အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က မူဝါဒအမှားကို တာဝန်ခံရမည်

မြန်မာနိုင်ငံ၏ အတိုက်အခံနိုင်ငံရေးပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အနောက်နိုင်ငံများမှ စီးပွားဒဏ်ခတ် ပိတ်ဆို့သည့်မူဝါဒနှင့် ပတ်သက်၍ ၀ိဝါဒကွဲစရာ ထုတ်ပြန်ပြောဆိုချက် အမျိုးမျိုးပြုလျှက်ရှိသည်။

မြန်မာစစ်အစိုးရအနေနှင့် နိုင်ငံရေးအရတန်းတူ တွေ့ဆုံဆွေးနွေးပွဲ စကားဝိုင်းသို့ ရောက်လာစေရန် ဖိအားပေး တိုက်တွန်းရ သည့် လုပ်ငန်းကို အခက်အခဲ အမျိုးမျိုးကြားမှ ကြံ့ကြံ့ခံဆောင်ရွက်နေရသည့် NLD ပါတီကို များစွာလေးစားဖွယ်ရှိ ပါသည်။ သို့သော်လည်း စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကြောင့် တိုင်းပြည်အပေါ်သက်ရောက် စေခဲ့သည့် ဆိုးကျိုးဒုက္ခများကို မူ NLD ခေါင်းဆောင်မှုက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ၀န်ခံပြောဆို သင့်ပါသည်။ လွန်ခဲ့သည့်ဆယ်စုနှစ် ၂ ခု တာကာလအတွင်း ၎င်းတို့ဖန်တီးခဲ့သည့် မူဝါဒဆိုင်ရာ အမှားအယွင်း များကိုလည်း တာဝန်ခံရလိမ့်မည် ဖြစ်သည်။

ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ထုတ် မဇ္ဈိမသတင်းစာပါ ဆောင်းပါးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆို ခွင့် ရှိသူ ဦးဉာဏ်ဝင်းက " ကျနော်တို့က ဘာမှ ရုပ်သိမ်းစရာ မရှိပါဘူး။ အကြောင်းကတော့ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုဆိုတာ ကျနော်တို့က ချမှတ်ထားတာမဟုတ်သလို၊ ချမှတ်ထားတဲ့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဆိုင်တဲ့ကိစ္စ ပါ။ စစ်အစိုးရက ကျနော်တို့ ကို စွပ်စွဲနေတယ် ဆိုတဲ့ကိစ္စတွေက ကျနော်တို့က လုပ်ထားတာ မဟုတ်ပါဘူး" ဟု ဆိုခဲ့သည်။

အမေရိကန်နိုင်ငံမှ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ ဆောင်ရွက်လာစေရေး၊ သပိတ်မှောက်သည့် လှုပ်ရှားမှုများ ဖြစ်ပေါ် လာစေရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့သူ တဦးအနေနှင့် အဖြစ်မှန်ကို ကောင်းကောင်းသိပါသည်။ NLD ၏ ခေါင်းဆောင်မှု အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်က ၁၉၉၅ ခုနှစ်၊ ဇူလိုင်လ အိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ကာလ နောက်ပိုင်းတွင် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်ပေါ်လာစေရေး လှုပ်ရှားမှုများတွင် ကိုယ်တိုင်ဦးဆောင် ပါဝင် ပတ်သက်ခဲ့ပါသည်။

မိမိတို့ ကမ်ပိန်းလှုပ်ရှားမှုမှ "ဆက်သား"များကို မြန်မာပြည်တွင်း ရန်ကုန်သို့ စေလွှတ်ခဲ့ပါသည်။ လှုပ်ရှားမှု၏ ကြွေးကြော်သံများနှင့် မူဝါဒရေးရာကိစ္စများအတွက် အကြံပြုနိုင်ရန် ဒေါ်စုထံ တင်ပြခဲ့ပါသည်။ NLD ခေါင်းဆောင် က ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ရေးသားမှုများ ပြုပေးခဲ့သည်။ သို့မဟုတ် ပြောဆိုရမည့်အချက်များ၊ သတင်း စကားများကို မီးစိမ်းပြပေးခဲ့ပါသည်။ ဤသို့ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုသပိတ်ကို ထောက်ခံသည့် သတင်းစကားများကို မိမိတို့က ချက်ချင်းဆိုသလို ကမ္ဘာအနှံ့ ဖြန့်ဖြူးခဲ့ကြသည်။ သတင်းမီဒီယာ ထိုးဖောက်မှုကိုလည်း စတင်လှုပ်ရှားခဲ့ကြသည်။ ဒေါ်စုတွင် စိတ်ဓာတ် ရေးရာပိုင်းအရ အလွန် သြဇာ ရှိနေပြီး၊ နိုင်ငံတကာမှ နှစ်လိုထောက်ခံ မှုလည်း ရရှိထားသည်။ မိမိတို့အဖွဲ့များက တစိုက်မတ်မတ် လှုပ်ရှားဆောင်ရွက်ကြမည့် ဇွဲနှင့် ဗျူဟာပိုင်းဆိုင်ရာအရ စွမ်းဆောင်နိုင်ရည်၊ ကျွမ်းကျင်မှုရှိနေကြသည်။

အမှန်ပြောရလျှင် ၁၉၈၉ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာဖော်ပြချက်မှာပင် စစ်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု၊ စီးပွားဆက်ဆံမှု မပြုဘဲ သပိတ်မှောက်ကြရန် ဒေါ်စုက တောင်းဆိုကြောင်း ဖော်ပြခဲ့ဖူးသည်။ ထို အချိန်မှစ၍ ဒေါ်စု အနေဖြင့် လူသိရှင်ကြား ဤမူဝါဒကိုပြောင်းလဲ၍ ပြောကြားခဲ့ဖူးခြင်း မရှိ ပါ။ ပြည်တွင်း၊ ဒေသဆိုင်ရာ၊ နိုင်ငံတကာ လက်တွေ့ အခြေအနေများက ထိရောက်သော စီးပွားဒဏ်ခတ် ပိတ်ဆို့မှု အတွက် အခြေအနေ မပေးတော့သည့်တိုင်သော်မှ ဤမူဝါဒ ပြောင်းလဲကြောင်း ဖော်ပြပြောဆိုခဲ့ခြင်း မရှိပါ။

မူလက "သေချာချိန်ရွယ် ပစ်မှတ်ထားသော စီးပွားရေးဒဏ်ခတ်အရေးယူမှု" ဖြင့် ဗိုလ်ချုပ်များ အိပ်အတွင်းသို့ ၀င်ငွေမရစေရန်၊ စီးပွားရေးအရ ထိခိုက်နစ်နာလာစေရန် ရည်ရွယ်ခဲ့ပါသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် စစ်အစိုး ရက တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းပေါ် ရောက်လာစေရန် ရည်ရွယ်ပြီး၊ ပြည်တွင်းတွင် ဒေါ်စုက လှုပ်ရှားဆောင် ရွက်နေသည့် ငြိမ်းချမ်းစွာ အာဏာဖီဆန်ရေး အကြမ်းမဖက် လှုပ်ရှားမှုများ၊ နိုင်ငံတကာမှလည်း စီးပွားရေးအရ ဒဏ်ခတ် ဖိအားပေးခြင်း၊ သံတမာန်ရေးအရ အထီးကျန် ဖြစ်စေရန် ဆောင်ရွက်ခြင်း၊ သတင်းမီဒီယာများ တွင် လည်း မြန်မာပြည်အရေးကို  ဖော်ပြလာ စေရန် ကြိုးပမ်းခြင်း၊ ထို့အပြင် ကုလသမဂ္ဂမှလည်း အခြားသော အရေး ယူမှုများပြုခြင်း စသဖြင့် နည်းမျိုးစုံဖြင့် ပေါင်းစပ်၍ မြန်မာနိုင်ငံတွင် အပြောင်း အလဲများ ဖြစ်ပေါ်လာစေရန် မဟာဗျူဟာ အရ ရည်ရွယ် ခဲ့ ကြပါသည်။ဤကြိုးပမ်းချက်များကို ထိုင်း-မြန်မာနယ်စပ်တွင် လက်နက်ကိုင် တော်လှန်ရေး အရှိန်မြှင့်ဆောင်ရွက်ခြင်းဖြင့် ပေါင်းစပ်နိုင်မည်ဟု ယူဆခဲ့ကြသည်။

ဓမ္မဓိဌာန်ကျကျ ဆန္ဒစွဲကင်းကင်းဖြင့် သုံးသပ်ကြသူတိုင်းက ယခုကဲ့သို့"ပြည်တွင်း ပြည်ပ" ပူးပေါင်း ဆောင် ရွက်မည်ဟူသည့် ဗျူဟာ အလုပ်မဖြစ်ခဲ့ကြောင်း သေချာရှင်းလင်း တွေ့နိုင်ပါသည်။

မြန်မာပြည် လွတ်လပ်ရေးညွန့်ပေါင်းအဖွဲ့ (FBC) က အနောက်တိုင်းနိုင်ငံများရှိ စားသုံးသူများအကြား သပိတ် မှောက်မှုများ၊ မြန်မာနိုင်ငံသို့ ဧည့်ခရီးမသွားရေး ကိစ္စများကို ဦးဆောင်လှုပ်ရှားခဲ့သည်။

စီးပွားရေးဒဏ်ခတ်မှုအတွက်လည်းကောင်း အာဏာပိုင် အစိုးရများကို တိုက်တွန်းစည်းရုံးခဲ့သည်။ သတင်းမီဒီယာ လှုံ့ဆော်မှု ကမ်ပိန်းများ ဆောင်ရွက်ခဲ့ပါသည်။ ဤသို့ဖြင့် ၁၉၉၀ ခုနှစ်ကာလများတွင် စစ်အစိုးရက (ကန့်သတ်၍) စီးပွားရေး တံခါးဖွင့်စ အခြေအနေကို ပိတ်ဆို့ရန်ကြိုးပမ်း ရာတွင် တစိတ်တပိုင်းတာဝန်ရှိ ခဲ့ပါသည်။ ဤသို့ စီးပွားရေး တံခါးဖွင့်လာခြင်းကြောင့် နောက်ပိုင်းဖြစ်လာနိုင်သည့် နိုင်ငံရေးအကျိုးရလဒ်များကို လျစ်လျူရှုခဲ့သည့် အတွက်လည်း အကျိုးဆက်များအတွက် တစုံတရာ တာဝန်ရှိပါသည်။

ပို၍ ဆိုးသည့်အချက်မှာ အနောက်နိုင်ငံများတွင် မိမိတို့က ဆန္ဒစေတနာကောင်းဖြင့် တိုက်တွန်းလှုပ်ရှားခဲ့သော လှုပ်ရှားမှု ကြောင့် သွယ်ဝိုက်၍ဖြစ်သော အကျိုးဆက်ပင်ဖြစ်စေ မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံမှ အမျိုးသမီး ငယ်များ ထောင်နှင့်ချီ၍ အလုပ်ပြုတ်ခဲ့ကြရပါသည်။ စီးပွားရေးအရ ပို၍ ကြပ်တည်းဆင်းရဲခဲ့ရသည်။ တချို့လည်း ပြည့်တန်ဆာအဖြစ် ကိုယ်ရောင်းစားရသည့်ဘ၀၊ တဘက်နိုင်ငံကူး၍ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အလုပ် လုပ်ကြရသည့် အခြေအနေ ဆိုက်စေခဲ့ပါသည်။

လွန်ခဲ့သည့် နှစ်၂၀ ကာလအတွင်း မိမိတို့က မြန်မာနိုင်ငံနှင့် မိုင်ပေါင်း ၁၂,၀၀၀ မျှဝေးသည့် အမေရိကန်နိုင်ငံမှ နေ၍ ဤလှုပ်ရှားမှုကို စတင်ခဲ့သည့်အချိန်မှစ၍ ဖြစ်လာသည့် လက်တွေ့ ဖြစ်ရပ်မှန်များက ခုတ်ရာတခြား ရှရာ တခြား အခြေအနေကို ဖော်ပြနေကြသည်။ စစ်ဗိုလ်ချုပ်များက ပို၍ချမ်းသာလာကြသည်။ ပို၍ ခိုင်မြဲလာသလို ပို၍ လည်း ယုံကြည်မှုမြင့်လာကြသည်။ မြန်မာနိုင်ငံ၏ ပေါကြွယ်ဝလှသည့် သဘာဝဓာတ်ငွေ့၊ ရေနံ စသဖြင့် ဗျူဟာ မြောက် သဘာဝအရင်းအမြစ်များနှင့် ကမ္ဘာ့ရေနံ ထုတ်လုပ်မှုနှင့် ရေနံဈေးကွက်တို့ကြောင့် ဤ အခြေအနေ ရောက်လာခြင်းဖြစ်သည်။ ထိုမျှမက စစ်တပ်အစိုးရအနေဖြင့်အလျှင်အမြန်စီးပွားဖွံ့ဖြိုးလာနေသည့် တရုတ်၊ အိန္ဒိယ စသည့် အာရှတိုက်၏ အင်အားကြီးနိုင်ငံများ၏ ကူညီပံ့ပိုးမှုကိုလည်း ရရှိနေကြပြန်သည်။

ဒီမိုကရေစီရေးအတွက် အလံကိုင်ပါတီကြီး ဖြစ်သည့် NLD အပေါ် အတိုက်အခံ ပုဂ္ဂိုလ်များနှင့် အတိုက် အခံ အဖွဲ့များ လှုပ်ရှားမှုများအကြားတွင် မူလက ထားခဲ့သည့် ယုံကြည်အားကိုးမှုများ တပြေးညီ မရှိတော့ပြီကို ထောက်ပြဖို့ လိုပါသည်။ NLD ပါတီသည် မြန်မာပြည်သူအများ၏ နှလုံးကို သိမ်းကျုံးမယူနိုင်၊ မဆွဲဆောင် နိုင် တော့ပါ။ NLD ပါတီကို အခိုင်အမာ ရပ်တည် ထောက်ခံခဲ့ကြသည့် အနောက်တိုင်း အစိုးရများပင်လျှင် ပါတီ၏ မဟာဗျူဟာပိုင်းအရ ခေါင်းဆောင်မှုအပေါ် ယုံကြည်မှု လျော့ပါးလာနေပြီ ဖြစ်ပါသည်။

လွန်ခဲ့သည့်အပတ် အာရှတိုက်ရှိ နိုင်ငံများသို့ ခရီးလှည့်လည်စဉ်၌ အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေး ၀န်ကြီး ဟေလာရီ ကလင်တန်က ၎င်းနိုင်ငံအနေနှင့် မြန်မာနိုင်ငံအပေါ် စီးပွားဒဏ်ခတ်ပိတ်ဆို့သည့် မူဝါဒကို ပြန်လည်သုံးသပ်နေ ကြောင်း ပြောကြားခဲ့ပါသည်။ မူဝါဒအပြောင်းအလဲ ရှိနိုင်ကြောင်းလည်း အချက်ပြခဲ့သည်။

အမေရိကန်နိုင်ငံ၏ မြို့တော် ၀ါရှင်တန်တွင် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုနှင့် ပတ်သက်၍ နိုင်ငံရေးပါတီကြီး ၂ ခု လုံးက သဘောတူညီမှု တစုံတရာ ရှိနေကြ ပုံကို သုံးသပ်လို့ရပါသည်။ ဤသို့စီးပွားရေး ပိတ်ဆို့မှုကြောင့် ဖြစ်လာ သည့် အကျိုးဆက်များသည် အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားအတွက် အလုပ်မဖြစ်စေပါ။

အထက်လွှတ်တော်၏ နိုင်ငံခြားဆက်ဆံရေး ကော်မီတီဥက္ကဋ္ဌ ဟောင်း ရီပတ်ဘလစ်ကင်ပါတီ အမတ် ရစ်ချတ် လူဂါ (Richard Lugar) က   ကျူးဘားနိုင်ငံအပေါ် ၄၇ နှစ်ကြာ အထီး ကျန်ဖြစ်စေရန် ပိတ်ဆို့ခြင်းကြောင့် မည်သည့်အကျိုးရလဒ်မျှ မရှိခဲ့ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

လက်ရှိ စစ်အစိုးရအနေနှင့် ၁၉၆၂ ခုနှစ်မှ စတင်၍ လွဲမှားဆောင်ရွက်လာခဲ့သည့် မူဝါဒအမှားများ၊ ညံ့ဖျင်းသည့် ခေါင်းဆောင်မှုများကြောင့် ဖြစ်ပေါ်လာရသော ဆိုးကျိုးဒုက္ခများအတွက် တာဝန်ရှိသည်ကို မြန်မာပြည်သူအားလုံး ကောင်းစွာ သိပါသည်။ ၎င်းတို့က မူဝါဒများချမှတ်ရာတွင်သော်လည်းကောင်း၊ နိုင်ငံရေးအရ ဆုံးဖြတ်ချက်များ ချ မှတ်ရာတွင်သော်လည်းကောင်း တဘက်သတ်သာ ဆောင်ရွက်ခဲ့ကြသည်။ ဒီမိုကရေစီနည်းလမ်းတကျ မဟုတ် ဘဲ ဆောင်ရွက်ခဲ့ကြပါသည်။

သို့ရာတွင် မိမိတို့၏ လုပ်ဆောင်မှုများအတွက် တာဝန်ယူ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုဆိုသည်မှာ အာဏာရှင် များသာမက ဒီမိုကရေစီ ယုံကြည်သူများပါ လိုက်နာ အကောင်အထည်ဖော်ကြရမည့် ကိစ္စ ဖြစ်ပါသည်။

ထို့ကြောင့် NLD ခေါင်းဆောင်မှုအနေနှင့် ရိုးသားစွာ မိမိတို့၏မူဝါဒများ ရှုံးနိမ့်ရမှုကို ပြန်လည်သုံးသပ်ပါရန် တောင်းဆိုလိုပါသည်။ ထိုမျှမက မြန်မာလူထုနှင့် နိုင်ငံ၏ ရှေ့ရေး အပေါ် အကျယ်အပြန့် သက်ရောက်စေသည့် ဆိုးကျိုး များကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါသည်။ အတိုက်အခံ နိုင်ငံရေးလှုပ်ရှားမှုတခုလုံးက ဒေါ်အောင်ဆန်းစုကြည် ၏ ကျင့်ဝတ်မှု ပိုင်းဆိုင်ရာ ခေါင်းဆောင်မှု၊ မဟာဗျူဟာ မူဝါဒ အရ ဦးဆောင်မှုကို ခံယူလှုပ်ရှားနေကြသည့် အတွက်ကြောင့်လည်း ဤသို့ ပြောဆိုရခြင်း ဖြစ်ပါသည်။

စစ်အစိုးရနှင့်"အပြုသဘော ဆက်ဆံရေးမူဝါဒ" ကို ဝေဖန်ပြောဆိုကြသူများက ဤသို့ အပြုသဘော ပူးပေါင်း ဆောင်ရွက် ခြင်းဖြင့်လည်း အလုပ်မဖြစ်နိုင်ကြောင်း ဝေဖန်ကြပါသည်။ သူတို့ ဝေဖန်သည့်အတိုင်း မှန်ပါသည်။ အပြုသဘောဆက်ဆံရေးမှာ စစ်ဗိုလ်ချုပ်များနှင့် မိမိအကျိုးစီးပွားကိုသာ ရှေးရှုပြီး အပြုသဘော ဆက်ဆံ ပေါင်း သင်းခြင်းမျှသာ ဖြစ်ပြီး အရပ်ဘက် လူထုအဖွဲ့အစည်းများနှင့်  မြန်မာ လူ့အသိုင်းအ၀န်းကို အပြု သဘော ပေါင်းသင်း ဆက်ဆံခြင်း မဟုတ်ပါ။

မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ အစိုးရမဟုတ်သည့် အဖွဲ့အစည်း (အန်ဂျီအို) များ၊ သက်မွေးဝမ်းကျောင်း ဆိုင်ရာ အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင် ကုန်သည်ကြီးများ အသင်း၊ ပညာရေးဆိုင်ရာ ဌာနများ၊ ကမ္ဘာ့ နိုင်ငံသားများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ စသဖြင့်တို့က မြန်မာနိုင်ငံ ဘက်စုံ ပွင့်လင်းတိုးတက်ပြောင်းလဲ လာစေရေးအတွက် များစွာကူညီ ပံ့ပိုးနိုင်ကြပါသည်။

နိုင်ငံရေးနှင့် စီးပွားရေး လုပ်ငန်းစဉ်များတွင် လူအများ ပါဝင်ဆောင်ရွက်ခွင့် ရှိလာစေခြင်းဖြင့် ပို၍ လွတ်လပ် ပွင့်လင်း သော၊ အမြင်သဘော မတူညီမှုများကို ပို၍သည်းခံမှု မြင့်မားသော ရင့်ကျက်သည့် လူ့အဖွဲ့အစည်း တရပ် ကို အုတ်မြစ်ချ တည်ထောင်နိုင်ကြမည် ဖြစ်သည်။ ဤအချက်မရှိဘဲ မည်သို့သော ဒီမိုကရေစီစနစ်မျိုးကမှ ရှင်သန် သက်ဝင် အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရှင်သန်ခြင်း ကိုလည်း အပြောင်းအလဲအတွက် လုပ်ငန်းစဉ်၏ ကဏ္ဍတရပ် အဖြစ် ရှုမြင်နိုင်ရန် လိုအပ်ပါသည်။

ခေတ်နောက် ပြန်ဆွဲနေ သည့်၊ အရာရာကို စစ်ဘက်က လွှမ်းမိုးချုပ်ကိုင်ထားသည့် လက်ရှိအခြေအနေမှ ပို၍ လွတ်လပ်ပွင့်လင်းသည့် ပို၍ရင့်ကျက်သည့် လူ့ဘောင်အဖွဲ့အစည်း ဖြစ်လာအောင် လုပ်ယူကြရမည် ဖြစ်ပါသည်။ ပို၍ ပွင့်လင်းသည့် လူ့ဘောင်ကို စီးပွားဒဏ်ခတ်ပိတ်ဆို့မှု မူဝါဒ သေနတ်ပြောင်းဝတွင် တည်ဆောက်၍ မရနိုင်ပါ။ ထို့အပြင် ကုလသမဂ္ဂ ဆုံးဖြတ်ချက်များဖြင့်လည်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ တွေ့ဆုံဆွေးနွေးရေး ချက်ချင်းဖြစ်လာစေမည် မဟုတ်ပါ။

စစ်အစိုးရ ခေါင်းဆောင်ပိုင်းနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုအပေါ် မိမိက သိပ်၍ အကောင်းမြင် မျှော်လင့်ချက် မထားလှပါ။ ထိုထက်စာလျှင် အဖွဲ့အစည်းများ၊ အင်စတီကျူးရှင်းများ၊ နည်းပညာပိုင်းဆိုင်ရာ နယ်ပယ်မှ အစု အဖွဲ့များ၊ ယဉ်ကျေးမှု၊ အနုပညာ၊ အဆင့်မြင့်နှင့် အခြေခံပညာရေး၊ လူထုကျန်းမာရေး၊ စိုက်ပျိုးရေး၊ အားကစား၊ ခရီးသွားလုပ်ငန်း၊ သုတေသန၊ ကုန်သွယ်မှု စသဖြင့် အခြားအဆင့်များနှင့် ဆက်ဆံရေးပေါ်မှာသာလျှင် ပို၍ ရလဒ်ဖြစ်ဖွယ် မြင်မိပါသည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း၏ အဆုံးစွန် ရည်မှန်းချက်မှာ လွတ်လပ်ပွင့်လင်းသည့် လူ့ဘောင်တရပ် ကို ထူထောင်ရေး၊ ဒီမိုကရေစီ နည်းနာများကို ထိန်းသိမ်းကျင့်သုံးနိုင်ရေးဟု ဆိုလျှင်၊ မြန်မာ့ လူ့အဖွဲ့အစည်းကို ပွင့်လင်းလာ စေမည့် နောက်ထပ်မူဝါဒများ ချမှတ်ကျင့်သုံးရန် လိုအပ်နေပါသည်။ စစ်တပ်အပါအ၀င် လူမှုအဖွဲ့ အစည်း အဆောက်အအုံများကိုလည်း ပို၍ လွတ်လပ် ပွင့်လင်းလာစေဖို့ လိုပါသည်။ ဒီမိုကရေစီနိုင်ငံများတွင် မည်သို့မည်ပုံ ကျင့်သုံးနေသည်ကို အတွေ့အကြုံရစေရန် လေ့လာခွင့်ရှိရန် လိုအပ်ပါသည်။

NLD ပါတီက ၎င်းတို့၏ နိုင်ငံရေးအတွင်းသို့ လူအများ၏ ဘ၀ဆိုင်ရာကိစ္စများ ပြန်လည်သွတ်သွင်းပြီး အသက်ဝင် ရှင်သန်လာအောင် ဆောင်ရွက်နိုင်ပါသည်။ စေတနာကောင်းဖြင့် ကြိုးပမ်းခဲ့သော်လည်း အလုပ်မဖြစ်သည့် မူဝါဒ များ၊ မဟာဗျူဟာများကို အမှန်အတိုင်း လူသိရှင်ကြား ဖွင့်ဟ၀န်ခံပြီး ပြန်၍ ချိန်ညှိနိုင်ပါသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံရေးပါတီများ၊ အစိုးရများ၊ ခေါင်းဆောင်များက တကြိမ်မဟုတ် တကြိမ် အမှားပြုကြသည်မှာ မဆန်း ပါ။ ဤသို့ အမှားပြုခဲ့ခြင်းကို ၀န်ခံရသည်မှာလည်း ရှက်စရာကိစ္စ မဟုတ်ပါ။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းသည်ပင် ဗြိတိသျှ အင်ပါယာနယ်ချဲ့များကိုတိုက်ထုတ်ရန် ဂျပန်ဖက်ဆစ်များနှင့် ပူးပေါင်းခဲ့သည့်အမှားကို အသိ အမှတ်ပြု ခဲ့ပြီး သူ၏ ရပ်တည်ချက်ကို ပြန်လည်ပြောင်းလဲခဲ့ဖူးသည်။

NLD ပါတီအနေနှင့် ဤကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းက ဆောင်ရွက်ခဲ့ချက်ကို စံပြနမူနာ ယူနိုင်ပါသည်။ သမိုင်းချောက်တွင်း ကျဆင်းမသွားစေရေးအတွက် ပြန်လည်ဆည်မနိုင်ပါသည်။ မူဝါဒအတိုင်း ရပ်တည်သော် လည်း၊ ခေါင်းဆောင်မှု မှားယွင်းမှုကြောင့်၊ သို့မဟုတ် အလုပ်မဖြစ်သော မူဝါဒများကြောင့် ဆယ်စုနှစ်ပေါင်းများစွာ တံခါးပိတ်အထီးကျန်နေခဲ့ရသည့် ဘ၀မှ ကုန်းရုန်းထလာသည့် မြန်မာ့လူ့အဖွဲ့အစည်းကို ပို၍ ဆင်းရဲတွင်း နက်စေ ရန်၊ ပို၍ အထီးကျန်မှုကို ဖြစ်စေသည့် မူဝါဒနှင့် ဗျူဟာကို ဆက်လက်ဆောင်ရွက်၍ မသင့်တော်တော့ပြီ ဖြစ်ပါ သည်။

ပြည်သူအများ၏ ကောင်းကျိုးစီးပွားကို ပါတီ၏ မူဝါဒများထက်၊ သို့မဟုတ် ခေါင်းဆောင် မျက်နှာပျက်ရမည့်အရေး ထက် ပို၍ ရှေ့တန်းထားသင့်ပါသည်။ သူတို့ပြောနေသည့် တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုကို ပြောသည့်အတိုင်း ဆောင်ရွက်သင့် ပါသည်။

အကယ်၍"လူလတ်တန်းစားများ ပေါ်ပေါက်ရေးက ပထမ၊ ဒီမိုကရေစီက ဒုတိယ"ဟူသည့် အာရှတိုက်မှ ခေါင်း ဆောင်များ၏ အဆိုကို လက်မခံနိုင်သည် ဆိုဦးတော့၊ ဒီမိုကရေစီဆိုသည်မှာ နိုင်ငံရေးလုပ်ငန်းစဉ် သက်သက်မျှ မဟုတ်သည်ကို မြင်သင့်ပါသည်။ စီးပွားရေးကိစ္စများ၊ ယဉ်ကျေးမှုကိစ္စများ.. စသဖြင့် ကဏ္ဍပေါင်းစုံတွင် အပြောင်း အလဲများ ဖြစ်ပေါ်ရန် လိုအပ်သည်ကိုလည်း အမြင်မလျှမ်းသင့်ပါ။

စီးပွားရေးပိတ်ဆို့မှုကို ဆန့်ကျင်သူ ပညာရှင်များအား သွားပုပ်လေလွင့်  တရားသေစွပ်စွဲ၊ တပ်မတော်သားများ အား တိုက်ခိုက် ဝေဖန်နေမည့်အစား၊ စစ်မှန်သော ဒီမိုကရေစီ စိတ်ထားအပြည့်အ၀ဖြင့် ဆွေးနွေးကြရန်၊ ငြင်း ခုန်ကြရန်၊ မြန်မာပြည်အပြောင်း အလဲအတွက် အဖြေထုတ်ကြရန် မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိပါသည်။  ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထိပ်သီးခေါင်းဆောင် ၂ ဦးအကြား တွေ့ဆုံ ဆွေးနွေးရုံမျှ ဖြင့် ပြေလည်မှုရနိုင်မည် မဟုတ်ပါ။

နောက်ဆုံး ဖော်ပြလိုသည်မှာ ဒီမိုကရေစီဆိုသည်မှာ ခေါင်းဆောင်များ၏ ကိုယ်ရေးကိုယ်တာ ကိစ္စ မျှသာမဟုတ် ပါ။ ခေါင်းဆောင်ကြီးများ မည်မျှ သတ္တိရှိသည်၊ မြင့် မြတ်သည်၊ ကြည်ညိုလေးစားဖွယ် ကောင်းသည် စသည့် ကိစ္စများနှင့်လည်း လုံးဝမဆိုင်လှပါ။ ဒီမိုကရေစီဆိုသည်မှာ လူအများ၏ ကိစ္စသာ ဖြစ်ပါသည်။ သူတို့၏ နေ့စဉ် ဘ၀၊ သူတို့၏ လိုအပ်ချက်များ၊ သူတို့၏ အရေးကိစ္စများသာ ဖြစ်ပါသည်။

ဒေါက်တာဇာနည် ရေးသားသည့် NLD Must Own Up to its Policy Mistakes ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။

ဒေါက်တာဇာနည်သည် မြန်မာပြည် လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (Free Burma Coalition) ကို စတင်တည်ထောင်ခဲ့သူ တဦးဖြစ်ပြီး ယခုအခါ အောက်စဖို့ဒ်တက္ကသိုလ်တွင် ဧည့်သုတေသီ ပညာရှင် အဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်