RFA က ဧရာဝတီ စကားဝိုင်း (ဇွန် ၁၇၊ ၂၀၁၀)

လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယို ပရိသတ်အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန်ကာလ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အခြေအနေများကို ဆွေးနွေး တင်ပြထားပါတယ်။

အခုတပတ်မှာ ၂၀၁၀ ခုနှစ်ရဲ့ နှစ်ဝက်ပိုင်း ရောက်ရှိလာချိန်အထိ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်တဲ့လုပ်ငန်းစဉ် ရှည် ကြာမှု၊ ရွေးကောက်ပွဲကော်မရှင်က လုပ်စရာလုပ်ငန်း အများအပြား ကျန်ရှိနေသေးမှုတွေကြောင့် ရွေးကောက်ပွဲ အတွက် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးချိန် အလုံအလာက်ရဖို့ ခက်ခဲနေကြောင်းကို ဧရာဝတီ မဂ္ဂဇင်းရဲ့ တာဝန်ခံ အယ်ဒီတာ ကိုကျော်စွာမိုး၊  ရွေးကောက်ပွဲစာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ နိုင်ငံရေးသတင်းတွေကို အစဉ်တစိုက် ရေးသားနေတဲ့ ကိုဘကောင်းတို့က ဆွေးနွေးထားပြီး RFA က ဇွန်လ ၁၆ ရက်နေ့က ထုတ်လွှင့်ခဲ့ပါ တယ်။

ကိုကျော်စွာမိုး ။    ။ ဧရာဝတီ စကားဝိုင်းမှ ကြိုဆိုပါတယ်။ ကျနော်က ကျော်စွာမိုးပါ။ မင်္ဂလာပါ ခင်ဗျာ။ ကျနော်နဲ့အတူ စတူဒီယိုခန်းထဲမှာ ရှိနေကြတဲ့သူတွေက ကျနော်တို့ရဲ့ ဧရာဝတီ ရွေးကောက်ပွဲ စာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ နိုင်ငံရေးသတင်းတွေကို တောက်လျှောက်ရေးသားနေတဲ့ ကိုဘကောင်းတို့ ပါဝင်ဆွေးတွေမှာ ဖြစ်ပါ တယ်။ 

ကိုထက်အောင်နဲ့ ကိုဘကောင်းရေ။ အခုဆိုရင် ၂၀၁၀ နှစ်ဝက်ထဲကို ရောက်နေပြီးပေါ့နော်။ ရွေးကောက်ပွဲကလည်း ဒီနှစ်ထဲမှာ ကျင်းပရမယ်။ ကျနော်တို့ အသံတွေ ကောလာဟလတွေ ထွက်နေတာကလည်း ရွေးကောက်ပွဲက “ဆယ်သုံးလုံး” ပေါ့ဗျာ။ ၁၀-၁၀-၂၀၁၀ မှာ လုပ်မယ်ဆိုတဲ့ အသံတွေလည်း ထွက်နေတယ်။  မကြာသေးခင်က အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ကလည်း “ဆယ်သုံးလုံး” မှာ လုပ်မယ်လို့ ပြောသွားတယ်ဗျ။တခြားသူတွေကလည်း နိုဝင်ဘာလမှာ လုပ်မယ်လို့ အသံတွေ ထွက်နေတယ်။ အခုထက်ထိတော့ အစိုးရက ကြေညာဖို့ မရှိသေးဘူး။ ပါတီတွေကလည်း ဖွဲ့နေကြပြီ။ ဆိုတော့ လာမယ့် ၆လ၊ ၇လ အတွင်းမှာ ရွေးကောက်ပွဲ ကော်မရှင်ကလည်း လုပ်စရာတွေ အများကြီး  ကျန်နေသေးတယ်လို့ ကျနော်တို့ သိရတယ်။ ကိုထက်အောင် အဲဒီကာလအတွင်းမှာ ပါတီတွေအတွက် မဲဆွယ်စည်းရုံးတဲ့ကာလ လုံလုံလောက်လောက် ရပါ့မလားဗျ။

ကိုထက်အောင် ။    ။ ရမှာ မဟုတ်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ အခုသွားနေတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ငန်းစဉ် နှုန်းထားအတိုင်း တွက်ကြည့်မယ်ဆိုရင် လောလောဆယ်မှာ ပါတီတွေ မှတ်ပုံတင်တဲ့ကိစ္စရပ်က မပြီးသေးဘူးလို့ ပြောလို့ရတယ်။ အခုချိန်ထိ ပါတီသစ်တွေအတွက် မှတ်ပုံတင်ရက် နောက်ဆုံးနေ့ဆိုတာက သတ်မှတ်ပေးတာမျိုး ကော်မရှင်က မရှိသေးဘူး။ နောက်တချက်က ထူထောင်ပြီးသား ပါတီတွေက ဥပဒေအရ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြိုင်မယ်ဆိုရင် အဖွဲ့ဝင် ၁၀၀၀၊ ဒေသဆိုင်ရာ အတိုင်းအတာနဲ့ ပြိုင်မယ်ဆိုရင် အဖွဲ့ဝင် ၅၀၀ စုဆောင်းရမယ် ဆိုတဲ့ဟာ ရှိတယ်။ ဒါကလည်း ကော်မရှင်က ပါတီတွေကို ခွင့်ပြုထားချက် ချထားပေးတဲ့ရက်တွေက ပါတီတခုနဲ့ တခု မတူတဲ့ အတွက်ကြောင့် ရက်ပေါင်း ၉၀ ကို ကျနော်တို့ တွက်ကြည့်လိုက်မယ်ဆိုရင် စက်တင်ဘာလထဲအထိ ၀င်သွားလိမ့်မယ်။

ကိုကျော်စွာမိုး ။    ။ ၁၉၉၀ ရွေးကောက်ပွဲမှာတုန်းကဆိုရင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလကို D -3 လို့ခေါ်တယ်။ အဲဒီတုန်းက မေလ ၂၇ ရက်နေ့မှာ လုပ်တယ်။ အဲဒီအတွက် မတ်လထဲကနေ စပြီးတော့ ပါတီတွေ အားလုံးက မဲဆွယ်စည်းရုံးခွင့်ရှိတယ်။ ပြောမယ်ဆိုရင် သုံးလပေါ့ဗျာ။ ဒီမှာရော သုံးလဆိုတဲ့ အချိန်က ဖြစ်နိုင်မလား မသိဘူး။

ကိုထက်အောင် ။    ။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ဆယ်သုံးလုံးမှာ လုပ်မယ်ဆိုတော့ ခုနက ကျနော်ပြောသလိုပေါ့ဗျာ၊ ဒီပါတီဝင် စုဆောင်းတဲ့ဟာက စက်တင်ဘာထဲကို ၀င်သွားမယ်။ ပြီးသွားရင် ကျနော်တို့က ဘာရှိသေးလဲဆိုတော့ အဲဒီအခါကျတော့မှ ပါတီ ဘယ်နှပါတီဟာ ဥပဒေအရ ရွေးကောက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်ပြီး ဆိုတဲ့ဟာကို ကော်မရှင်ကနေပြီးတော့ အသိမှတ်ပြုပေးတဲ့ ကိစ္စပေါ်လာမယ်။ ပြီးသွားရင် ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း တင်သွင်းတဲ့ကာလ ဖြစ်လာမယ်။

ကိုကျော်စွာမိုး ။    ။ ရွေးကောက်ပွဲ ကော်မရှင်ကို စာရင်းတင်သွင်းတော့မှာပေါ့။

ကိုထက်အောင် ။    ။ ဟုတ်တယ်။ ၉၀တုန်းက ပြန်ကြည့်မယ်ဆိုရင် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းတဲ့ဟာက တပတ်လောက်ပဲ ခွင့်ပြုထားသလို ကော်မရှင်ကနေ ပြန်ပြီးတော့ ခွင့်ပြုချက် ချပေးတာကလည်း နောက် တပတ်လောက်ပဲ ဆိုတော့ နှစ်ပတ်လောက်အတွင်းမှာ  သူတို့ အလုပ်လုပ်တယ်။ ဒါပေမယ့် အဲဒီတုန်းက ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ တခုတည်း ရှိတယ်။ အခုရွေးကောက်ပွဲက သုံးခု။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်နှင့် ဒေသကြီးတွေမှာ လုပ်မယ့် လွှတ်တော် ဆိုတဲ့အခါကျတော့ ...

ကိုကျော်စွာမိုး ။    ။ ဆိုတော့ … ကိုယ်စားလှယ်ကလည်း ၂ ဆ၊ ၃ ဆလောက် ဖြစ်သွားသလား။

ကိုထက်အောင် ။    ။ ဟုတ်တယ်။ ကျနော်က မှန်းထားတာ၊ အဲဒီအတွက် အချိန်ကာလက တလလောက် လုပ်ရမယ်။ အဲဒီတော့ ဒီတလလောက် ဆိုရင် အောက်တိုဘာလထဲကို ၀င်သွားပြီ။ တဆယ်သုံးခုမှာ တကယ်လို့များ ရွေးကောက်ပွဲ လုပ်မယ် ဆိုရင် မဲဆွယ်စည်းရုံးရေး ကာလက မရှိတော့သလိုမျိုး ဖြစ်နေတာကို သွားတွေ့ရတယ်။

ကိုဘကောင်း ။    ။ အခု ကိုထက်အောင်နဲ့ ကိုကျော်စွာတို့ ပြောကြားချက်အရဆိုရင် ရွေးကောက်ပွဲ လှုပ်ရှားတဲ့ ကာလက အနည်းဆုံး တလလောက်ပဲ ရမယ်ဆိုတဲ့ အနေအထားမှာ ရှိတယ်။ ကံမကောင်းရင်တောင်မှ တလအောက်မှာ ရမယ့် အနေအထားမှာ ရှိတယ်။

ကိုထက်အောင် ။    ။ ဒါက အများပြောနေသလို နိုဝင်ဘာ လကုန်ပိုင်းလောက်မှာ ကျင်းပမယ်ဆိုမှ ဒီလို တလအချိန် ရမယ်။ အောက်တိုဘာ ၁၀ ရက်မှာ ကျင်းပမယ်ဆိုရင် ဒါဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလဆိုရင် မရှိနိုင်တော့တဲ့ အနေအထား ရှိတယ်။

ကိုဘကောင်း ။    ။ အာရှမှာရှိတဲ့ ဒီရွေးကောက်ပွဲ ကျွမ်းကျင်သူ အဖွဲ့တွေကတော့ ဒီအာရှနိုင်ငံတွေမှာ ဆိုလို့ရှိရင် အများဆုံးကာလအားဖြင့် ၈ လ၊ ၉ လလောက်ပဲ ရကြတယ်လို့ အဲဒီလို ပြောကြတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေမှာ လည်း ၂ လ၊ ၃ လနဲ့ ပြီးတဲ့ ရွေးကောက်ပွဲတွေလည်း အများကြီး ရှိတာပေါ့။ ထိုင်းလို နိုင်ငံမျိုးတွေ၊ နောက်ပြီး သီရိလင်္ကာလို နိုင်ငံမျိုးတွေ ရှိကြတာပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီလိုမျိုး ကာလတို အတောအတွင်းမှာ လုပ်မယ် ဆိုရင်တော့ အောင်မြင်တဲ့ ရွေးကောက်ပွဲ၊ မဲဆွယ် လှုပ်ရှားမှုတွေ လုပ်ဖို့အတွက်တော့ တော်တော် အခက်အခဲ ရှိတယ်ဗျ။

ကိုကျော်စွာမိုး ။    ။ ကျနော် ဒီနေရာမှာ ဖြတ်ပြောချင်တာက ဒီ ဒေသဆိုင်ရာ နိုင်ငံတွေနဲ့ ကျနော်တို့ မြန်မာနိုင်ငံ သွားပြီးတော့ ယှဉ်လို့ မရဘူးထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင်ငံတို့၊ သီရိလင်္ကာ နိုင်ငံတို့ အာရှနိုင်ငံတွေ ပေါ့လေ။ ရွေးကောက်ပွဲနဲ့ ပတ်သက်မယ်ဆိုရင် သူတို့ နိုင်ငံတွေကတောင် ကျနော်တို့ နိုင်ငံထက် အခြေကျတယ်လို့ ပြောလို့ရတယ်၊ လုပ်တာ ကိုင်တာတွေကလေ။ ထိုင်းနိုင်ငံက ကျနော် သိသလောက် ၁ လ၊ ၂ လပဲ ရတယ်၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးဖို့။ ဒါပေမယ့်လည်းပဲ သူ့ရဲ့ နိုင်ငံရေး ပါတီတွေက ပြောမယ်ဆိုရင် မဲဆွယ်စည်းရုံးရေး မတိုင်ခင်ကတည်းက မီဒီယာတွေနဲ့ စကားပြောခွင့်ရှိတယ်။ သူတို့ ထုတ်ချင်တဲ့ စာစောင်တွေလည်း ထုတ်ခွင့်ရှိတယ်။ အချိန်မရွေး သူတို့မှာက ပြောခွင့်ဆိုခွင့်တွေ ရှိနေတာကိုး။ ကျနော်တို့ မြန်မာနိုင်ငံမှာက ဘာမှ အဲဒါတွေ ရှိတာ မဟုတ်ဘူးလေ။ အစိုးရကနေ သတ်မှတ်ပေးတဲ့ ကာလကျမှသာပဲ စပြီးတော့ စည်းရုံးခွင့် ရှိတာကိုး။

ကိုထက်အောင် ။    ။ ဒီနေရာမှာ ကျနော်ပြောချင်တာက အခု လက်ရှိပါတီတွေ ဘာလုပ်နေလဲပေါ့နော်။ ဘာတွေ့ရလဲ ဆိုတော့ အခု ပါတီ တော်တော်များများက မှတ်ပုံတင်ကျလာပြီ ဆိုတဲ့အခါကျတော့ သူတို့က နောက်တဆင့် ထပ်ပြီး ဘာလုပ်ရလဲဆိုတော့  ခုနက ကိုကျော်စွာ ပြောသလိုပေါ့ဗျာ။ မီဒီယာကို သူတို့ လွတ်လွတ်လပ်လပ် ပြောနိုင်ဖို့ ဒါမှမဟုတ် သူတို့ ကိုယ်ပိုင်စာစောင်တွေ ထုတ်ပြီးတော့ ပြည်သူလူထုကို သူတို့ ပါတီအကြောင်း အသိပေးဖို့ အတွက်ကို သူတို့က ထုတ်ဝေခွင့် မှတ်ပုံတင်ဆိုတဲ့ ကိစ္စက ထပ်ပြီး ပေါ်လာပြန်တယ်။ အဲဒီအတွက်လည်း ပိုက်ဆံကလည်း ၆ သိန်းလောက် ကုန်တယ်ဗျ။ အခုဆိုရင် တချို့ဆိုရင် ထုတ်ဝေခွင့် မှတ်ပုံတင်ရရေးကို ကြိုးစားနေရတဲ့ အနေအထားမှာ ရှိတယ်။

ကိုဘကောင်း ။    ။ ဟုတ်တယ်ဗျ။ NLD ကနေ ခွဲထွက်တယ်လို့ ပြောလို့ရတဲ့ အမျိုးသား နိုင်ငံရေး အင်အားစုပေါ့နော်။ အန်ကယ် ဦးခင်မောင်ဆွေတို့၊ ဒေါက်တာ သန်းငြိမ်းတို့ ဆိုလို့ရှိရင် နေပြည်တော်မှာ သွားပြီးတော့ မှတ်ပုံတင်ကြတယ်။ သူတို့ရဲ့ ရန်ပုံငွေက မြန်မာငွေ သိန်း ၂၀ ပဲ ရှိတယ်။ ဒါပေမယ့် မှတ်ပုံသွားပြီးတော့ တင်တဲ့ အသေးစား အသုံးစရိတ်တွေတင် လေး၊ ငါးသိန်း ကုန်ကျတယ်လို့ သူက အဲဒီလိုမျိုး ကျနော့်ကို ပြောတာ ကျနော်ကြားရတယ်ဗျ။ အဲဒီလို အနေ အထားတွေ ရှိတယ်။ နောက်ပြီးတော့ သူတို့ အဖွဲ့တဖွဲ့ကနေပြီးတော့ အထက်မြန်မာပြည်မှာရှိတဲ့ ရွှေဘိုလား၊ ကလေးမြို့လား ကျနော်လည်း အထိအကျတော့ မမှတ်မိတော့ဘူး။ အဲဒီမှာ ရုံးခန်း သွားဖွင့်တာတောင်မှ ရုံးခန်းဖွင့်လို့ မရတဲ့ အခြေအနေမျိုး ရှိတယ်။

ကိုထက်အောင် ။    ။ ဟုတ်တယ်။ ပါတီတွေ ရုံးခန်းဖွင့်ဖို့ အခက်အခဲကလည်း နောက်ထပ် ပြဿနာတခုပေါ့ဗျာ။ မနေ့ တနေ့က ကျနော် အရင်ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သမီး၊ ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုပေါ့နော်။ သူနဲ့ ဖုန်းပြောကြည့်တဲ့ အခါကျတော့ သူက ဘာပြောလာလဲ ဆိုတော့ “ကျမတို့ ပါတီရဲ့ ဌာနချုပ်နေရာက ရှိနေပါပြီ။ အဲဒီမှာ ကျမတို့ အစည်းအဝေးတွေ လုပ်နေပြီ။ ဒါပေမယ့် ကျမတို့ ဆိုင်းဘုတ်တင်ဖို့၊ အလံ ထောင်ဖို့ လုပ်တဲ့အခါကျတော့ အိမ်ရှင်က ခွင့်မပြုဘူး ဖြစ်နေတယ်” တဲ့။ ဘာဖြစ်လို့လဲလို့ မေးလိုက်တဲ့ အခါကျတော့ “အိမ်ရှင်က သူ့အိမ်ကို အစိုးရက တခုခုဆိုရင် ချိတ်ပိတ်သွားမှာ ကြောက်တယ်” တဲ့။ ဆိုတော့ … ဒါက ဘာပြန်ပြီးတော့ ကြည့်လို့ရလဲဆိုတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ လုံးမှာ နိုင်ငံရေး ပါတီတွေကို စစ်တပ်ကနေပြီးတော့ ဖိနှိပ်ထားတဲ့၊ နှိပ်ကွတ်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ ပြည်သူလူထုတွေက ဒါကို သိနေတယ်။  သိနေတဲ့ အခါကျတော့ ပါတီရုံးခန်း ဖွင့်ဖို့ ကိစ္စတောင်မှပဲ နိုင်ငံရေးပါတီမှာ ပြဿနာက အကြီးအကျယ် တက်နေတယ်။

ကိုကျော်စွာမိုး ။    ။ ကျနော်တို့ ကြားနေရတယ်လေ။ သူတို့ ပါတီတင်မကဘူး တခြားပါတီတွေလည်းပဲ ရွေးကောက်ပွဲ ကော်မရှင်မှာတော့ ပါတီဖွဲ့ခွင့် ရသွားပြီ။ ဒါပေမယ့်လည်းပဲ သူတို့ ပါတီရုံးးခန်းမှာ ပါတီအလံ ထောင်မယ်ဆိုရင် မြို့နယ်ရုံးကို ပြန်ပြီးတော့ ခွင့်ပြုချက် တောင်းရပြန်ရော။ မြို့နယ်ရုံးက ပြောတဲ့ အခါကျတော့ ဟိုဘက်က နေပြည်တော်ကနေပြီး ခွင့်ပြုချက် မလာသေးဘူး။ အဲဒီတော့ စောင့်ပါဦး။ ဆိုတော့ ကြားထဲမှာ မမြင်ရ၊ မကြားရ။ ကျနော်တို့ မီဒီယာတွေကလည်းပဲ သိပ်ပြီးတော့ သတင်းမပို့တဲ့ ဟန့်တားမှုတွေကလည်း အများကြီး ပါတီတွေ ကြုံတွေ့နေတာကို တွေ့ရတယ်။ ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ ပါတီအားလုံးဟာ ရွေးကောက်ပွဲမှာ မျှမျှတတနဲ့ ပြိုင်ဖို့ အနိုင်ရဖို့ဆိုတာ သူတို့မှာ လုံလောက်တဲ့ ရွေးကောက်ပွဲ ကာလတခုက အရမ်းအရေးကြီးတယ်လို့ ကျနော်ထင်တယ်။  ခုနက ကျနော်ပြောခဲ့သလိုပဲ ၃ လဆိုတာ မြန်မာပြည် Standard နဲ့ တွက်မယ်ဆိုရင်တောင်မှပဲ ၁၉၉၀ တုန်းကလိုမျိုး ၃ လ ရပါ့မလား။ နောက်ပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲ ကာလတုန်းက အစိုးရ မီဒီယာတွေဖြစ်တဲ့ တီဗီတို့၊ ရေဒီယိုတို့၊ သတင်းစာတို့ကနေပြီးတော့ အများကြီးတော့ မဟုတ်ဘူးပေါ့ဗျာ။ ပါတီတွေကို ၅ မိနစ် စကားပြောခွင့် ပေးတာမျိုးတို့၊ အပြည်ပြည်ဆိုင်ရာ Standard နဲ့ ကြည့်မယ်၊ ဒေသဆိုင်ရာ Standard နဲ့ ကြည့်မယ်ဆိုရင်တော့ ရယ်စရာကြီးပေါ့ဗျာ။ ပါတီ တပါတီကို ၅ မိနစ် မဲဆွယ်စည်းရုံးခွင့် ပေးတယ်။ အစိုးရ တီဗီကနေပြီးတော့၊ အစိုးရ ရေဒီယိုကနေပြီးတော့ ပေါ့လေ။ ဒါပေမယ့် အဲဒါတောင်မှပဲ ဒီဘက်ခေတ်မှာ ရပါ့မလား။ ဒီဘက် နိုင်ငံမှာဆိုရင် ထိုင်းနိုင်ငံကိုပဲ ကြည့်ကြည့် တခြား အာဆီယံနိုင်ငံတွေကို ကြည့်မယ်ဆိုရင် နိုင်ငံရေးသမားတွေ အကုန်လုံးက ဒီ ဆိုရှယ်မီဒီယာတွေကို သုံးပြီးတော့ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတာက Twitter တို့၊ Facebook တို့၊ Internet တို့ လုပ်နေတဲ့ အချိန်မှာ မြန်မာနိုင်ငံက ပြောမယ်ဆိုရင် တကယ့် မဲဆွယ်စည်းရုံးမှုက သမားရိုးကျ မဲဆွယ်စည်းရုံးမှုတောင်ပဲ လုပ်ဖို့အတွက်ကို အဟန့်အတားတွေ ဖြစ်နေတယ်။ အဲဒါကတော့ ပါတီတွေအတွက် ပြောမယ်ဆိုရင်တော့ တော်တော်ကို စိတ်ညစ်စရာကောင်းတဲ့ အခြေအနေ ဖြစ်လိမ့်မယ်လို့ ကျနော်က ထင်တယ်။

ကိုဘကောင်း ။    ။ ဟုတ်ကဲ့ ကိုကျော်စွာရေ။ ဒီအခက်အခဲတွေကတော့ တော်တော်များများ ရင်ဆိုင်နေရပါတယ်။ ခုနကလိုမျိုး ဒီ ပါတီတွေက မီဒီယာကနေတဆင့် သူတို့ရဲ့ ပါတီအကြောင်း ပြည်သူလူထုကို ဘာမှ မပြောနိုင်တဲ့ အနေ အထားမှာ ရှိပါတယ်။ ဒါပေမယ့် ဒီ လွန်ခဲ့တဲ့ တလောကတော့ ပါတီတချို့ကနေပြီးတော့ ပါတီခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုဖြိုးမင်းသိန်းတို့၊ နောက် တခြားပါတီတခုကဖြစ်တဲ့ နေမျိုးဝေတို့၊ သူတို့ကနေပြီးတော့ သူတို့ကိုယ်ပိုင် အင်တာနက် ၀က်ဘ်ဆိုက်တွေ လွှင့်တင်ဖို့ ဆိုပြီးတော့ ကြိုးပမ်းအားထုတ်နေတာတွေ ရှိတယ်။ လောလောဆယ်တော့ သိပ်ပြီးတော့ ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည် မဖော်နိုင်သေးဘူးပေါ့ဗျာ။

ကိုထက်အောင် ။    ။ ဒါကလည်း ခုနက ကျနော်ပြောသလို ကြိုးနီစနစ်တွေက များနေတာကိုးဗျ။ အဲ့ဒီတော့ ထုတ်ဝေခွင့် မှတ်ပုံတင်မကျသေးဘူး ဆိုတဲ့ အခါကျတော့ ပါတီက အင်တာနက်စာမျက်နှာ လွှင့်တင်ဖို့ကိစ္စကို သူတို့မှာ စောင့်စားနေရတဲ့ ကိစ္စမျိုး ဖြစ်နေတာပေါ့နော်။

ကိုကျော်စွာမိုး ။    ။ ဒီနေရာမှာ ကျနော် စိတ်ဝင်စားတာက ခုနက ကိုထက်အောင်ပြောတဲ့ ကြိုးနီပေါ့လေ။ အဲဒီ ကြိုးနီ တွေနဲ့ တခြား အတိုက်အခံပါတီတွေ၊ တခြား ပါတီတွေအားလုံးကို ကြိုးနီတွေနဲ့ ချည်ထားပြီးတော့ သူတို့ရဲ့၊ စစ်အစိုးရရဲ့ ပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကျတော့ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတာ ကျနော်တို့ ကြားနေရတယ်။ သဘောကတော့ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ၀န်ကြီးတွေက ပေါ့လေ။ အဲဒါတွေကျတော့ တဖက်ကိုကျတော့ လက်လိမ်ချိုး ထားပြီးတော့ တဖက်ကိုကျတော့ လုပ်ချင်တာတွေလုပ်၊ ဒါတောင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလကို ရောက်သေးတာ မဟုတ်ဘူးလေ။

ကိုထက်အောင် ။    ။ ဟုတ်တယ်၊ ဒီနေရာမှာ အခုတလော ခပ်စိပ်စိပ်လေးပေါ့ဗျာ။ ကြားနေရတဲ့ သတင်းတွေက ဘာလဲ ဆိုတော့ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ အခု လက်ရှိစစ်အစိုးရက ဒါဟာ ခေါင်းနဲ့ ပန်းလို ဖြစ်နေတာကိုးဗျ။ အဲဒီတော့ စစ်အစိုးရက အစိုးရရဲ့ ဘဏ္ဍာငွေတွေကို အသုံးပြုပြီးတော့ လယ်သမားတွေကို အခုတလောမှာ ငွေတွေကို အကြီးအကျယ် ချေးနေတယ်ဗျ။ ပြောမယ်ဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဘဏ် ဆိုရင် တလောက သတင်း ထွက်လာတယ်။ မြန်မာငွေ သန်း ၇၀၀၀ ပေါ့နော်။ ရန်ကုန်တိုင်း အတွင်းမှာတင်ပဲ သူတို့က လယ်သမားတွေကို ချေးမှာ။ အဲဒီတော့ သတင်းတွေက ဘာထွက်လာလဲဆိုတော့ ဒီလို ချေးငွေတွေ ချေးတဲ့ အခါကျတော့ ရွာတွေမှာရှိတဲ့ ရယက တွေကနေတဆင့် လယ်သမားတွေကို သူတို့ ချုပ်ကိုင်ထားတယ်။ အဲဒီတော့ လယ်သမားတွေက ချေးငွေ လိုချင်တယ်ဆိုရင် ရယကရဲ့ ထောက်ခံချက်နဲ့ ချေးငွေ ချေးရတယ်။ ရယက က တဖက်က ဘာပြန်ကိုင်လဲ ဆိုတော့ မင်းတို့ကို ငွေချေးမယ်။ ငွေလိုချင်တဲ့လူ ငါတို့ ပါတီကို မဲထည့် ဆိုတဲ့ဟာမျိုးတွေက ဖြစ်တယ်။

အဲဒီလိုပဲ တဖက်မှာလည်း မကြာသေးခင်က ပုဂ္ဂလိကဘဏ် အသစ်ထူထောင်ခွင့်ရတဲ့ ဒီ စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွား ရေး လုပ်ငန်းရှင်ကြီးတွေပေါ့နော်၊ ဥပမာ - Max Myanmar Group က ဦးဇော်ဇော်၊ နောက် ဧဒင် Group က ဦးချစ်ခိုင် တို့ ပေါ့ဗျာ။ သူတို့ဆိုရင် ဧရာဝတီတိုင်းမှာရှိတဲ့ လယ်သမားတွေကို မြို့နယ်တမြို့တည်းအတွက် ထုတ်ချေးတဲ့ ငွေတွေက ကျပ်သိန်းပေါင်း သောင်းနဲ့ချီပြီးတော့ ထုတ်ချေး နေတာတွေ ရှိတယ်။ ဆိုတော့ ဒါတွေက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအတွက် ဒါဟာ မဲဆွယ်နည်းတရပ် ဖြစ်နေတာကို တွေ့ရတယ်။

ကိုဘကောင်း ။    ။ တခြားတဖက်မှာလည်း ဘာသွားတွေ့ရသလဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကနေပြီးတော့ နေပြည်တော်မှာရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးက နေပြီးတော့ ပါတီတွေကို လှမ်းပြီး အကြောင်းကြားတာ တွေ့ရတယ်။ မှတ်ပုံတင်ခွင့်ပြုခြင်း ခံထားရတဲ့ ပါတီတွေအားလုံးဟာ ဆိုလို့ရှိရင် သူတို့ သတ်မှတ်ထားတဲ့ ပါတီဝင် ဦးရေတွေကို တင်ပြရမယ်။ အကယ်၍ မတင်ပြနိုင်လို့ရှိရင်  ဖျက်သိမ်းခံရမယ် ဆိုပြီးတော့ အဲဒီလို သတိပေးချက်တွေ ထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် တခြားတဖက်မှာလည်း ပါတီတချို့ကလည်း ပါတီဝင်တွေရဖို့အတွက် သူ့မှာ အခက်အခဲတွေ ကြုံနေတယ်။ နံပါတ် (၁) အကြီးမားဆုံး ပြဿနာတခုက လူတဦး တယောက်က နိုင်ငံရေးပါတီတခုမှာ အဖွဲ့ဝင်လုပ်မယ် ဆိုလို့ရှိရင် သူ့ရဲ့ ကိုယ်ရေး အချက်အလက်တွေ အားလုံးကို အပြည့်အစုံ ပေးရမယ်။ သက်ဆိုင်ရာ ပါတီကလည်း တဦးချင်း ကိုယ်ရေး အချက်အလက်တွေ အားလုံးကို နေပြည်တော်ကို သွားပြီးတော့ တင်ပြရမယ် ဆိုတော့ သတ်မှတ်တဲ့ ပါတီဝင် ဦးရေတွေရဖို့  ပါတီတွေမှာလည်း အဲဒီလို အခက်အခဲတွေ ရှိတယ်ဗျ။ သတ်မှတ်တဲ့ ပါတီဝင်ဦးရေ ရဖို့ကလည်း အခက်အခဲတွေ တွေ့နေရတယ်။ အဲ့ဒီလို အခြေအနေ ဖြစ်နေတယ်ဗျ။

ကိုထက်အောင် ။    ။ ဆိုလိုတာက ပါတီဝင်ချင်တဲ့ ပြည်သူတွေက ပါတီဝင်ရမှာတောင် ကြောက်နေတဲ့ သဘောပေါ့။

ကိုကျော်စွာမိုး ။   ။ ကိုထက်အောင်နဲ့ ကိုဘကောင်း၊ မြန်မာပြည်ရဲ့ နိုင်ငံရေး ပါတီတွေ အားလုံကတော့ အခက်အခဲ မျိုးစုံနဲ့ ကြုံတွေ့နေ ရတယ်ပေါ့လေ။ ဒါတောင်မှ တကယ့်ကို ကျဉ်းတည်းကြပ်တည်း အခြေအနေကို ရောက်မလာသေး ဘူးလို့ ကျနော်ထင်တယ်။ အဲဒီကာလက ဘယ်ကာလ ဖြစ်မလဲဆိုတော့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလ ဖြစ်မှာပေါ့နော်။ အဲဒီကာလမှာ ပိုပြီးတော့ ခုနက ပြောတဲ့ ကြိုးအနီတွေနဲ့ ဟန့်တားတာ ရှိသလို၊ ကြိုးအနီတွေနဲ့ ဟန့်တားလို့ မရဘဲနဲ့ လူတွေကိုယ်တိုင် ညစ်ပတ်တဲ့ နည်းတွေနဲ့ တားဆီး ဟန့်တားတဲ့ နည်းလမ်းတွေ ပိုပြီးပေါ်လာ နိုင်တယ်လေ။ ဆိုတော့ ... ရွေးကောက်ပွဲကတော့ ဘာပဲ ပြောပြော အနဖ အစိုးရက ဒီနှစ်ထဲမှာ လုပ်ဖို့ ရှိတယ်။ ပါတီတွေ အတွက်ကတော့ ကျနော်တို့ မျှော်လင့်တဲ့ အတိုင်း ထင်တာထက် ပိုပြီးတော့ အခက်အခဲတွေ ကြုံတွေ့ရမယ်လို့ ထင်တယ်။

ကိုထက်အောင် ။    ။ ဟုတ်တယ် ကိုကျော်စွာ၊ ဒီမိုကရက်တစ် ပါတီက အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနု ကတော့ စိတ်ပျက်လက်ပျက်နဲ့ ဘယ်လိုပြောသလဲဆိုတော့ “ကျမတို့တော့ မဲဆွယ်စည်းရုံးရေးကာလကို အလွန့်အလွန်ဆုံး တလလောက်ပဲ ရလိမ့်မယ်လို့ မျှော်လင့်တယ်” လို့ ကျနော့်ကို ပြောခဲ့တယ်ဗျ။

ကိုကျော်စွာမိုး ။    ။ ဟုတ်ကဲ့ ကိုထက်အောင်နဲ့ ကိုဘကောင်းရေ၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
{wd file=images/stories/podcasts/rfa.06.17.10.mp3 name='အသံဖိုင်ရယူရန်'}
ဤအစီအစဉ်ကို နားဆင်ရန် QuickTime Player Software လိုအပ်ပါမည်။ ဤနေရာတွင် ရယူနိုင်ပါသည်။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်