ဒီမိုကရေစီနှင့်ပူးပေါင်းမလား အာဏာရှင်နှင့်ပူးပေါင်းမလား

မြန်မာ့နိုင်ငံရေးအကြပ်အတည်းနှင့်ပတ်သက်ပြီး စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ထောက်ခံပြောဆိုသည့် အသံများ သတင်းစာမျက်နှာများပေါ်တွင် မကြာသေးခင်ကာလအတွင်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါသည်။

နှစ်ပေါင်း၂၀ ကြာခဲ့ပြီဖြစ်သည့် ဤနိုင်ငံရေးအရှုပ်အထွေးကိုဖြေရှင်းရန်အတွက် ယခုကဲ့သို့ အသစ်တဖန်ကြိုးပမ်းအားထုတ် မှုသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအထူးသံကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ၏ ဇန်န၀ါရီလ ၃၁ ရက် နေ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ သွားရောက်ခဲ့သော ၇ ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေခဲ့ပါသည်။

ထိုခရီးစဉ်မှ ထွက်ပေါ်လာသည့် အပြုသဘောတိုးတက်မှုတခုခုကို ကျွန်တော်တို့ ထောက်ပြရမည်ဆိုလျင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပထမဦးဆုံးအကြိမ် သူမ၏အဖွဲ့ချုပ်ခေါင်းဆောင်များနှင့်အတူ တကွ ကုလသမဂ္ဂအထူးသံကိုယ်စားလှယ်ကို တွေ့ဆုံခွင့်ရလိုက်ခြင်းပင်ဖြစ်ပါသည်။

ဤတကြိမ်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အဖွဲ့ချုပ်နှင့် စစ်အစိုးရအကြား အဓိပ္ပာယ်ရှိသည့် တွေ့ဆုံဆွေး နွေးပွဲ ဖြစ်ပေါ်လာစေရန်၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံးက ကြားဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့သည်မှာ ထင်ရှားပါသည်။

“ထိတ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုဉ်းရေး၊ စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး၊ အလုံးစုံ ပိတ်ဆို့ရေးတို့ သည် တိုင်းပြည်နှင့်ပြည်သူလူထုအတွက် အကျိုးမရှိပါ”ဆိုသည့် စစ်အစိုးရ၏ထုတ်ပြန် ကြေညာချက်ကို စစ်အစိုးရနှင့် အဖွဲ့ချုပ်တို့ တသဘောတည်းရှိသည်ဆိုသည့်အနေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရည်ညွှန်းမှု မရှိခဲ့ခြင်းကို မစ္စတာဂန်ဘာရီ သိရှိနေပြီးဖြစ်သည်မှာလည်း ထင်ရှားပါသည်။

“ယင်းကိစ္စများ(နားလည်မှုလွဲမှားမှုများ) မဖြစ်ပေါ်ရအောင် နှစ်ဦးနှစ်ဘက်ပူးပေါင်းဆောင်ရွက်ကြရန်နှင့် သဘောတူညီ ချက်များကိုလည်း နှစ်ဦးနှစ်ဘက်အတူတကွ ကြေညာချက်ထုတ်ပြန်ကြရန် အသင့်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ဆံရေးဝန်ကြီးဦးအောင်ကြည်မှတဆင့် အာဏာပိုင်တို့ထံအသိပေးခဲ့ပြီးဖြစ်ပါသည်”ဟု ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထုတ်ပြန်သည့် အထူးကြေညာချက်အမှတ် ၂ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၄င်း၏ရပ်တည်ချက်ကို ရှင်းလင်း ထားပါသည်။

အဖွဲ့ချုပ်၏ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းမှလည်း ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်းသို့ အဖွဲ့ချုပ်သည် ကြိုတင်စည်း ကမ်းသတ်မှတ်ချက်မထားသည့်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရေးကို အလေးအနက်ထားကြောင်း ထပ်မံပြောကြားခဲ့ပါသည်။ ထို့အပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံကို လာရောက်စေချင်သည့် အဖွဲ့ချုပ် ၏ ဆန္ဒကိုလည်း အလေးအနက်ပြောဆိုခဲ့ပါသည်။

စီးပွားရေးနှင့် အခြားအရေးယူပိတ်ဆို့မှုအပါအ၀င် တိုင်းပြည်၏နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးပြီး နှစ်ဦးနှစ်ဘက် သဘောတူထုတ်ပြန်ကြေညာချက်တစောင်ထုတ်ပြန်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က အဆင်သင့်ရှိနေပါသည်။ အဓိပ္ပာယ်ရှိသည့်တွေ့ဆုံဆွေးနွေးမှုများဖြစ်မြောက်ရေးကို မည်သူကလွှဲရှောင်နေသည် ဆိုသည်မှာ ထင်ရှားပါသည်။

ယခုနှစ်အစောပိုင်း မစ္စတာ ဂန်ဘာရီ၏ ခရီးစဉ်အတွင်း မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ကုလသမဂ္ဂအနေနှင့် မြန်မာနိုင်ငံတည်ငြိမ်တိုးတက်မှုရှိခြင်းကို မြင်တွေ့လိုလျင် စီးပွားရေးနှင့် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ဆို့အရေးယူထားမှုများကို အရင်ဆုံးဖယ်ရှားပေးရလိမ့်မည်ဟု တောင်းဆိုခဲ့ပါသည်။

စစ်အစိုးရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်တလှည့် ကုလသမဂ္ဂဆီတလှည့် သံတမန်ကစားကွက်များဖြင့် အခြေ အနေတွေဖြေရှင်းမရဖြစ်ပြီး ပိုပြီးရှုပ်ထွေးလာစေရန်ဖန်တီးနေခြင်းသာဖြစ်ပါသည်။

စစ်ဗိုလ်ချုပ်ကြီးများသည် ထိုနည်းဗျူဟာကို တလျှောက်လုံးကျင့်သုံးလာခဲ့ပြီး ဆက်လက်၍လည်းကျင့်သုံးနေပါလိမ့်မည်။ အကြောင်းမှာ အနာဂတ်မြန်မာနိုင်ငံရေးတွင် အတိုက်အခံအင်းအားစုများကို တလက်မမှ နေရာပေးစရာမလိုဘဲ တိုင်းပြည် ကို ၄င်းတို့ကိုယ်တိုင် စီမံအုပ်ချုပ်သွားနိုင်ပြီဟု စစ်ဗိုလ်ချုပ်ကြီးများယုံကြည်နေကြသောကြောင့်ဖြစ်ပါသည်။

ထိုအတောအတွင်း အမေရိကန်ပြည်ထောင်စုအစိုးရအသစ်သည် ၄င်း၏မြန်မာပြည်ဆိုင်ရာမူဝါဒများကို အစအဆုံး ပြန် လည် သုံးသပ်နေချိန်လည်းဖြစ်ပါသည်။ အမှန်တကယ်အားဖြင့် အမေရိကန်ပြည်ထောင်စုသည် မြန်မာစစ်ဗိုလ်ချုပ်များနှင့် သူတို့၏အပေါင်းအပါများကို စီးပွားရေးနှင့်ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်အရေးယူမှုများ အဓိကပြုလုပ်ထားသည့် နိုင်ငံဖြစ်ပါ သည်။

သို့သော် မြန်မာပြည်ဆိုင်ရာမူဝါဒအသစ်များကိုမကြေညာမီ သမ္မတ အိုဘားမားအစိုးရသည် အောက်ပါအချက်ကို အလေး အနက်စဉ်းစားသင့်ပါသည်။

အနာဂတ်မြန်မာနိုင်ငံ၏ အရေးအရာများဆောင်ရွက်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နေရာပေး ပူးပေါင်းဆောင် ရွက်လိုစိတ် စစ်အစိုးရတွင် အမှန်တကယ်ရှိပါသလား ဆိုသည့် အချက်ဖြစ်ပါသည်။

ရန်သူကိုအနိုင်တိုက်ရန်အတွက်သာ လေ့ကျင့်ပေးထားသည့်စစ်သားများသည် စစ်ပွဲအောင်နိုင်ရန်အလားအလာရှိနေ သရွေ့ မည်သည့်အခါမျှ စားပွဲဝိုင်းတွင်ထိုင်ပြီးဆွေးနွေးလိမ့်မည်မဟုတ်ပါ။ ယခုလိုအချိန်အခါမျိုးမှာ ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ၄င်းတို့သေချာပေါက်နိုင်တော့မည်ဆိုပြီး စစ်အစိုးရသည် ယုံကြည်မှုအပြည့်နှင့် ရှိနေပါ လိမ့်မည်။

မကြာသေးခင်ရက်များအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အဆိုးမြင်ဝေဖန်ရေးသား ထားချက်များကို လက်တဆုပ်စာ နိုင်ငံခြားသားပညာရှင်နှင့် သံတမန်ဟောင်းတချို့က ရေးသားထုတ်ပြန်ခဲ့ပါသည်။ သတင်းစာမျက်နှာများပေါ်တွင် ထွက်ပေါ်လာသော ၄င်းတို့၏အမြင်သဘောထားများသည် စစ်အစိုးရနှင့်ပူးပေါင်းဆောင် ရွက်ရေးကို တိုးမြှင့်ဆောင်ရွက်ရန် ထောက်ခံရေးသားကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား တိုင်းပြည်ဖွံ့ဖြိုးရေးကို ပိတ်ဆို့နေသော သိုးမည်းအုပ်သဖွယ် ဝေဖန်ခဲ့ကြပါသည်။

မြန်မာပြည်နိုင်ငံရေးသည် စီးပွားရေးဆန်သောလုပ်ငန်းသက်သက်ဖြစ်ပြီး အကျိုးစီးပွားတူသူများအတွက် အမြတ်ရရှိရေးကို ရှေးရှု့သည့်လုပ်ငန်းတရပ်ဖြစ်နေလျင် အထက်ပါဝေဖန်ရေးသားချက်များသည် အံ့သြစရာကောင်းလိမ့်မည် မဟုတ်ပါ။

သို့သော် လက်ရှိဖြစ်နေသောအခြေအနေသည် ထိုကဲ့သို့မဟုတ်ပါ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားများ၊ သံဃာတော်များ၊ သတင်းစာဆရာများ၊ စာရေးဆရာများ၊ ကဗျာဆရာများနှင့် မီးဖိုချောင်ထဲက အိမ်ရှင်မများပါမကျန် ဒီမို ကရေစီလှုပ်ရှားမှုနယ်ပယ်ကြီးတခုလုံးသည် ၁၉၈၈ ခုနှစ်ကတည်းက သူတို့၏အသက်များ၊ ဘ၀များကို စွန့်လွှတ်ခဲ့၊ စွန့် လွှတ်ကြိုးပမ်းနေကြဆဲဖြစ်ပါသည်။

အကြောင်းမှာ ဒီမိုကရေစီစနစ်သာလျင် ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနှင့် ကြွယ်ဝ ချမ်းသာမှု၊ ထို့ထက်ပိုပြီးအရေးကြီးသည့် အချက်မှာ မိမိနေထိုင်ရာလူ့အဖွဲ့အစည်းတွင် လူသားတယောက်နှင့်ထိုက်တန်သော လူ့ဂုဏ်သိဏ္ခာရှိရှိဖြင့် အသက်ရှင် ရပ်တည်နိုင်ရေးတို့ကိုဆောင်ကျဉ်းပေးနိုင်သည်ဆိုသည့် ယုံကြည်ချက်ကြောင့်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပွင့်လင်းမှုရှိသောဒီမိုကရေစီလူ့အဖွဲ့အစည်းကသာလျင် ဆောင်ကျဉ်းပေးနိုင် လိမ့်မည်ဟု ကျနော်ယုံကြည်ပါသည်။ ကျနော်တို့ အခုလို ရုန်းကန်လှုပ်ရှားနေကြခြင်းသည် ကျနော်တို့ ထောက်ခံသော အဖွဲ့အာဏာရရှိရေးအတွက်ဆောင်ရွက်နေခြင်းမဟုတ်ပါ။ တိုင်းပြည်ကို အကျိုးပြုမည့် နိုင်ငံရေးစနစ်တရပ်ကို တည် ဆောက်နေခြင်းသာ ဖြစ်ပါသည်။

အကယ်၍ နိုင်ငံတကာအသိုင်းအ၀န်းအနေနှင့် မြန်မာနိုင်ငံကို ဥပဒေစိုးမိုးသောနိုင်ငံတနိုင်ငံအနေဖြင့်မြင်လိုလျင် ဒီမို ကရေစီ လှုပ်ရှားမှုဘက်က ရပ်တည်ရပါလိမ့်မည်။ အကယ်၍ မြန်မာနိုင်ငံကို ကြွယ်ဝချမ်းသာသည့်ဒေသတခုအတွင်းက တည်ငြိမ်သောနိုင်ငံတနိုင်ငံအဖြစ်မြင်လိုလျင် အရေးအကြီးဆုံးလုပ်ငန်းမှာ နောက်ဆုံးတွင် ဒီမိုကရေစီစနစ်ကသာလျင် မြန်မာနိုင်ငံ၏လူမှုစီးပွားရေးအကြပ်အတည်းများကို ပပျောက်အောင် လုပ်ဆောင်နိုင်ပြီး လူ့အဖွဲ့အစည်းအတွင်း လူမှုတည် ငြိမ်မှုကို ရရှိစေမည်ဖြစ်ကြောင်း နားလည်သဘောပေါက်လာသည်အထိ စစ်အစိုးရကို ဖိအားပေးကြရန်ပင် ဖြစ်ပါသည်။

(စာရေးသူသည် ဘန်ကောက်အခြေစိုက် သုတေတီတဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချုလာလောင်ကွန်း တက္ကသိုလ်မှ နိုင်ငံတကာ ဖွံ့ဖြိုးမှုဘာသာရပ်ဖြင့် မဟာဝိဇ္ဇဘွဲ့ ရရှိထားသူဖြစ်ပါသည်)

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်