည်သို့ ဆက်ဆံကြမည်နည်းဟူသော မေးခွန်းပင် ဖြစ်ပါတော့သည်။

ကျော်စွာမိုးရေးသားသည့် The Generals are Angry ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်