ပြဿနာများအပေါ် အဖွဲ့ချုပ်က ပြတ်ပြတ်သားသား ကိုင်တွယ်ပါ

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက မြန်မာစစ်အစိုးရက အကျဉ်းသား ၆,၃၀၀ ပြန်လွှတ်ပေးမည်ဟု ကြေညာခဲ့ သည်။ သို့သော်လည်း ၎င်းပြန်လွှတ်လိုက်သည့် အကျဉ်းသားများအနက် ၂၄ ဦးသည်သာ နိုင်ငံရေးအကျဉ်းသားများ ပါဝင်သည်။ မြန်မာစစ်အစိုးရ ထိန်းချုပ်ထားသည့် ရုပ်မြင်သံကြားကမူ " လူသားချင်းစာနာ ထောက်ထားမှုနှင့် သနားချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညှာသောအနေဖြင့်လည်းကောင်း" ၂၀၁၀ ပြည့်နှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲများတွင် လည်း အများပြည်သူတို့နှင့်အတူ နိုင်ငံတော်အကျိုးကို ထမ်းရွက်သွားနိုင်ကြစေရန် ပြန်လွှတ်ပေးသည်ဟု ဆိုသည်။  

ဤထုတ်ပြန်ကြေညာချက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အထူးသံကိုယ်စားလှယ် တောမတ်စ် အိုဂျာ ကွင်တားနား (Tomás Ojea Quintana) ၅-ရက်ကြာ ခရီးလာရောက်သည့် အချိန်၊ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံ အီဗရာဟင် ဂမ်ဘာရီ (Ibrahim Gambari) က ၎င်း၏အတွေ့အကြုံကို ကြားနာကြ မည့်အချိန်နှင့် တိုက်ဆိုင်နေပါသည်။ ထိုမျှမက ဤကြေညာချက်က ထိုင်းနိုင်ငံတွင် အာဆီယံထိပ်သီးအစည်းအဝေး မကျင်းပမီ တပတ်အလိုတွင် ချိန်ကိုက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရက နာမည်ကောင်းရစေရန် ဟန်ပြကြိုးပမ်းမှုတခုပင် ဖြစ်သည်ဟု မှတ်ယူပါသည်။ ယခုကဲ့သို့ အကျဉ်း သားများ ပြန်လွှတ်ပေးခြင်းသည်လည်း စစ်အစိုးရက နိုင်ငံတကာမှ ပြစ်တင်ဝေဖန်မှုများကို ကာကွယ်ခုခံနိုင်ရန်၊ သို့ မဟုတ် လျော့ကျစေရန် ကြိုးပမ်းမှုဖြစ်သည်ဟု ယူဆပါသည်။ ဒေသဆိုင်ရာနှင့် ကမ္ဘာ့အစည်းအဝေးများအကြား မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဆွေးနွေးလေတိုင်း ၎င်း၏ဆိုးရွား သည့် လူ့အခွင့်အရေးအခြေအနေကြောင့် ခေါင်းမဖော်နိုင်ဖြစ်နေရသည် မဟုတ်ပါလား။

ဤအချိန်တွင် ကမ္ဘာတ၀ှမ်းက သံတမာန်ရေးနည်းအားဖြင့် မြန်မာနိုင်ငံတွင် ရလဒ်ကောင်းများထွက်ပေါ်လာစေရေး ကြိုးပမ်းချက်များသည်လည်း မအောင်မြင်နိုင် ဖြစ်နေရသည်။ အရေးပါသည့် ပြဿနာများဖြစ်သည့် ဒေါ်အောင်ဆန်း စုကြည်နှင့် စစ်အစိုးရထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးရေးမှာလည်း မဖြစ်နိုင်သေးဘဲ
ဒေါ်စုကိုယ်တိုင် မလွတ်မြောက်နိုင်သေးဘဲ ဖြစ်နေရပါသည်။ ထို့အပြင် နိုင်ငံရေးအကျဉ်းသား ၂,၂၀၀ ကျော်သည် လည်း အကျဉ်းထောင်များအတွင်း၌ ဖိနှိပ်ချုပ်နှောင်ခံနေကြရဆဲ ဖြစ်သည်။ ထိုမျှမက လာမည့်နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင်လည်း အတိုက်အခံအင်အားစုများအားလုံး အပြည့်အ၀ ပါဝင်ဆောင်ရွက် နိုင်ရေးဆိုသည်မှာလည်း အာမခံချက် မရှိသေးပါ။

အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးဝန်ကြီး ဟေလာရီ ကလင်တန်ကလည်း လွန်ခဲ့သည့် အပတ်က အာရှနိုင်ငံ များသို့ လာရောက်ခဲ့သည့် ခရီးစဉ်တွင် အမေရိကန်၏ စီးပွားဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ဖြစ်စေ၊ ဒေသဆိုင်ရာနိုင်ငံများ ၏ အပြုသဘော ဆက်ဆံရေးကြောင့်ဖြစ်စေ အပြောင်းအလဲများ ဖြစ်လာစေရန် မြန်မာစစ်အစိုးရကို မဖြောင့်ဖြနိုင်ခဲ့ ကြောင်း သုံးသပ်လာခဲ့သည်။ "ကံမကောင်း အကြောင်းမလှတာက မြန်မာနိုင်ငံအပေါ် ဘယ်သူမှ သြဇာမလွှမ်းနိုင်တဲ့ အခြေအနေပါပဲ" ဟု မစ္စ ကလင်တန်က ပြောခဲ့သည်။ "ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ကျမတို့ ရွေးချယ်ခဲ့တဲ့နည်း လမ်းကလည်း မြန်မာစစ်အစိုးရကို သြဇာမညောင်းစေနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း .... သူတို့နဲ့ ဆက်ဆံ၊ ပေါင်းသင်းပြီး လုပ်တဲ့နည်းနာကလည်း အလုပ်မဖြစ်ခဲ့ပါဘူး" ဟု ဆိုသည်။

နေပြည်တော်ရှိ မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ပြည်ပမှ ပြစ်တင်ဝေဖန်မှုဆိုသည်မှာ စက္ကူကျားသဖွယ် အစွယ်မရှိသည့် ခြိမ်းခြောက်မှုမျှသာ ဖြစ်ကြောင်း ကောင်းစွာ သိရှိထားကြပါသည်။ လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု တဖက်သတ် ရည်ရွယ်လုပ်ဆောင်နေခြင်းမှာလည်း ၎င်းတို့စိတ်တိုင်းကျ ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ၎င်းတို့၏ လုပ်ရပ်များကို တံဆိပ်တုံးထုပေးမည့် လွှတ်တော်မျိုးပေါ်ပေါက်လာစေရန်သာ ဖြစ်သည်။ ဤသို့ပေါ်ပေါက်လာမည့် အထက်လွှတ်တော်၊ အောက်လွှတ်တော်များတွင်လည်း စစ်တပ်မှ ရွေးချယ်ပေးပို့သည့် ကိုယ်စားလှယ်များက ရွေးကောက်ပွဲဝင်စရာမလိုဘဲ ၂၅% သော နေရာကို ရယူထားကြဦးမည် ဖြစ်သည်။

သို့သော်လည်း ဘေးမှထိုင်၍ လေ့လာနေကြသည့် "ကျွမ်းကျင်သူပညာရှင်" ဟု ဆိုကြသူများက ၂၀၁၀ ရွေးကောက်ပွဲမှနေ၍ မြန်မာ့နိုင်ငံရေးအတွက် အလှည့်အပြောင်း ဖြစ်လာနိုင်သည်ဟု ထုံအစွာ ယုံကြည်မျှော် လင့်နေကြပါသည်။ ဒီမိုကရေစီ အင်အားစုများအတွက် လမ်းစပွင့်ကောင်း ပွင့်လာနိုင်ပြီး၊ ဖြည်းဖြည်းချင်း စီးပွား ရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သွားနိုင်ရန် အခြေခံကောင်းများ ဖြစ်လာမည်ဟု ထိုသူများက ထင်မြင် နေကြသည်။    
 
အမှန်ဆိုရလျှင် ဗိုလ်ချုပ်သန်းရွှေက ယခုတိုင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို အတည်ပြု လက်မှတ်မရေးထိုးရသေးပါ။ ရန်ကုန်တွင် ဖြစ်ပေါ်နေသည့် ကောလာဟလများအရ စစ်ခေါင်းဆောင်များအတွင်း၌ပင် မည်သူက စစ်တပ်အတွင်း ကျန်မည်၊ မည်သူက လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာမည်ကို ဆုံးဖြတ်သဘောတူညီမှု မရနိုင်ကြသေးဟု ဆိုပါ သည်။

အကယ်၍ အခြေအနေကို ဇင်ဘာဘွေနိုင်ငံ နှိုင်းယှဉ်ကြည့်လျှင် ကြိုက်သည်ဖြစ်စေ-မကြိုက်သည်ဖြစ်စေ၊ နိုင်ငံ တကာနှင့် ဒေသဆိုင်ရာ နိုင်ငံများ၏ ဖိအားကြောင့် အာဏာရှင် ရောဘတ် မူဂါဘီနှင့် သူဦးဆောင်သည့် ဇာနူး- ပီ အက်ဖ်ပါတီ (Zanu-PF party) ချိနဲ့သွားမှု မရှိခဲ့ကြောင်း တွေ့ရမည် ဖြစ်သည်။ နိုင်ငံအတွင်း မိုးခေါင်ရေရှားခြင်း၊ ခုခံ အားကျရောဂါ (HIV/ AIDS) ကူးစက်မှုများ များပြားလာခြင်း၊ စီးပွားရေး ကျပ်တည်းလာခြင်းကြောင့်သာ အားပျော့ချိနဲ့ လာခဲ့ရခြင်း ဖြစ်သည်။  

လအတန်ကြာ လိပ်ခဲတည်းလည်းအခြေအနေမှ နောက်ဆုံး အစိုးရ၀န်ကြီးဌာနများအတွင်း သဘောထားကွဲလွဲမှုများ ပေါ်ပေါက်လာပြီးနောက်မှသာ မူဂါဘီက အတိုက်အခံများနှင့် ညီညွတ်ရေးအစိုးရ ညှိနှိုင်းဖွဲ့စည်းရန် စဉ်းစားလာခဲ့ရခြင်း ဖြစ်သည်။ တဖြည်းဖြည်း အရစ်တင်းလာသည့် ဇင်ဘာဘွေနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးအကျပ်အတည်းများ နောက် ပိုင်းမှသာ အတိုက်အခံနိုင်ငံရေးခေါင်းဆောင် မော်ဂန် ဆဗန်ဂီရီ (Morgan Tsvangirai) က ၀န်ကြီးချုပ်အနေနှင့် သမ္မတ မူဂါဘီနှင့် ပူးတွဲထမ်းဆောင်ရန် အာဏာရလာခဲ့ခြင်း ဖြစ်သည်။ အနောက်နိုင်ငံများက မူဂါဘီနှုတ်ထွက်ပေး ရေး တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။
 
အလားတူပင် မြန်မာနိုင်ငံတွင်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေး ပြုရန်နှင့် ကျရှုံးရတော့မည့် နိုင်ငံတော်ကို ပြန် လည်တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းနေကြသည့် လှုပ်ရှားမှုတွင်လည်း၊ နိုင်ငံရေးခေါင်းဆောင်များ၊ မူဝါဒချမှတ် သူများက ပို၍ ထိရောက်မည့်၊ ပို၍ လက်တွေ့ကျမည့် ဗျူဟာများ ချမှတ်လုပ်ဆောင်သင့်နေပြီ ဖြစ်သည်။ မြန်မာ့ တပ်မတော်ကို မည်သို့ စည်းရုံး သိမ်းသွင်းမည်ကို သေချာ စဉ်းစား ဆောင်ရွက်သင့်ကြပြီ ဖြစ်ပါသည်။
 
နိုင်ငံရေးကိစ္စ သက်သက် တောင်းဆိုနေရုံမျှဖြင့် မဖြစ်နိုင်ပါ။ ကျဆင်းနေသည့် တိုင်းပြည် စီးပွားရေး၊ လူမှုရေး အကျပ်အတည်း တို့ကိုလည်း အသုံးချကြရလိမ့်မည် ဖြစ်သည်။ အထူးသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ကာလတိုင် ယင်းပြဿနာများအပေါ် တုံ့ပြန် ရာတွင်လည်း နှေးကွေးလွန်းလှပါသည်။ စစ်အစိုးရလွန် ကာလတွင် ကြုံတွေ့ရမည့် စီးပွားရေး ပြဿနာ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အသင့်ရှိကြောင်း အဖွဲ့ချုပ်က ပြသရတော့မည့် အချိန် ဖြစ်ပါတော့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်