“အနီးကပ် ဆက်ဆံမှု” ဝါဒကို အပြုသဘောအရ ဝေဖန်ခြင်း

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်တဲ့မူဝါဒကို လက်မခံတော့တဲ့ အတိုက်အခံ တဦးအနေနဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ကျနော်တို့ နိုင်ငံကို လူသိရှင်ကြား သွားရောက်ခဲ့တာကို ကြိုဆိုပါတယ်။

ကျနော်ကိုယ်နှိုက်ကလည်း လက်ရှိစစ်အစိုးရနဲ့ “အနီးကပ် ဆက်ဆံမှု” မူဝါဒ (သို့) ဗျူဟာကို သက္ကရာဇ် ၂၀၀၃ ကတည်းက ကြိုးစားကြည့်ပါတယ်။ အောင်မြင်တယ်၊ ဆုံးရှုံးတယ် ဆိုတာတော့ မေးခွန်းသတ်သတ် ထုတ်ရမှာပါ။

Track II ခေါ် “လိုင်စင်မဲ့ သံတမန်လုပ်ခြင်း” ဆိုတဲ့ တွေ့ဆုံဆွေးနွေးမှုများကို စစ်အစိုးရနဲ့ ကျနော် ပြုလုပ်ခဲ့ဖူးပါတယ်။ အောင်မြင်မှုမရှိပါ။ ကျနော့် ကြိုးစားမှု မအောင်မြင်ပေမယ့် “အနီးကပ် တွေ့ဆုံဆက်ဆံမှု” မူဝါဒလမ်းစဉ်ဟာ စနစ်တကျ ကြိုးစားမယ်၊ ကြံစည်မယ်ဆိုရင် နိုင်ငံရေး ဗျူဟာတခုအနေနဲ့ အောင်မြင်မှု၊ ထိရောက်မှု အလားအလာတွေ ရှိပါတယ်။ ဒီလိုကြိုးစားတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်က အတိုက်အခံ လှုပ်ရှားမှု၊ တိုင်းရင်းသားများရဲ့ နိုင်ငံရေး၊ စစ်ရေး ကြံ့ကြံ့ခံ တော်လှန်မှုများကို အားသစ်လောင်းတဲ့ အသွင်ဆောင်ပြီး ၎င်းတို့ အင်အားကို ချိနဲ့စေတာ မျိုးတော့ မဖြစ်သင့်ပါဘူး။

အထူးသဖြင့် မြန်မာ့နိုင်ငံရေးကို ရှေ့တလှမ်းတိုးဖို့နဲ့ ပြည်သူတရပ်လုံးရဲ့ စားဝတ်နေရေးကို ကူညီဖြေရှင်းဖို့ ကိစ္စရပ်ကြီး (၂) ခုမှာ အမေရိကန် နိုင်ငံရဲ့ စစ်အစိုးရနဲ့ “အနီးကပ်ဆက်ဆံရေး” ဗျူဟာ ထိရောက်စေရေးအတွက် ထည့်သွင်း စဉ်းစားရမယ့် အချက်တွေ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး နောက်ခံသမိုင်း / မဟာဗျူဟာ ကျကျ စဉ်းစားသုံးသပ်မှု၊ လက်ရှိ ဖြစ်ပျက် နေတဲ့ မြန်မာပြည်ရဲ့ ပြဿနာရပ်များကို လေးလေးနက်နက် ထည့်သွင်းစဉ်းစားမှုတွေရှိဖို့ လိုပါတယ်။ ယခု ကျနော် ထောက်ပြမယ့် အချက်အလက်များကို မြန်မာပဲဖြစ်ဖြစ် နိုင်ငံခြားသားပဲ ဖြစ်ဖြစ် မြန်မာ့အရေး သုံးသပ်သူ အများစုအနေနဲ့ လူထုကြား ချပြပြီး ဆွေးနွေးတာ မရှိသေးပါဘူး။

စစ်အစိုးရနဲ့ “အနီးကပ်ဆက်ဆံမှု” ဝါဒကို ထောက်ခံ တိုက်တွန်းနေကြတဲ့ မြန်မာ့အရေး စာရေးသူများ၊ သုံးသပ်ဝေဖန် သူများ၊ ပညာရှင်များကြားမှာ မိမိကိုယ်မိမိ ဆင်ဆာလုပ်မှုဟာ ပလိပ်ရောဂါတခုလို ပြန့်ပွားနေပါတယ်။ တချို့က စစ်အစိုးရ ရဲ့ နှိပ်ကွပ်မှု ခံရမှာစိုးတာကြောင့် ကလောင်နဲ့လျှာ ဘရိတ်အုပ်သလို တချို့ကျပြန်တော့ ပြည်ဝင်ဗီဇာ မရမှာကြောက်လို့ မြန်မာ့ရေးရာမှာ အရေးကြီးတဲ့ အချက်တွေအပေါ် တေမိဇာတ်ခင်းနေကြတာ တွေ့ရပါတယ်။

ဒါတင်ပဲလား … မဟုတ်ပါဘူးခင်ဗျား။ “အနီးကပ်ထိတွေ့ဆက်ဆံမှု” ဝါဒ မိတ်ဆွေကြီးများဟာ တချို့ဆိုရင် ရင်တွေ သိပ်ခုန်ပြီး တရားဟောဆရာတပိုင်း နိဗ္ဗာန်ဆော်တပိုင်း ဘဝကို ကူးပြောင်းပြီး ငါ့စကားနွားရ ရေးကြ ပြောကြ ဟောကြတာ အလျှံအပယ်ပါပဲ။

ကျနော်ကတော့ “အနီးကပ်ထိတွေ့ဆက်ဆံမှု”ကို ပါးစပ်ပြောတင်မက ကိုယ်တိုင်ကိုယ်ကျ ယုံယုံကြည်ကြည် လုပ်ကြည့် ခဲ့ပါတယ်။ ငါးနှစ်အရွယ် ကျနော့် သမီးကို သူ့မိခင် အမေရိကန်သူ လက်ထဲ အပ်ထားခဲ့၊ လူအများတပ်မက်တဲ့ အမေရိကား မှာ အမြဲနေထိုင်ခွင့်ပြုတဲ့ နိုင်ငံရေးခိုလှုံခွင့်ကို လိုလိုလားလား ပြန်အပ်ခဲ့ပြီးမှ ပြည်တော် ပြန်ခဲ့တာပါ။

ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ အဖွဲ့နဲ့ရော သူတို့အဖွဲ့ကို ဖြုတ်ပစ်လိုက်တဲ့ စစ်ခေါင်းဆောင်များနဲ့ပါ နားလည်မှု တည်ဆောက်ရေး ကိစ္စများပါမက အနှစ်သာရပါတဲ့ လုပ်ငန်းတွေကိုပါလုပ်ဖို့ ကျနော့်ဘက်က စေတနာမှန်စွာ စိတ်သန့်ရှင်းစွာ ကြိုးစားကြည့် ပါတယ်။ ဆယ်စုနှစ်တခုနီးနီးပေါ့လေ။

စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုကို ဆက်ထောက်ခံတဲ့ အတိုက်အခံများနဲ့ မြန်မာ့အရေး လုပ်စားတဲ့ နိုင်ငံရေး NGO များအနေ နဲ့ အသိခေါက်ခက် ဖြစ်နေတဲ့ အကြောင်းအရာ တခုရှိပါတယ်။ အဲဒါကတော့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ထိုင်းနိုင်ငံများဟာ မြန်မာပြည်မှာရှိတဲ့ သူတို့အကျိုးစီးပွားတွေကို လျစ်လျူရှုပြီး အတိုက်အခံတွေ ဝိုင်းတောင်းတဲ့ ပိတ်ဆို့မှု၊ ဖိအားပေးမှုတွေကို လုပ်ဖို့ အလားအလာ မရှိဘူးဆိုတာပါပဲ။

အလားတူပဲ “အနီးကပ်ထိတွေ့ဆက်ဆံရေး” နိုင်ငံရေး အခါတော်ပေး ကြီးများ ကျပြန်တော့လည်း မြန်မာစစ်အစိုးရဟာ ဘယ်အတိုက်အခံ နိုင်ငံရေးအင်အားစု၊ ပါတီနဲ့မှ အဓိပ္ပာယ်ရှိတဲ့ ရင်ကြားစေ့မှု၊ သင်ပုန်းချေမှုလုပ်ဖို့ လုံးဝ ဆန္ဒမရှိဘူးဆိုတဲ့ အချက်ကို လျစ်လျူရှုပြီး မျက်ကန်းတောတိုး ဇာတ်ခင်းနေကြတယ်ခင်ဗျား။

စစ်အစိုးရဟာ ဘာနဲ့တူသလဲဆိုရင် ငါးမျှားချိတ်လွတ်အောင် ငါးစာကို လှည့်ပတ်စားနိုင်တဲ့ ငါးလည်တကောင်နဲ့ တူလာ တယ်ဆိုတာ အားလုံးက သတိမူဖို့ လိုပါတယ်။

အနောက်အုပ်စုရဲ့ “အနီးကပ်ထိတွေ့ဆက်ဆံမှု” ဗျူဟာ၊ ဝါဒသစ်ဟာ မြန်မာအတိုက်အခံများ ကျားကုပ်ကျားခဲ တွန်းနေတဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ် ပြောင်းလဲမှုများကို ထိရောက်စွာကူပြီး တွန်းနိုင်ဖို့လိုပါတယ်။ အင်အားကြီး အရင်းရှင်နိုင်ငံ ဖြစ် လာတဲ့ တရုတ်ရဲ့သြဇာ ကျယ်ပြန့်လာမှုကို ပိတ်ဆို့ဖို့ဆိုတဲ့ အမေရိကန်နဲ့ ဗျူဟာအမြင် တခုတည်းနဲ့တော့ အမေရိကန်ရဲ့ “အနီးကပ်ထိတွေ့ဆက်ဆံမှု” ဗျူဟာဟာ မြန်မာ့ဒီမိုကရေစီ အရေးအတွက် အထောက်အမဖြစ်ဖို့ အလားအလာ မရှိပါဘူး။

တရုတ်သြဇာကြီးလာတာကို စိုးရိမ်မိတာနဲ့ အမေရိကန် ပြန်ဝင်လာမယ့်မူဝါဒမျိုးဟာ မကြာခင်အချိန်မှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်နဲ့ တိုင်းရင်းသား လူမျိုးစုများရဲ့ ဖိနှိပ်ခံဘဝတွေကို အပေါ်ယံမူဝါဒ သဘော လောက် (သို့မဟုတ်) ကန်ရဲ့ အကျိုးစီးပွားအတွက် ဆူးငြောင့်ခလုတ်တွေပဲလို့ စဉ်းစားသုံးသပ်မှုမျိုးတွေ ပေါ်လာမှာပါ။ အမေရိကန်တွေ ဒီလိုတွေး ဒီလိုကြံပြီး ဒီလမ်းလျှောက်တော့မယ် ဆိုရင် တခြား အနောက်နိုင်ငံတွေလဲ ကန်နောက်က တကောက်ကောက် ပါလာမှာပါ။

မတူညီတဲ့ အကျိုးစီးပွား၊ သဘောထား အမြင်တွေအပေါ်မှာ အခြေခံတဲ့ ပဋိပက္ခတွေ ပေါ်လာမယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ခုတောင် ပဋိပက္ခရဲ့ အရိပ်အယောင်တွေကို စမြင်ရပါပြီ။
ဗိုလ်ချုပ်ကြီးများက လွှတ်တော်အမတ် ဝက်ဘ်ရဲ့ မြန်မာပြည် အရေးကြီး ခရီးစဉ်ကို “အောင်မြင်မှုကြီးတရပ်”လို့ ခရုသင်းမှုတ်ပြီး တိုင်းသိပြည်သိ ကမ္ဘာသိ အော်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အနေအထားက အမေရိကန် အစိုးရ ၊ စစ်အစိုးရနဲ့ ကိုးလိုးကန့်လန့် ဖြစ်လာနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်အပေါ်ထားတဲ့ သဘောထားနဲ့ သုံးသပ်ချက်ဟာ လာလည်တဲ့ အမတ် ဝက်ဘ် နဲ့ သူ့နိုင်ငံ အစိုးရရဲ့ တရုတ်ပြည်ပေါ်အမြင်နဲ့ လုံးဝမတူတာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံကို “မိတ်ဆွေအိမ်နီးချင်း”လို့ မြင်ကြောင်း ပြောတယ်။ အမတ်ဝက်ဘ်က တရုတ်ဟာ ရန်မူလာနိုင်တဲ့ အင်အားကြီး နိုင်ငံလို့ သဘောထားပါတယ်။

ဒီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံအပေါ် သုံးသပ်မှုနဲ့ “အနီးကပ်ထိတွေ့ဆက်ဆံရေး” ဝါဒသစ်ကို တွန်းနေတဲ့ တခြား အထင်ကရ မြန်မာတချို့ရဲ့ အမြင်တွေဟာ ပြဒါးတလမ်း သံတလမ်း ဖြစ်နေကြပါတယ်။

ဥပမာပေးရမယ်ဆိုရင် ကွယ်လွန်သူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ မြေးဖြစ်သူ သန့်မြင့်ဦးဟာ အမေရိကန်နိုင်ငံရဲ့ “အနီးကပ်ထိတွေ့ဆက်ဆံမှု” ဝါဒ မသုံးဘူးဆိုရင် ၅၅ သန်းရှိ မြန်မာပြည်သူတွေဟာ တရုတ်လူမျိုး ၁.၃ ဘီလီယံရဲ့ကိုလိုနီအသွင်ဆန်တဲ့ ဘဝကိုရောက်ဖို့ အလားအလာများလာပြီလို့ သြဂုတ်လ (၁၆) ရက်ထုတ် Washington Post ပါ သူ့ရဲ့ဆောင်းပါးထဲမှာ သတိပေးရေးသားထားတာ တွေ့ရပါတယ်။

ဝါရှင်တန်ရဲ့ တရုတ်ကွန်မြူနစ်ကို ဟန့်တားထိန်းချုပ်မှု မူဝါဒကို ကောင်းကောင်း အမြတ်ထုတ် နိုင်ခဲ့တဲ့ စစ်အာဏာရှင် နေဝင်းအစိုးရ လက်အောက်မှာ (၂၆) နှစ်လုံးလုံး နေလာခဲ့တဲ့ ကျနော့်အဖို့ ဒီလေသံသစ်တွေဟာ စိတ်ပူစရာပါပဲ။

“အချုပ်အခြာ အာဏာပိုင်လို့ မူအရ ပြောရင်ရတဲ့ မြန်မာပြည်သူလူထု” ဟာ ဝါရှင်တန်နဲ့ ဗမာစစ်အစိုးရရဲ့ ဗျူဟာ တန်းညှိတဲ့ ကိစ္စမှာ ပေါချောင်ကောင်း ဘဝနဲ့ ရောင်းစားခံရဖို့ အလားအလာ ရှိပါတယ်။ ကျနော့်အနေနဲ့ အခြေအမြစ်မရှိတဲ့ စကားပြောတာ မဟုတ်ပါဘူး။ အနောက်နိုင်ငံတွေ မှာ မြန်မာ့ရေးရာ မူဝါဒများကို ကျနော်ကိုယ်တိုင် ခရေစေ့တွင်းကျ ဝင်တွန်း ဝင်လုပ်ခဲ့ဖူးတော့ မြန်မာ့ဒီမိုကရေစီအရေးတို့ လူ့အခွင့်အရေး မြှင့်တင်ရေးတို့ ဆိုတာတွေဟာ အနောက်နိုင်ငံ အစိုးရတွေအတွက် တကယ့်အရေးကြီးတဲ့ မူဝါဒပန်းတိုင်များ မဟုတ်ပါဘူး။

ကျနော်ကိုယ်တိုင် ဝင်လုပ်ရင်း သိလာတဲ့ ခါးသီးတဲ့ အသိတရပ် ရှိပါတယ်။ အဲဒါကတော့ ဘယ်အနောက်နိုင်ငံတွေကမှ (အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်၊ ကနေဒါ၊ သြစတြေးလျ၊ အီတလီ၊ ဂျာမနီ၊ ဂျပန်၊ ဥရောပအဖွဲ့ စသဖြင့်ပေါ့) ၎င်းတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စွမ်းအင် စီးပွားရေး အကျိုးစီးပွားတွေကို ကျနော်တို့ ဒီမိုကရေစီရဖို့ ဘယ်တော့မှ စတေးပေးမှာ မဟုတ်ပါဘူး။ တချိန်တည်းမှာပဲ ဒီအနောက်နိုင်ငံတွေကပဲ တရုတ်၊ အန္ဒိယ၊ ရုရှား၊ အာဆီယံ စီးပွားရေးသမားများ အစိုးရများ စွမ်းအင်စီးပွား ရှာနေတာကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ဝေဖန်တာ တွေ့ရပါတယ်။

ပြင်သစ်သမ္မတ ဆာကိုဇီကို ကြည့်ပေါ့။ သူ့အစိုးရဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် တင်းမာတဲ့ မူဝါဒကိုင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အစည်းအဝေးတွေမှာ မဏ္ဍပ်တိုင်တက်ပြပါတယ်။ တကယ်ကတော့ မြန်မာပြည်မှာ စွမ်းအင် အကျိုးစီးပွားရှာနေတဲ့ ပြင်သစ်ရဲ့ Total ကုမ္ပဏီကြောင့် ပြင်သစ်အစိုးရကို ဝေဖန်မှာတွေကို ကြိုတင်ဟန့်တားတာထက် မပိုပါဘူး။

အလားတူပဲ အမေရိကန် သမ္မတသုံးဦးဟာ မြန်မာနိုင်ငံကို “စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှု” ဥပဒေကို တနှစ်တခါ လက်မှတ်ထိုးပြီး အသက်သွင်းပေးတာ ၁၉၉၈ ခုနှစ် ကတည်းကပါပဲ။ ဒါပေမယ့် အမေရိကန် ရေနံကုမ္ပဏီ Chevron ကတော့ မြန်မာပြည်ကရတဲ့ စွမ်းအင်အကျိုးစီးပွား ဒေါ်လာသန်းပေါင်းများစွာကို ကုမ္ပဏီဌာနချုပ်ရှိရာ ကယ်လီဖိုးနီးယား ပြည်နယ် ရစ်ခ်ျမွန်းမြို့ကို အတားအဆီး အခက်အခဲမရှိ သပိတ်ဝင် အိတ်ဝင် ပို့ပေးနေဆဲပါ။

ဒီ စွမ်းအင်အကျိုးအမြတ်ကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီးများက စစ်အစိုးရနဲ့ ဝေစားမျှစားလုပ်ပြီး စွမ်းအင် လုပ်ငန်းနဲ့ ဒေသမှာရှိတဲ့ နယ်ခံပြည်သူများကိုတော့ အရိုးအရင်းလောက်ပဲ ပစ်ပေးတာပေါ့။ ဒါတောင် “ကုမ္ပဏီကြီးများရဲ့ လူမှုအသိစိတ်နဲ့ လူမှုတာဝန် ထမ်းဆောင်ခြင်း” ဆိုတဲ့ နာမည်ကောင်းယူပါတယ်။ ဘဏ်တိုက်ဖောက်လာပြီး လမ်းမှာ တွေ့တဲ့ သူတောင်းစား၊ ဆင်းရဲသားတွေကို နှစ်ပြားတပဲစွန့်ကြဲတဲ့ စေတနာမျိုးပေါ့။

သြဂုတ်လ ၂၀ ရက်ထုတ် ဧရာဝတီ မဂ္ဂဇင်းမှာပါတဲ့ “မြန်မာဗိုလ်ချုပ်ကြီးများရဲ့ ရည်မှန်းချက်ပန်းတိုင်၊ အရှေ့တောင်အာရှ အင်အားအကြီးဆုံး စစ်တပ်ကြီးထူထောင်ရေး” ဆိုတဲ့ ဆောင်းပါးထဲက ထောက်ပြထားသလို စစ်အစိုးရဟာ ရသမျှစွမ်းအင် နဲ့ တခြားဝင်ငွေ သန်းပေါင်းများစွာကို လက်နက်သစ်များ ထုတ်လုပ်ရေး စီမံကိန်းကြီး တွေမှာ ဖြုန်းတီးပစ်ပါတယ်။ ကူပြီး ဖြုန်းပေးတဲ့ နိုင်ငံတချို့ကတော့ တရုတ်၊ တောင်နဲ့မြောက် ကိုးရီးယား၊ စင်ကာပူနဲ့ ရုရှားတို့ပဲ ဖြစ်ပါတယ်။

“စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု” လှုပ်ရှားမှု အစောပိုင်းကာလများမှာ တရုတ်၊ အိန္ဒိယနိုင်ငံများဟာ သူတို့ရဲ့ စီးပွားရေး၊ နိုင်ငံရေး အင်အားတွေကို ပြည်ပမှာ ထိထိရောက်ရောက် သုံးနိုင်တဲ့ အနေအထား မရှိသေးပါဘူး။ ဒါပေမယ့် အဲဒီတုန်းက လည်း အနောက်အုပ်စုနိုင်ငံ အစိုးရများဟာ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုကို ပြင်းပြင်းထန်ထန်သုံးပြီး NLD နဲ့ အတိုက်အခံ များရဲ့ နိုင်ငံရေးအင်အားကို မြှင့်တင်ပေးတာ မရှိခဲ့သလို လက်နက်ကိုင် တော်လှန်ရေးအတွက်လဲ ဘာမှရေရေရာရာ ပံ့ပိုးပေးခဲ့တာ မရှိပါဘူး။

တချိန်တည်းမှာပဲ အမေရိကန်နဲ့ အနောက်နိုင်ငံ မဟာမိတ်များဟာ ရေနံကြွယ်ဝပြီး ဗျူဟာအရ အရေးပါတဲ့ အီရတ်လို နိုင်ငံကို ဝက်ဝက်ကွဲအောင် ဗုံးတွေကြဲပြီး ကျူးကျော်စစ် တိုက်တာတော့ လုပ်လာတယ်။ ဒါကတော့ ရေနံတွင်းတွေနဲ့ ဗျူဟာကျနယ်တွေကို ထိန်းချုပ်ဖို့ဆိုတာ ကမ္ဘာကမြင်ပါတယ်။ လူ့အခွင့်အရေး ထက် စွမ်းအင်အရေး က မူဝါဒအရ  ပိုပြီး အဓိက အရေးပါ ပါတယ်။

စေ့စပ်ညှိနှိုင်းရေးဆရာများ သတိပြုစရာ အချက်ကြီး ၆ ချက်

ပထမ။   ။  “မြန်မာစစ်အစိုးရဟာ အထီးကျန်ဘဝမှာ ရပ်တည်နေရတယ်” ဆိုခြင်းပဲ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ အနေနဲ့ရော ၎င်းတို့ရဲ့ စီးပွားရေး လက်ဝေခံ မြန်မာ စူဇကာ အကြီးစားများဟာ စစ်အေးတိုက်ပွဲလွန် ကမ္ဘာကြီးမှာ ပြင်ပနိုင်ငံများနဲ့ အဆက်အသွယ်ပြတ်ပြီး အထီးကျန်တယ်လို့ ပြောတာကတော့ ယုံတမ်းစကားကို အမှန်လုပ်ပြီး ပြောခြင်းပဲဖြစ်ပါတယ်။ တကယ်တော့ ၎င်းတို့ဟာ “ဂလိုဘယ်လိုက်ဇေးရှင်း” မဟုတ်ဘဲ “ခေတ်နောက်ပြန်ဆွဲ ဂလိုဘယ်လိုက်ဇေးရှင်း” ဆိုတဲ့ ရေစီးကြောင်း ဂယက်ထဲမှာ မျှောလိုက်နေတဲ့ သတ္တဝါတွေလို့ ပြောရင်ရပါတယ်။

သေသေချာချာလဲ စဉ်းစားကြပါဦး။ စစ်အစိုးရဟာ မျက်မှောက်ကမ္ဘာရဲ့ ဘီလူးနိုင်ငံကြီးများ ဖြစ်ကြတဲ့ တရုတ်၊ ကုလား၊ ရုရှားတို့က စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး ထောက်ခံမှုများ ပီပီပြင်ပြင်ရထားတဲ့ အစိုးရတဖွဲ့၊ အာရှတတိုက်လုံးရှိ အစိုးရပေါင်းစုံဆီက လိုတာအကုန်ရနေတဲ့အဖွဲ့၊ ဒါတင်မကဘူး၊ အာရှအပါအဝင် တကမ္ဘာလုံးမှာရှိတဲ့ သယံဇာတ၊ စွမ်းအင်များ ထုတ်လုပ်တဲ့ အပြည်ပြည်ဆိုင်ရာ စွမ်းအင်ကုမ္ပဏီကြီးများနဲ့ ပလဲနံပသင့်ပြီး ငွေဒေါ်လာ သန်းရာထောင် ချီပြီးရနေတဲ့ အစိုးရဖြစ်တယ်ဆိုတာ လယ်ပြင်မှာဆင်သွားသလို ထင်းခနဲ မြင်နိုင်ပါတယ်။ ဒါကိုမှ ဒီအစိုးရကမှ အထီးကျန် အစိုးရလို့ ပြောဟော ရေးသားနေကြတာကတော့ သာမန်ပြည်သူနဲ့ စာဖတ်ပရိတ်သတ်များရဲ့ ဆင်ခြင်သုံးသပ်နိုင်စွမ်းကို နလပိန်းတုံးတွေလို့ သဘောထားပြီး စော်ကားခြင်းတမျိုးပဲလို့ မြင်ပါတယ်။

ဒုတိယ။     ။ စစ်အစိုးရရဲ့ မူဝါဒ၊ ဦးစားပေးမှုများ အပြုအမူ အတွေးအခေါ်နဲ့ လက်တွေ့လုပ်ငန်းများကို ကြည့်မယ်ဆိုရင် မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေးအဆောက်အဦဟာ စစ်ဝါဒီလွှမ်းမိုးတဲ့ လက်နက်နိုင်ငံကြီးသာ ဖြစ်တယ်ဆိုတာ သတိမူဖို့ လိုပါတယ်။ ဒီလက်နက်နိုင်ငံကြီးကို တွေ့သမျှ သတ်စားတဲ့ သတ္တဝါဆိုးကြီး တကောင်လို့ မြင်ကြည့်မယ်ဆိုရင်လဲ မမှား ပါဘူး။ လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က သူနဲ့ “စစ်ခေါင်းဆောင်” ဗိုလ်သန်းရွှေ တွေ့ဆုံဆွေးနွေးတုန်းက မသိကျိုးကျွံ ပြုခဲ့တဲ့ အကြောင်းအရာ တခုရှိပါတယ်။ အဲဒါကတော့ အမေရိကန်နိုင်ငံရဲ့ “စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုဝါဒ” လို့ ပြော ပါတယ်။

ဒါပေမယ့် ပိုပြီးအရေးကြီးတဲ့ အကြောင်းအရာကြီး တခုကိုတော့ အမတ် ဝက်ဘ် သတိတောင် ထားမိပုံမရပါဘူး။ အဲဒါကတော့ လက်ရှိမြန်မာပြည်ရဲ့ “စစ်ဝါဒီလွှမ်းမိုးနေတဲ့ လက်နက်နိုင်ငံကြီး” ပါ။

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေမှာကို လက်တွေ့တိုင်းတာမှုနဲ့ပဲ မြင်မြင် သမိုင်းအရပဲ စစ်စစ်၊ ၁၉၆၂ ကတည်းက ဗိုလ်ချုပ်ကြီးများ လက်အောက် ကျရောက်သွားတဲ့ မြန်မာနိုင်ငံ အုပ်ချုပ်မှု အဖွဲ့အစည်းကြီးဟာ ရောင်းလို့ရတဲ့ တိုင်းပြည်ရဲ့ မြေပေါ် မြေအောက် သယံဇာတ ပစ္စည်းအားလုံးကို အထိန်းအကွပ်၊ အမြော်အမြင်မရှိ ရောင်းစားနေတာ ဖြစ်ပါတယ်။ ဒီသယံဇာတ အရင်းအမြစ်အများစုဟာ တိုင်းရင်းသားတွေရဲ့ဘိုးဘွားပိုင် နယ်မြေဒေသမှာ အလျှံအပယ် ထွက်နေတာပါ။ ဒီလက်နက် နိုင်ငံကြီးဟာ လိုသမျှ ပြည်သူ့မြေကို သိမ်း၊ ပြည်သူ့ လုပ်အားတွေကို အဓမ္မညှစ်ထုတ်နေတာ တွေ့ရပါတယ်။ “စစ်ရေးသည် နိုင်ငံရေး၏ အဆုံးစွန်သောလမ်းကြောင်း” ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ အမြင်ရှုထောင့်ကို ထော်လော် ကန့် လန့်လုပ်ပြီး မြန်မာစစ်အစိုးရကတော့ “နိုင်ငံရေးသည် စစ်ရေး၏ အစွယ်အပွား တခုသာ” ဆိုသည့် သံဃာစင်ပါ မှောက် မယ့်အမြင်ကို ၎င်းတို့ လက်နက်နိုင်ငံကြီးရဲ့ စစ်ဓမ္မ၊ စစ်တရား အနေနဲ့ ကျင့်သုံးနေပါတယ်။

တတိယ။   ။  လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးပဲ ကြည့်ကြည့်၊ လူမျိုးရေးနဲ့ပဲ ကြည့်ကြည့် တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးနဲ့ စစ်အုပ်ချုပ်သူ လူတန်းစား၊ စစ်အစိုးရနဲ့ ဆက်ဆံရေးဟာ “ပြည်တွင်း ကိုလိုနီ ဆက်ဆံရေး” သာ ဖြစ်ပါတယ်။

ပြည်သူတွေကိုရော ပြည်သူ့ဝန်ထမ်းများကိုပါ လက်အုပ်ချီ ဒူးတုပ်ပြီး ဂါရဝ ပြုခိုင်းတဲ့ စစ်ဗိုလ်ချုပ်ကြီးများဟာ ပြည်သူတွေရဲ့ “သခင်ကြီးလက်သစ်” “မာစတာလက်သစ်” များ ဖြစ်လို့နေပါတယ်။ သံဃာတော်များကို ပါးရိုက်၊ နားရိုက်၊ ခြေနဲ့ကန် စော်ကားပြီး အာဏာရူး၊ ဥစ္စာရူး ဗိုလ်ချုပ်တွေကို ပစ္စေကဗုဒ္ဓါပေါက်စလေးတွေလို လက်အုပ်ချီ ခိုင်း၊ ပိုပြီး အော့နှလုံးနာစရာ ကိစ္စက ဗိုလ်ချုပ်ကြီးများဟာ သူတို့ကိုယ်သူတို့ ရှေးစစ်ဘုရင်ကြီးများ အရိုက်အရာခံ ဘုရားဆုပန်၊ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးများ ယောင်ယောင် အာရုံဝင်နေပုံ ရတာပါပဲ။

ပဒေသရာဇ်ခေတ် နန်းတက်ပွဲတွေဟာ အများအားဖြင့် သွေးချောင်းစီး အာဏာလုပွဲတွေရဲ့ရလဒ်၊ စစ်ရေးအနိုင်ကျင့်မှု၊ ကြီးနိုင်ငယ်ညှဉ်း လုပ်မှုတွေရဲ့ ရလဒ်များသာ ဖြစ်တယ်ဆိုတာကို မြန်မာအမျိုးသားရေးဝါဒီတွေရဲ့ သမိုင်းစာအုပ်တွေမှာ ဖော့ပြီးရေးထားတာကို တွေ့ရပါလိမ့်မယ်။

စတုတ္ထ။   ။ စစ်အရာရှိများကို သုံးသပ်ပြန်ရင်လဲ စစ်သားကလွဲရင် “ဘယ်ခွေးမှ လူမထင်” ဘူးဆိုတဲ့ အမြင်နဲ့ လက်နက် နိုင်ငံတော်ကြီး ထူတောင်နေတဲ့ ပုံစံပါပဲ။ တပ်မတော်သားတွေ တဦးချင်း စိတ်ကောင်း နှလုံးကောင်း ရှိကြမယ်၊ ရှိကြတယ် ဆိုတာ လက်ခံလို့ရပေမယ့် ဒီစနစ်ဆိုးကြီးထဲမှာ သူတို့ဟာ မျှောပြီးလိုက်နေကြတာမို့ တိုင်းပြည် ငါးပါးမှောက်မယ့် “လက်နက်နိုင်ငံတော်ကြီးသည်သာ အဓိက” ဆိုတဲ့ ဝါဒဆိုးကြီးကို လက်ခံကျင့်သုံးတာ တွေ့ရပါတယ်။

စစ်တပ်က နိုင်ငံတော် အဖွဲအစည်းအားလုံးကို လက်ဝါးကြီးအုပ် သိမ်းပိုက်ထားတာ အနှစ် (၅၀)လောက် ရှိသွားပါပြီ။ ဒီအချက်က စစ်အရာရှိ၊ အရာခံများကို “လက်နက်နိုင်ငံတော်” ဆိုတဲ့ အမြင်မှားတွေကို လက်ခံကျင့်သုံးဖို့ ဦးတည်ပေး နေတာ ဖြစ်ပါတယ်။ ၎င်းတို့ အားလုံးရဲ့ အမြင်မှာ တိုင်းပြည်တခုရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုသည်မှာ ပြည်သူလူထု၊ မြို့မိမြို့ဘများ မဟုတ်တော့ဘဲ “စစ်ခေါင်းဆောင်” လုပ်တဲ့ စစ်ဗိုလ်ချုပ်သာ ဖြစ်တယ်ဆိုတဲ့ အတွေးအမြင်တွေ၊ ပြည်သူ့ တပ်ထဲမှာ အမြစ်တွယ်လာတာကို ဝမ်းနည်းစွာ သုံးသပ်မိပါတယ်။

ဒါရဲ့ အကျိုးဆက်ကတော့ ယနေ့ မြန်မာ့တပ်မတော်ဟာ “စစ်ခေါင်းဆောင်” ဆိုတဲ့ ဗိုလ်ချုပ် အမိန့်ပေးသမျှနဲ့ သူ့ရဲ့ အကျိုးစီးပွား၊ သူ့ရဲ့ အမြင်ဝါဒကလွဲရင် ဘယ်ပြည်သူ့မျက်နှာမှမထောက်၊ မငဲ့ညှာဘဲ “ဗိုလ်တေ” မာရင်ပြီးရောဆိုတဲ့ လုပ်ရပ်တွေ လုပ်နေတာ တွေ့ရပါတယ်။

တိုင်းပြည်ရဲ့ ပြဿနာများ၊ သဘောထား၊ အမြင်ကွဲလွဲမှုများကို လူလိုသူလိုမေတ္တာရှေ့ထားပြီး ရင်ကြားစေ့ဖို့၊ သင်ပုန်းချေဖို့၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ မလိုဘူးလို့ သဘောထားကြပုံ ရပါတယ်။ ဂေါတမ ဘုရားသားတော်တွေကိုတောင် စော်ကားမော်ကားနဲ့ ရက်ရက်စက်စက် နှိပ်ကွပ်တာ ဒီခေတ်သစ် ဒေဝဒတ် အမြင်ကြောင့်ပေါ့။

ဒီနေရာမှာ ကြီးနိုင်ငယ်ညှဉ်း စစ်ဝါဒနဲ့ စစ်ဝါဒီများကို ရွံရှာစက်ဆုပ်တာပါ။ စစ်သားစစ်ဗိုလ်တွေကို မုန်းဖို့ မလိုပါဘူး၊ မမုန်းသင့်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ NLD ဦးကြည်မောင်၊ ဦးတင်ဦးတို့ကအစ ဗိုလ်ချုပ်ခင်ညွန့်တို့ ဗိုလ်ကြီးအုန်းကျော်မြင့် တို့လို မျိုးချစ်စစ်သားတွေ အများကြီး ရှိခဲ့ပါတယ်၊ ရှိနေဆဲပါ။ စံနမူနာထားရမယ့် မျိုးချစ်တပ်မတော်သားတွေပါ။

ပဉ္စမ။     ။ စစ်တပ်အရာရှိများကို အနောက်နိုင်ငံများနဲ့ တွေ့ထိဆက်ဆံမှု အပေါ်ယံကျော ပေါင်းသင်းမှုမျိုး လုပ်ရုံနဲ့ စစ်အစိုးရရဲ့ ဉာဉ်နဲ့ ဗီဇ ပြောင်းလာမှာ မဟုတ်ပါဘူး။ ဒီလိုအယူအဆမျိုးကို ကိုင်တွယ်ပြီး မြန်မာ့ရေးရာ ပေါ်လစီပြောင်းဖို့ တွန်းနေသူ၊ နိုင်ငံရေး နိဗ္ဗာန်ဆော်များ အနေနဲ့ အတိတ်မမေ့သင့်ဘူး လို့ ပြောချင်ပါတယ်။

၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း ဒုတိယအကြိမ် အာဏာသိမ်းတုန်းကတည်းကစပြီး ၈ လေးလုံး အရေးအခင်းကြီး ဖြစ်တဲ့အထိ အနောက်အုပ်စု နိုင်ငံများဟာ မြန်မာ့တပ်မတော် နဲ့ စစ်ခေါင်းဆောင်များကို စစ်ရေး၊ နည်းပညာရေး၊ ငွေရေး အကူအညီ အများကြီး ပေးခဲ့ပါတယ်။ မဆလ ဘုန်းမီးနေလ တောက်စဉ်ကာလကဆိုရင် မြန်မာပညာရှင်များ၊ စစ်အရာရှိများ အများဆုံး လွှတ်ခဲ့တာ အနောက်အုပ်စုနိုင်ငံများကိုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ခေတ်သစ်နိုင်ငံရေးသမိုင်းမှာ ဘယ်မြန်မာဗိုလ်ချုပ်မှ ဗိုလ်နေဝင်းလောက် အနောက်အုပ်စုနိုင်ငံများနဲ့ ပလူးပလဲ နေခွင့်မရခဲ့ပါဘူး။ ၁၉၆၂ အာဏာသိမ်းပွဲ အပြီးမှာတောင် ဗိုလ်နေဝင်းကို အမေရိကန် သမ္မတအိမ်ဖြူတော်မှာ ကြိုဆိုမှုရှိခဲ့ပါတယ်။ လန်ဒန်မှာလည်း အဲလဇ္ဇဘက်ဘုရင်မ ဗိုလ်နေဝင်း နဲ့ လက်ဖက်ရည် အတူသောက် စကားပြောဧည့်ခံတာ အားလုံးသိကြပါတယ်။ ဒီအာဏာရှင် စစ်ဗိုလ်ကြီးဟာ ဈေးကြီးတဲ့ ဝင်ဘယ်လ်တန်မှာ အိမ်ဝယ်ထား၊ စကော့တလန်မှာ ဂေါက်ကစား၊ လန်ဒန်က အကောင်းဆုံး ဆေးခန်းတွေမှာ တနှစ်တခါ နှာစေးချောင်းဆိုးစစ်၊ နောက် ဗီယင်နာမှာ စိတ်ရောဂါ အထူးကု ဆရာဝန်ကြီးနဲ့ သူ့စိတ်ရူးကို ပြပြီးကု၊ ဂျနီဗာမှာထားတဲ့ သူ့ဘဏ်စာရင်းတွေကို ဝင်စစ်၊ လုပ်လေ့ရှိပါတယ်။

ဆဋ္ဌမ။     ။ နောက်ဆုံးနဲ့ ဆဋ္ဌမ ပြောရမယ့် အချက်ကတော့ ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်း ယဉ်ကျေးမှု တရပ်လုံးနဲ့  ဆိုင်ပါတယ်။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ရတာတော့ စိတ်မကောင်းပါဘူး။ ကျနော်တို့ ယဉ်ကျေးမှု စရိုက်ထဲမှာ အထက် နဲ့အောက် ဆက်ဆံရေးမှာ အထက်ဖား အောက်ဖိဆိုတဲ့ ဉာဉ်ဆိုးတွေ သိပ်များပါတယ်။ အတွေးအခေါ် လွတ်လပ်မှု ကို သည်းမခံဘူး။ တန်ဖိုးမထားဘူး။ လူမျိုးရေးအစွန်းရောက်ဝါဒနဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေး ယဉ်ကျေးမှု အမြင်တွေ တော်တော်များများ လူတွေမှာ တွေ့ရတယ်။ အဲဒီနောက် ပဒေသရာဇ်ရဲ့ နို့နံ့မစင်သေးတာတွေ ပဒေသရာဇ်ရဲ့ အပုပ်အသိုး အနံ့ဆိုးတွေ ကျနော်တို့ လူမှုအမြင်မှာ ဟောင်နေတုန်းပါပဲ။ ဒါတွေကို ပြတ်ပြတ်သားသား မြင်ဖို့လိုပါတယ်။

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ဒေသမှာရှိတဲ့ ရိုဟင်ဂျာ လူမျိုးစုနဲ့ ပတ်သက်ပြီး အလွန်အမင်း အကျည်းတန်တဲ့ လူမျိုးရေး ရှုတ်ချမှု စကားတွေကိုပဲ နားထောင်ကြည့်ကြည့်၊ ပင်ကို အရည်အချင်းပေါ်ကျော်ပြီး မိသားစု၊ အဖေ၊ အမေ၊ အဘိုး၊ အဘွား မျိုးရိုးနာမည်ကို ပုံကြီးချဲ့ ဦးစားပေးတဲ့ ခေတ်နောက်ပြန်ဆွဲ ပဒေသရာဇ် ဉာဉ်နဲ့ ပြုမူပုံတွေကိုပဲ ကြည့်ကြည့် ကျနော်တို့ လူမှုအဖွဲ့အစည်းကြီးဟာ ယဉ်ကျေးမှုရေပုပ်၊ ရေသိုးတွေ ဆက်လက် သောက်သုံးနေသလိုပါပဲ။

ဒါကိုပြောင်းဖို့ဆိုတာ ပြင်ပကမ္ဘာနဲ့ ဒေသဝန်းကျင်မှာရှိတဲ့ ပွင့်လင်း တိုးတက်တဲ့ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းများနဲ့ ထိတွေ့ဆက်ဆံမှုများကို နှစ်ရှည်လများ လုပ်မှပဲ ဖြစ်ပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ဟာ လူအများသိပြီး ဖြစ်ပါတယ်။ ပြည်သူတွေ ဆင်းရဲမွဲတေပြီး နိုင်ငံရေး နင်းပြားဘဝရောက်၊ နှိပ်စက်ခံနေရတာလဲ သက်သေသက္ကာယနဲ့ မှတ်တမ်းတွေ ရှိပါတယ်။

ကျနော်အပါအဝင် အတိုက်အခံ အများစုရဲ့ ထိထိရောက်ရောက် ဗျူဟာကျကျ မစဉ်းစားဘဲ တွန်းခဲ့တဲ့ “စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု” လုပ်ရပ်ဟာ အနှစ် ၂၀ ရှိသွားပါပြီ။

အနောက်နိုင်ငံတွေရဲ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ကျယ်ကျယ် လောင်လောင် အော်တဲ့နောက် နားယောင်ပြီး လုပ်ခဲ့တာ တကြောင်းမို့ ယနေ့ ပြဿနာတွေရဲ့ အခြေအနေဟာ နိုင်ငံရေးနဲ့ စီးပွားရေးအရ နင်းပြားဘဝကို ရောက်လာ ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ကာလမှာတော့ “လက်တွေ့ကျကျ လုပ်ဆောင်ခြင်း၊ ပြောဆို ရေးသားခြင်းသည်သာ စစ်မှန်သော တော်လှန်ရေး” လို့အော်နေကြတာကို ကြားရမှာပါ။ ဒီရွှေဥာဏ်တော် အသစ်နဲ့ “မိမိသာမှန်၏၊ ပြည်သူ့ စီးပွားရေး ပြေလည်စေ၏” ဆိုပြီး ဗိုလ်ချုပ်ကြီးများ နိုင်ငံရေးပလ္လင်ပေါ်ဆက်ထိုင်နိုင်အောင် ဘိသိက်ကူသွန်းပေးပြီး “Reform” ခေါ် ပြုပြင်ပြောင်းလဲ ရေးလုပ် ဖို့ တွန်းနေသူ ခေတ်သစ် အခါတော်ပေးများ မှိုလိုပေါက်လာတာ တွေ့ရပါတယ်။ အနှစ် ၅၀ လုံးလုံး နိုင်ငံထူထောင်ဖို့ဆိုပြီး စစ်ဗိုလ်ချုပ်များ ပလ္လင်ပေါ် တက်ထိုင်ခဲ့တဲ့ ရလဒ်ကတော့ တိုင်းပြည်ချွတ်ခြုံကျပြီး သယံဇာတတွေ ကုန်တာကလွဲရင် ဘာမှ အကောင်းပြစရာ မရှိဘူးဆိုတာ ဒီနိုင်ငံရေး အခါတော်ပေးကြီးများ မေ့နေပုံရပါတယ်။

ဒီစစ်ခေါင်းဆောင်များကို “ပြုပြင်ပြောင်းလဲရေးသမား” များ အထင်မှတ်ပြီး ပုခုံးငှားတွေနဲ့ ပလ္လင်ပေါ် တွန်းတင်နေကြတာ တိုင်းပြည်ကို ရေတိမ်ရော ရေနက်မှာပါ မြှုပ်သတ်တာနဲ့ အတူတူပါပဲ။

လက်ရှိ နိုင်ငံရေး ရေပေါ်စီ လူတစုရဲ့ အပေါ်စီးက တွန်းပေးနေတဲ့ အနီးကပ် ဆက်ဆံတွေ့ထိမှု မူဝါဒသစ် ဗျူဟာသစ်ဟာ စဉ်းစားမှုဘောင် ကျဉ်းကျဉ်းလေးထဲက လာတာဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ဒီဗျူဟာထဲမှာ အာဏာရှင်တွေနဲ့ အာဏာရှင်စနစ်တွေ ဘယ်လိုပြောင်းလဲတယ်။ ဘယ်လို ဇာတ်သိမ်းကြတယ်ဆိုတာကို မျက်ကွယ်ပြုထားတဲ့ အချက်ပါ။

ဒီပုံစံမျိုး၊ ဒီလိုအတွေးအခေါ်မျိုးနဲ့ ယခုကာလမှာ ပေါ်ပင်ဖြစ်လာတဲ့ “အနီးကပ်ထိတွေ့ဆက်ဆံမှု” ဗျူဟာနဲ့ ဝါဒဟာ ပြည်သူကို စီးပွားရေး ပြာပုံထဲက ထုတ်နိုင်ဖို့အလားအလာ မရှိသလို နိုင်ငံရေး အရလည်း တိုးတက်မှုအတွက် အထောက်အကူ မပြုစေပါဘူး။

တဖက်သတ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုကို ကျားလို့ သဘောထားရင် ဖုတ်ပူမီးတိုက် ဖော်မြူလာထုတ်ထားတဲ့ “အနီးကပ် ထိတွေ့ဆက်ဆံမှု” ဗျူဟာနဲ့ ဝါဒသစ်ကို ရှင်ကြီးလို့ သဘောထားသင့်ပါတယ်။

ကျနော်တို့ မြန်မာပြည်သူတွေကို ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုးဆိုတဲ့ အနေအထား ရောက်အောင် ဦးပုည လက်သစ်များ မလုပ်သင့်ကြောင်း ဒီနေရာက သတိပေးလိုက်ပါတယ်။ ဒါပါပဲ။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်