ဘန်ကီမွန်း၏ ဗလာဗျူဟာ ခရီးစဉ်

ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံမှ လက်ဗလာနှင့် ပြန်ထွက်သွား ရသည်ကို စိတ်ပျက် အားလျော့စရာဟု မထင်သင့် သကဲ့သို့ အံ့သြစရာလည်း မဟုတ်ပါ။ အဘယ်ကြောင့် ဆိုသော် သူသွားစဉ်ကတည်းက လက်ဗလာနှင့် သွားခဲ့သောကြောင့်ပင်။

မစ္စတာဘန်ကီမွန်းကတော့ သူ့အတွက် ခက်ခဲလှသည့် ဤ မြန်မာပြည်ခရီးစဉ်မှ ရလဒ်ကောင်းတခုခု ပြန်ရ ခဲ့လိမ့်မည်ဟု မျှော်လင့်ခဲ့ပုံရသည်။ သို့သော် သူမျှော်လင့်သကဲ့သို့ ဖြစ်မလာသောကြောင့်လည်း “အလွန်စိတ်ပျက်မိပါတယ်” ဟု ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံတွင် စကားလုံးများမှလွဲ၍ ပြတ်သားပြီး နအဖ ကို ဖိအားပေးနိုင်သည့် မည် သည့် မူဝါဒလက်နက်မှ တပ်ဆင် မလာခဲ့သည်ကို နေပြည်တော်မှ မြန်မာစစ်ဗိုလ်ချုပ်များက ကြိုတင်သိနေခဲ့ကြသည်။ အထိန်းအသိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်တောင်းခဲ့စဉ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အများသိခဲ့သည့် အတိုင်း ခေါင်းခါငြင်းဆန်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်အား လွှတ်ပေးရေး ဟူသည့် မစ္စတာ ဘန်ကီမွန်း၏ မူလရည်ရွယ်ရင်း ကိစ္စမှာ အစကတည်းက မရှုမလှကျဆုံးကိန်းကြုံရတော့မည်ဟု သိခဲ့ ကြသည်။

ကုလ အထွေထွေ အတွင်းရေမှူးချုပ်၏ တောင်းဆိုချက်ကို ဂရုမစိုက်ဘဲ ငြင်းပယ်လိုက်ခြင်းသည် စစ်ဗိုလ်ချုပ်များ အကြောက်ရွံ့ဆုံး ဖြစ်သည့် စစ်ရေးအရ ၀င်ရောက်တိုက်ခိုက်သည့် အနေအထား ဖြစ်ပေါ်မလာနိုင်သည်ကို အခိုင်အမာ ယုံကြည် ထားသောကြောင့် ဖြစ်သည်။

နေပြည်တော်မှ ဗိုလ်ချုပ်ကြီးများက စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုများ ဖြစ်လာနိုင်သည်ကို တွက်ထားခဲ့ကြပြီး ဖြစ်သော်လည်း ထိုအချက်ကို ဂရုမစိုက်ကြ။

မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံမှ ပြန်သွားသည်နှင့်တပြိုင်နက် ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက နိုင်ငံတကာ အသိုင်းအဝန်း အနေနှင့် မြန်မာစစ်အစိုးရအပေါ် တခဲနက် ပြင်းပြင်းထန်ထန် တုံ့ပြန်ကြရန် ပြင်ဆင်ထားပြီးဖြစ်သည်ဟု လည်း ဆိုခဲ့သည်။

စစ်ဗိုလ်ချုပ်ကြီးများ အနေနှင့် “အဲဒီတော့ ဘာဖြစ်လာမှာလဲ၊ အရေးစိုက်စရာလား” ဟု တွေးနေပေလိမ့်မည်။ စီးပွားရေး ပိတ်ဆို့မှုက မြန်မာစစ်အစိုးရကို တိုက်ရိုက် မခြိမ်းခြောက်နိုင်ပါ။ အိမ်နီးချင်း နိုင်ငံများကို သဘာဝဓာတ်ငွေ့ ရောင်းချရာမှ ရရှိလာသော ၀င်ငွေများဖြင့် သူတို့၏ ကြွယ်ဝချမ်းသာမှုကို ဆက်လက် ထိန်းထားနိုင်သောကြောင့် ဖြစ်သည်။
 
မည်သို့ဆိုစေ မြန်မာစစ်အစိုးရသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) ကိုတော့ ကြောက်ရွံ့ကောင်း ကြောက်ရွံ့ နိုင်သည်ဟု တချို့သောဝေဖန်သုံးသပ်သူများက ဆိုကြပါသည်။ လာမည့်သြဂုတ်လ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဗြိတိန်နိုင်ငံက ဥက္ကဋ္ဌတာဝန်ယူရ သည့်အခါ မြန်မာ့အရေးကို သေသေချာချာ တင်ပြဆွေးနွေးလာဖွယ်ရှိပါသည်။ စက်တင်ဘာလတွင်တော့ အမေရိကန်ပြည်ထောင်စုက လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ တာဝန်ကို ဆက်၍ယူရလိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပ ပေးရေး ဆိုသည့် အချက် ၃ ချက်ကို UNSC တွင် တင်ပြ တောင်းဆိုခဲ့ပြီးဖြစ်သည်။ ထို့ပြင် မြန်မာစစ်အစိုးရအနေနှင့် အခွင့်အရေးကောင်းတခုကို လက်လွတ်ဆုံးရှုံးခဲ့ပြီ ဖြစ်သောကြောင့် စိတ်ပျက်မိကြောင်းလည်း ထပ်မံပြောဆိုခဲ့သည်။

မြန်မာစစ်အစိုးရအနေနှင့် လုံခြုံရေးကောင်စီတွင် ပြဿနာကြုံခဲ့လျှင်လည်း မှုစရာမရှိပါ။ တရုတ်နှင့် ရုရှားနိုင်ငံတို့က ဗီတိုအာဏာသုံး ကာကွယ်ပေးမှုကို ယခင်အတိုင်း ရယူနိုင်လိမ့်ဦးမည် ဖြစ်သည်။ ဤအနေအထားက လတ်တလော ပြောင်းလဲသွားဖွယ် မရှိသေးပါ။

ထိုဖြစ်ရပ်များအတွက် မစ္စတာ ဘန်ကီမွန်းတဦးတည်းကိုသာ အပစ်မဆိုသင့်ပါ။ မြန်မာပြည်အရေးနှင့် ပတ်သက်လာလျှင် ကမ္ဘာ့ နိုင်ငံအသီးသီးက သဘောထားခြင်း မတူညီဘဲ အမျိုးမျိုး ကွဲပြားနေကြသည်။ ထိုအချက်ကို စစ်အစိုးရက သိရှိကာ အမြတ်ထုတ်နိုင်ခဲ့ကြသည်။ မြန်မာပြည်သူများ သည်လည်း မအုံကြွနိုင်လောက်အောင် အဖိနှိပ်ခံနေရဆဲ ဖြစ်သည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ၏ မတူညီသော သဘောထားအမြင်များကို ညီညီညွတ်ညွတ်နှင့် တသံတည်း ထွက်လာရန် စုစည်းနိုင်မှသာ ကုလသမဂ္ဂအဖွဲ့က ၎င်း၏ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အထူးကိုယ်စားလှယ်များ လိုအပ်သည့် နည်းလမ်းကောင်းနှင့်၊ သံတမန်လက်နက်များ တပ်ဆင်ပေးနိုင်လိမ့်မည် ဖြစ်သည်။ သို့မှသာ စစ်အစိုးရကို ပြုပြင်ပြောင်းလဲမှုများ လုပ်လာစေရေးအတွက် တွန်းအားပေးလာနိုင်မည်ဖြစ်သည်။

ထိုအခါကျမှသာ ကုလသမဂ္ဂ သံတမန်များ အနေနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ပြန်လည် လွတ်မြောက်လာစေရေးအတွက် ကြိုးပမ်းနိုင်မည်ဖြစ်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ပထမအဆင့်ကို ခရီးဆက်နိုင်ကြလိမ့်မည် ဖြစ်သည်။

အဆိုပါ အခြေအနေမျိုး မရောက်လာသရွေ့ ဒေါ်အောင်ဆန်းစုကြည်သည်လည်း အချုပ်အနှောင်အတွင်း ဆက်လက် နေထိုင်နေရဖွယ် ရှိနေပြီး ကံဆိုးလျှင် ထောင်ပင်ကျသွား နိုင်ပါသည်။ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်သည်လည်း မြန်မာနိုင်ငံ စစ်တပ်အကျဉ်း စခန်းများ၏ သံတံခါးကြီးများ နောက်တွင် ဆက်လက် ချုပ်နှောင်ခံနေကြရဦးမည် ဖြစ်သည်။ ထို့ပြင် အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စသည်လည်း အိပ်မက်သဖွယ် ဖြစ်နေပါလိမ့်မည်။

ကုလအကြီးအကဲ မစ္စတာ ဘန်ကီမွန်းနှင့် အတိတ်က ကုလသမဂ္ဂ သံအရာရှိများအား စစ်ဗိုလ်ချုပ်များက ဆက်ဆံ ပြုမူခဲ့ပုံကို မြင်ရသည်မှာ “တခါ အလိမ်ခံရလျှင် သူ့အပြစ်၊ နှစ်ခါအလိမ်ခံရတော့ ကိုယ့် အပြစ်” ဆိုသည့် ဆိုရိုးစကားကို သတိရစေပါသည်။ ထိုစကားပုံက အကြိမ်ကြိမ် အခါခါ မှန်နေသလို ဖြစ်နေသည်။

အကယ်၍ ကုလသမဂ္ဂက နောက်တကြိမ် မြန်မာနိုင်ငံအရေး ဖြေရှင်းဆောင်ရွက်ရန် ကိုယ်စားလှယ်များ ထပ်မံ စေလွှတ် ဦးမည် ဆိုလျှင် မစ္စတာဘန်ကီမွန်းကဲ့သို့ လက်ချည်းသက်သက် သွားမည်ဆိုပါက နောက်ထပ်တခါ အချည်းနှီး လက်ချည်းသက်သက် ပြန်လည် ဆုတ်ခွာခဲ့ရဦးမည် ဖြစ်သည်။

ကျော်စွာမိုးရေးသားသည့် Empty-handed UN Missions to Burma Can’t Succeed ကို ဆီလျော်အောင် ပြန်ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်