မြန်မာပြည်ပေါ်က တိမ်တိုက်အမှောင်

ဒေါ်အောင်ဆန်းစုကြည်ကို ခုံရုံးတင်တရားစွဲ အပြစ်ဒဏ်ချမှတ်ပြီးချိန်မှစ၍ မြန်မာပြည် အနာဂတ်ရေးသည် တိမ်ဖုံးသကဲ့သို့ ဖြစ်နေသည်။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နောက်တကြိမ် အိမ်အကျယ်ချုပ်ထပ်မံချထားလိုက်ခြင်းသည်  မြန်မာပြည်အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေများသာ ဆက်လက်ဖြစ်ပေါ်လာရန် ရှိနေသည်။

နိုင်ငံတကာ၏ တုံ့ပြန်ဒေါသနှင့် ပြစ်တင်ဝေဖန်မှုများက လှိုင်းထန်လာခဲ့ပြီး စစ်အစိုးရအပေါ် နည်းမျိုးစုံဖြင့် ရိုက်ခတ် လာရန်လည်း ရှိနေသည်။

မေးစရာရှိလာသောမေးခွန်းမှာ ဤကိစ္စကြောင့် များမကြာမီကာလအတွင်း ဖြစ်လာမည့် နိုင်ငံရေးအခင်းအကျင်းအပေါ် မည်သို့ သက်ရောက်မည်နည်းဟူသော မေးခွန်းပင် ဖြစ်သည်။ အထူး သဖြင့် စစ်အစိုးရက ပြင်ဆင်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအတွင်း ကာလများတွင် မည်သို့ အကျိုး သက်ရောက်လာမည်နည်းဟု တွေးဆဖွယ် ရှိသည်။ 

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လ ချမှတ်လိုက်သည့်အပေါ် နေရာပေါင်းစုံ၊ အလွှာပေါင်းစုံမှ ဝေဖန်သံ များ ထွက်ပေါ်လာခဲ့သည်။ အမေရိကန်ပြည်ထောင်စုမှသည် ထိုင်းနိုင်ငံအထိ၊ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးမှ သည် ဒလိုင်လားမားအထိ။ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းကလည်း စကားကိုခြွင်းချန်မထားဘဲ ဆိုလာခဲ့သည်။

“စစ်အစိုးရကို လက်နက်ရောင်းချနေတာတွေနဲ့ပတ်သက်ပြီး ကမ္ဘာတ၀န်းလုံးက ပိတ်ပင်တားမြစ်ရေးကို လုံခြုံရေးကောင်စီ က ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကျနော် ယုံကြည်တယ်၊ လုံခြုံရေးကောင်စီရဲ့ မြန်မာ စစ်အစိုးရနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေဟာလည်း ပေါ့လျော့မှုရှိတယ်လို့ ပြောချင်ပါတယ်”ဟု သူက ဆိုခဲ့သည်။

ဗြိတိန်နိုင်ငံသည် ပြီးခဲ့သည့် သြဂုတ်လ က လုံခြုံရေးကောင်စီ၏ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည်။ သို့ဆိုလျှင် ဗြိတိန် ၀န်ကြီးချုပ် မစ္စတာဘရောင်း၏ လိုအင်ဆန္ဒအတိုင်း အကောင်အထည်ဖော်နိုင်ပါ၏ လောဟု မေးစရာ ရှိနေသည်။

အဖြေမှာ "မဟုတ်ပါ" ဟု တသံတည်းထွက်လာသည်။ မြန်မာနိုင်ငံ၏ အခိုင်အမာ မဟာမိတ်များဖြစ်ကြသည့်အပြင်၊ မြန်မာ စစ်အစိုးရကို အဓိကလက်နက်တင်ပို့ရောင်းချနေကြသည့် နိုင်ငံများဖြစ်သော တရုတ်နှင့် ရုရှားနိုင်ငံတို့က အလားတူ အရေး ယူမှု ဖြစ်ပေါ်မလာစေရေးအတွက် ၎င်းတို့၏ ဗီတိုအာဏာ သုံး၍ တတ်နိုင်သမျှ ပိတ်ဆို့ကြလိမ့်မည်ဟုလည်း တွက်ထား နိုင်သည်။ ယခင်အတိတ် ကာလများကလည်း မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ တရုတ်နှင့် ရုရှားနိုင်ငံတို့က ဗီတိုသုံးခဲ့ ကြဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားခွင်မှ ဆုံးဖြတ်ချက်ချပြီးသည်နှင့် တပြိုင်နက် တရုတ်နိုင်ငံ၏ ချဉ်းကပ်မှုဗျူဟာက ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဂျီယန်ယုက "နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနှင့် မြန်မာနိုင်ငံ၏ တရားစီရင်ရေး အချုပ်အခြာအာဏာကို အပြည့်အ၀လေးစားသင့်သည်" ဟု ဆိုလာခဲ့သည်။

ယခုအချိန်သည် မြန်မာနိုင်ငံကို ပြစ်တင်ဝေဖန်နေရမည့် အချိန်မဟုတ်၊ တွေ့ဆုံညှိနှိုင်းရမည့် အချိန်ဟုလည်း သူက ပြောခဲ့သေးသည်။    

ဝါရှင်တန်တွင်လည်း သမ္မတအိုဘားမား၏ အုပ်ချုပ်ရေးအဖွဲ့က စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုမှနေ၍ အပြုသဘော ချဉ်းကပ် ဆက်ဆံရန် မူဝါဒပြောင်းလဲရေးအတွက် အလေးအနက် စဉ်းစားနေခဲ့သည်။

မည်သို့ဆိုစေ ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်မှုများက သူတို့ရည်ရွယ်သည့် ပစ်မှတ်များကို ထိပုံရပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့၏ ပိတ်ဆို့ဒဏ်ခတ်မှုများအရ အဆင့်မြင့် စစ်တပ်အရာရှိများ၊ သူတို့၏ လက်ဝေခံ စီးပွားရေးလုပ်ငန်းရှင်များကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားပြီး၊ ပြည်ပဘဏ်များရှိ ဘဏ် စာရင်းများကိုလည်း ပိတ်ပင်ထားသည်။

မြန်မာနိုင်ငံမှ တင်ပို့လာသည့် ကျောက်မျက်များကို တင်သွင်းရန် တားမြစ်ထား ပြီး၊ သံတမန်ဆက်ဆံရေးတွင်လည်း ကန့်သတ် အဆင့်လျှော့ထားသည်။ လူသားချင်းစာနာမှု အကူအညီမဟုတ်သည့် အခြားအကူအညီများကိုလည်း ဆိုင်းငံ့ ထားပါသည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်ကြောင်း ကြေညာပြီးသည်နှင့် တပြိုင်နက် မြန်မာနိုင်ငံမှ အစိုးရ ပိုင် သတင်းမီဒီယာလုပ်ငန်း ၄ ခု အား စစ်အစိုးရ၏ မူဝါဒများကို ၀ါဒဖြန့်ချိပေးနေသည့်အတွက်ဟုဆိုကာ ဒဏ်ခတ် ပိတ်ဆို့ မှု စာရင်းတွင် ထည့်သွင်းကြေညာခဲ့ပါသည်။

သို့သော်လည်း အသေအချာပစ်မှတ်ထားသည့် ပိတ်ဆို့ဒဏ်ခတ်မှုများဖြင့် မြန်မာစစ်ဗိုလ်ချုပ်များကို နိုင်ငံရေးပြုပြင်ပြောင်း လဲမှုများ ပြုလာစေရန် တိုက်တွန်းနိုင်ပါ့မည်လော။ မေးခွန်း ရှိနေပြန်သည်။

ဤတကြိမ်တွင်လည်း အဖြေက "မဖြစ်နိုင်" ဟု ပြောရလိမ့်ဦးမည်။ ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် ဖြစ်လာရသည့် ကွက်လပ် တွင် ဖြည့်ဆည်းရန်အတွက် စစ်အစိုးရတွင် စီးပွားရေးမိတ်ဖက် မရှားပါ။ အာဆီယံ ၊ တရုတ်၊ အိန္ဒိယ နိုင်ငံတို့က မြန်မာ နိုင်ငံမှ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် တခြားသယံဇာတများ ၀ယ်ယူနေကြရင်း စစ်အစိုးရ အိပ်ဖောင်းစေရန် ဒေါ်လာ သန်းထောင်ချီ၍ ဖြည့်ဆည်းပေးနေကြသည်။

၁၉၉၇ ခုနှစ် မြန်မာနိုင်ငံ အာဆီယံအဖွဲ့ သို့ ၀င်ရောက်ပူးပေါင်းချိန်မှစ၍ အာဆီယံအဖွဲ့၏ အပြုသဘောချဉ်းကပ်ဆက်ဆံ မည်ဆိုသည့် မူဝါဒသည်လည်း ဗိုလ်ချုပ်ကြီးများ ဆုပ်ကိုင်ထားသော သံမဏိလက်များကို ပြေလျော့စေရန် မစွမ်းဆောင် နိုင်ခဲ့ကြပါ။ 

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားပါက မတတ်သာသည့်အဆုံး မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ထုတ်ပစ်ရန်ပင် မလေးရှား ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်က ၂၀၀၃ ခုနှစ်တွင် ဖွင့်ဟ ဆွေးနွေးခဲ့သေးသည်။ နောက် ၆ နှစ်ကြာသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်သည် အိမ်အကျယ်ချုပ်ဘ၀နှင့် ဆက်လက် ရှိနေဆဲ ဖြစ်ပြီး ယခုအခါ ၁၈ လ အကျယ်ချုပ်ထပ်မံ ချမှတ်ထားခြင်းပင် ခံနေရသည်။

ယခုအချိန်တွင် စီးပွားရေးအရ ဆက်ဆံမှုနှင့် ချိတ်ဆက်ထားသည့် လူသားချင်းစာနာမှု အကူအညီများ မြန်မာနိုင်ငံတွင်း ၀င်ခွင့်ပြုရေးအတွက် တွန်းနေကြပြန်ပြီ ဖြစ်သည်။ အထူးသဖြင့် အနောက်နိုင်ငံများက တိုက်တွန်းနေကြခြင်းဖြစ်ပြီး ဆင်းရဲ မွဲတေမှုကျဆင်းရေးဟူသည့် နာမည်ကောင်း ယူထားသေးသည်။ ဤချဉ်းကပ်မှုဖြင့်လည်း စစ်အစိုးရကို အပြောင်းအလဲဖြစ် စေရန် အကြောင်း မမြင်မိပေ။ နာဂစ်မုန်တိုင်းပြီးခါစ အရေးပေါ်အကူအညီများ လိုအပ်နေသည့် အချိန် ကာလမှာပင် စစ်အစိုးရက မည်သို့တုံ့ပြန်ခဲ့ သည်ကို ကြည့်ခြင်းအားဖြင့် သိသာနိုင်သည်။  

ဤသို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချန်ထားခဲ့တော့သည်။ဗိုလ်ချုပ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ပြန် ထားသည့် အမိန့်ချမှတ်သည့်နေ့ (သြဂုတ်လ ၁၁ ရက်နေ့) တွင်ပင် ထုတ်ပြန်ကြေညာမှုတခုပြု၍ ကိစ္စသစ်တရပ်ကို တွန်း ခဲ့ပြန်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က ချမှတ်ထားသည့် အိမ်အကျယ်ချုပ် စည်းမျဉ်း များ အတိုင်း လိုက်နာ နေထိုင်မည်ဆိုလျှင်ဖြင့် အတိအကျမဖော်ပြထားသည့် တနေ့နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ခံစားရ ရှိနိုင်သည်ဟု ဆိုသည်။

လက်ရှိ အခြေအနေများအတိုင်း တွက်ချက်ရလျှင် အမှန်တကယ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်နိုင်သော အစောဆုံးရက်မှာ ၂၀၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီလမှ ဖြစ်ဖွယ်ရှိသည်။ ဤအချိန်တွင် ဗိုလ်ချုပ်သန်းရွှေက ရွေးကောက်ပွဲကို စိတ် တိုင်းကျစီမံကျင်းပ ပြီးစီးပြီ ဖြစ်သည်။ သို့သော်လည်း ဤအချိန်တိုင် လွှတ်မည်ဟု အပ်ချမတ်ချ မပြောနိုင်သေးပေ။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနောက်ပိုင်းကာလများအတွက်လည်း ခြိမ်းခြောက်မှု ဖြစ်နိုင်သည်ဟု ဗိုလ်ချုပ် သန်းရွှေက ဆုံးဖြတ်နိုင်သေးသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအရေး စောင့်ကြည့်လေ့လာနေကြသူများက လာမည့်ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး အခင်း အကျင်းအတွက် ထူးခြားသည့် ဖြစ်ရပ်တခုဟု သုံးသပ်ကြသည်။ တချို့အကောင်းမြင်ရှိသူများက စစ်အစိုးရက နိုင်ငံတကာ တောင်းဆိုချက်ကို လိုက်လျောပြီး လွတ်လပ်၍ တရားမျှတသော၊ အင်အားစု အစုံပါဝင်နိုင်သော ရွေးကောက်ပွဲကျင်းပပေး မည်ဟုလည်း ယုံကြည်နေကြသည်။ သို့ဆိုလျှင် အတိုက်အခံနိုင်ငံရေးပါတီများက ၁၉၉၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲ ကာလလို အပြတ်အသတ် အောင်ပွဲခံနိုင်သည်ဟုလည်း ဆိုနေသည်။

သို့သော် ဗိုလ်ချုပ်သန်းရွှေက ဤသို့အဖြစ်ခံမည့် အလားအလာ မရှိပေ။ ဤသို့မဖြစ်စေရန်လည်း သူက အတတ်နိုင်ဆုံး ကြိုးပမ်းလိမ့်မည် ဖြစ်သည်။ သေချာသည်မှာ ၂၀၁၀ ရွေးကောက်ပွဲသည် မည်သည့်နည်းနှင့်မျှ လွတ်လပ်၍ တရားမျှတ သော ရွေးကောက်ပွဲ ဖြစ်ပေါ်လာစရာ အကြောင်းမရှိပေ။

စိတ်ဓာတ်ကျဖွယ် အလားအလာမှာ နိုင်ငံတကာမိသားစုမှ မြန်မာပြည်အရေးနှင့် ပတ်သက်၍ တူညီသည့်ရပ်တည်ချက်တခု မဖြစ်ပေါ်လာမချင်း အခြေအနေများက ပြောင်းလဲလာဖွယ် မရှိပေ။ ဤအခြေအနေကရော၊ လာမည့် လများ အတွင်း ဖြစ်ပေါ်လာပါမည်လော။ ၀မ်းနည်းဖွယ်ကောင်းသည်မှာ "မဖြစ်နိုင်" ဟု ဖြေဆိုရပေဦးတော့မည်။

၂၀၀၉ ခုနှစ် စက်တင်ဘာလထုတ် ဧရာဝတီ မဂ္ဂဇင်းမှ ကျော်စွာမိုးရေးသားသည့် Dark Clouds Over Burma ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်