RFA က ဧရာဝတီ စကားဝိုင်း (အောက်တိုဘာ ၆၊ ၂၀၁၀)

လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယိုပရိသတ် အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ်ဖြစ်ပါတယ်။

{play}images/stories/podcasts/rfa.10.07.10.mp3|[AUTOPLAY]|transparent[BGCOLOR]|[AUTOREPLAY]{/play}
{rddl}rfa.10.07.10.mp3{/rddl}
အခုတပတ်မှာ ရွေးကောက်ပွဲကျင်းပဖို့ တလသာ လိုတော့တဲ့ အချိန်မှာ ကြံ့ဖွံ့ပါတီနဲ့ တခြားနိုင်ငံရေးပါတီများက ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ မဲမပေးရေး လှုပ်ရှားမှုနဲ့ အလားအလာများနဲ့ ပါတီများရဲ့ မဲဆွယ် စည်းရုံးရေးအပေါ် ဖိနှိပ်ကန့်သတ်မှုတွေကို ဧရာဝတီမဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ကိုကျော်စွာမိုး၊ သတင်း အယ်ဒီတာ ကိုရဲနည်နဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးနဲ့ ရွေးကောက်ပွဲသတင်းတွေကို ရေးသားနေတဲ့ ကိုဝေမိုးတို့က ဆွေးနွေးထားပါတယ်။

ကိုကျော်စွာမိုး ။     ။ ဧရာဝတီစကားဝိုင်းမှ ကြိုဆိုပါတယ်။ မင်္ဂလာပါခင်ဗျာ။ ကျနော်က ကျော်စွာမိုးပါ။ ဒီတပတ် ကျနော်နဲ့အတူ ဝင်ရောက်ဆွေးနွေးမယ့် သူကတော့ ကျနော်တို့ရဲ့ ဧရာဝတီရဲ့ သတင်းအယ်ဒီတာ ကိုရဲနည်နဲ့ နိုင်ငံရေးနဲ့ ရွေးကောက်ပွဲသတင်းတွေကို တောက်လျှောက် ရေးသားနေတဲ့ ကိုဝေမိုးတို့ ဝင်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကိုရဲနည်နဲ့ ကိုဝေမိုးရေ၊ ရွေးကောက်ပွဲ လုပ်ဖို့က ၁ လ အတိပဲ လိုတော့တယ်ပေါ့ခင်ဗျာ။ နောက်ပြီးတော့ ရွေးကောက်ပွဲ အကြိုကာလ အခင်းအကျင်းတွေကလည်း ပိုပြီးတော့ ရှင်းရှင်းလင်းလင်း ဖြစ်လာတယ်လို့ ကျနော်တို့ တွေ့နေရတယ်ဗျ။ အခုအချိန်အထိဆိုရင် နိုဝင်ဘာလ ၇ ရက်မှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီပေါင်းကတော့ ၃၇ ပါတီပေါ့ဗျာ။ ဒါပေမယ့်လည်းပဲ ရန်ကုန်နဲ့ တခြားမြို့ကြီး ဒေသမှာဆိုရင်ပေါ့လေ၊ အဓိကယှဉ်ပြိုင်မယ့် ပါတီတွေကတော့ ၄ ပါတီလောက်ပဲ ကျနော်တို့ တွေ့ရတယ်။ အထူးသဖြင့် ဒီမိုကရေစီ အင်အားစုဘက်ကဆိုရင် ဦးခင်မောင်ဆွေနဲ့ ဒေါက်တာ သန်းငြိမ်းတို့ ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု၊ ပြီးတော့ ဦးသုဝေတို့ ခေါင်းဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ၊ နောက်ထပ်ပါတီ ၂ ပါတီကတော့ အစိုးရပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တစည - တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီတွေပေါ့ဗျာ။ နောက်ပြီးတော့ ကျနော်တို့ သိရသလောက်ဆိုရင် တိုင်းရင်းသားနယ်မှာ ဆိုရင်တော့ အခုထက်ထိ အားကောင်းနေတဲ့ ပါတီကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက် ရေးပါတီဆိုတာကတော့ သူတို့နယ်မှာ တော်တော် အားကောင်းနေတယ်လို့ ကျနော်တို့သိရတယ်ဗျ။ ဆိုတော့ ဒီပါတီ ၆ ပါတီက အဓိက ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်မယ့် ပါတီလို့ ကျနော်တို့ ခန့်မှန်းလို့ ရတာပေါ့လေ။

ကိုရဲနည် ။     ။ ဒီနေရာမှာ ကျနော် တခုပြောချင်တာကလေ ရွေးကောက်ပွဲ နီးလာပြီပေါ့ဗျာ၊ မဲပေးမယ့်သူတွေက ဒီ ရွေးကောက်ပွဲကို ဘယ်လို စိတ်လှုပ်ရှားစရာများ ကြုံမလဲဆိုတဲ့ မျှော်လင့်ချက်ကတော့ သိပ်မရှိဘူးလို့ ထင်တယ်။ ၁၉၉၀ ရွေးကောက်ပွဲ စည်းရုံးရေး ကာလတုန်းက ဆိုလို့ရှိရင် အသံတွေ ဆူဆူညံညံနဲ့၊ မဲပေးမယ့်လူတွေကို ရင်ခုန် လှုပ်ရှားအောင်လို့ လှုံ့ဆော်နိုင်တဲ့ အတိုင်းအတာမျိုး ရှိခဲ့တာကိုးဗျ။ အခုဟာကတော့ အဲလိုမျိုး မဟုတ်ဘဲနဲ့ အင်မတန်မှပဲ တိတ်ဆိတ် ငြိမ်သက်နေတယ်လို့ ကျနော်ကတော့ မြင်တယ်ဗျ။ ပြီးခဲ့တဲ့ အပတ်ကစပြီးတော့ ပါတီစည်းရုံးရေးတွေ စနေပြီလို့ ဆိုလို့ရတာပေါ့ဗျာ။ တီဗီ၊ ရေဒီယိုတွေမှာ ပါတီကိုယ်စားလှယ်တွေက ဟောပြောကြတယ်ပေါ့ဗျာ။ ဒါပေမယ့်လည်း လူထုကြားထဲမှာ နိုင်ငံရေး စည်းရုံးလှုံ့ဆော်မှုတွေ၊ ပါတီစည်းရုံးလှုပ်ဆော်မှုတွေ၊ လှုပ်ရှားမှုတွေ လုပ်တာဆိုလို့ ဦးသုဝေ ပါတီလောက်ပဲ တွေ့ရတယ်ဗျ။ ကျန်တဲ့ ပါတီတွေကလည်း တစညတို့၊ တိုင်းရင်းသားပါတီတွေ အနေနဲ့ စည်းရုံးရေး လုပ်တယ်ဆိုပေမယ့်လည်း ဒီလောက် သိသာထင်ရှားစွာ မတွေ့ရဘူးပေါ့ဗျာ။ ဒါပေမယ့်လည်းဗျ အခု ကျနော်တို့ ကြားနေရတဲ့ ရွေးကောက်ပွဲ မတိုင်ခင် ရွေးကောက်ပွဲ အကြိုကာလ နိုင်ငံရေး အခင်းအကျင်းတွေအရ ကြံ့ဖွံ့ပါတီပဲ နိုင်သွားမယ်လို့ သုံးသပ်ကြတာကိုးဗျ။ ဆိုတော့ ကြံ့ဖွံ့ပါတီက စည်းရုံးရေးကို ဘယ်လိုလုပ်သလဲ ဆိုတဲ့ဥစ္စာက စိတ်ဝင်စားဖို့ကောင်းတယ်ထင်တယ်ဗျ။

ကိုကျော်စွာမိုး ။      ။ ကိုရဲနည်၊ အဲဒါကတော့ဗျာ တော်တော်များများ ကျနော်တို့လည်း ပြောထားတာပေါ့ဗျာ။ ကြံ့ဖွံ့ပါတီကတော့ နည်းပေါင်းစုံနဲ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတာပေါ့ဗျာ။ တခြားပါတီထက်ကို ကြိုပြီးတော့ လုပ်နေတာ ရှိတယ်။ ခုနက ကိုရဲနည်ပြောတဲ့ အချက်တချက်ထဲမှာ တကယ်လို့များ ကျနော်တို့ ထင်မထားတဲ့ ရွေးကောက်ပွဲ ရလဒ် တခု ထွက်လာခဲ့မယ်ပေါ့။ ကျနော်ပြောချင်တာက ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဆိုလို့ရှိရင်လည်း ရှမ်းပြည်နယ်မှာ အရမ်းအားကောင်းနေတယ်လို့ ကျနော်တို့ သိရတယ်။ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဆိုလည်း ရခိုင်ပြည်နယ်မှာ အားကောင်းနေတယ်ပေါ့လေ။ တပြိုင်တည်းမှာပဲ မြေပြန့်မှာ ရန်ကုန်တို့ ဘာတို့မှာဆို NDF တို့၊ ပြီးတော့ ဒီမိုကရက်တစ်ပါတီတို့ ဘက်ကလည်း အားကောင်းတယ်ပေါ့။ ဒါပေမယ့် သူတို့ပါတီထဲကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေက သိပ်များများမရှိဘူးဗျ။ တပါတီကို ၁၀၀ ကျော်လောက်ပဲ ရှိတယ်ပေါ့လေ။ ကြံ့ဖွံ့နဲ့ တစညတို့ ယှဉ်ပြိုင်မယ်ဆိုရင်တော့ ၁၀ ပုံ ၁ ပုံလောက်ပဲရှိတာကိုး။ ဒါပေမယ့် အဲဒီပါတီတွေကကော သူတို့ပြိုင်တဲ့ နေရာအများစုမှာ နိုင်ခဲ့မယ်ဆိုရင် ဘယ်လိုမျိုးများဖြစ်မလဲဆိုတာ့ စိတ်ဝင်စားစရာဗျ။

ကိုဝေမိုး ။     ။ ဒီနေရာမှာ တခုရှိတာကတော့ အတိုက်အခံလို့ ပြောလို့ရတဲ့ ပါတီပေါ့၊ အမျိုးသားဒီမိုကရေစီ အင်အားစု ဆိုလို့ရှိရင် ကျန်တဲ့ ဦးရေက ၁၀၀ ကျော်ဆိုတော့ ကျန်တဲ့ပါတီနဲ့ မဟာမိတ်အဖွဲ့ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ၁၀၀၀ကျော် ပြိုင်တဲ့ဥစ္စာနဲ့ ရမယ့်နေရာနဲ့ဆိုတော့ ဘယ်လိုမှ ယှဉ်နိုင်တဲ့ပုံ မရှိဘူးပေါ့လေ။ နောက်တခု မဲဆွယ်တဲ့ ကာလမှာကိုပဲ သူတို့မှာလည်း ကန့်သတ်မှုတွေ အများကြီးရှိတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆိုလို့ရှိရင် တရားဝင်နီးပါး မီဒီယာတွေ သုံးလို့ရတယ်၊ သတင်းစာတွေသုံးလို့ရတယ်။ နောက်တခုက အစိုးရ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကတဆင့် သူတို့ မဲဆွယ်တာ ရှိတယ်။ ပြီးခဲ့တဲ့ ၂ ပတ်အတွင်းမှာဆိုလို့ရှိရင် နိုင်ငံတော် ဝန်ကြီးချုပ် ဦးသိန်းစိန် မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတွေကို သွားတယ်။ ဒီနေရာတွေက ၁၉၉၀ ရွေးကောက်ပွဲတုန်းကဆို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမာခံနယ်မြေလို့ ပြောလို့ရတယ်။ မကွေးတိုင်းနဲ့ ဧရာဝတီမြစ် အနောက်ဘက်ကမ်းဒေသကို သွားတဲ့အခါမှာ ရထားလမ်း ဖွင့်ပွဲတွေလုပ်တယ်။ အစိုးရထုတ်တဲ့ နေ့စဉ်သတင်းစာတွေမှာဆိုလို့ရှိရင် လူတွေက သောင်းသောင်းဖြဖြ နဲ့ကြိုဆိုနေတဲ့ပုံတွေကို ထည့်သွင်းထားတယ်။ ဒါတွေ ကြည့်ခြင်းအားဖြင့် ဒီဟာမျိုးလုပ်တာတွေဟာ တရားဝင် မဲဆွယ်စည်းရုံးတာ မဟုတ်ပေမယ့် တရားဝင်နီးပါးကို လုပ်နေတာတွေရတယ်။ ဧရာဝတီတိုင်းမှာ ဆိုလို့ရှိရင်လည်း  နာဂစ်ဒေသမှာ ဆောက်လုပ်ရေးနဲ့ ပတ်သက်လို့ ဖွင့်ပွဲတွေသွားတယ်။ ဆေးရုံဖွင့်ပွဲတို့ ကျောင်းဖွင့်ပွဲတို့ ဒီအချိန်မှာ အချိန်ကိုက် သတင်းစာတွေ၊ တီဗီတွေမှာ တွေ့နေရတယ်။ ဒါက ဝန်ကြီးချုပ် ဦးသိန်းစိန်က တရားဝင် မဲဆွယ်တယ် မပြောပေမယ့်လည်း ဒါတရားဝင် မဲဆွယ်တဲ့ပုံစံပဲ ဖြစ်နေတယ်။

ကိုရဲနည် ။      ။ ကျနော်ကြားရတဲ့ မှတ်သားဖွယ်ရာ မဲဆွယ်စည်းရုံးရေး စကားလေးပေါ့။ ပြန်ပြီးတော့ ပြောပြချင်တယ်ဗျ။ အဲဒါဘာလဲဆိုတော့ မန္တလေးတိုင်း မလှိုင်မြို့နယ် ရပ်ကွက်ကြီး (၄) က ကြံ့ဖွံ့စည်းရုံးရေးမှူး တဦးကိုတဲ့၊ ရယက စာရေးတယောက်ကနေပြီးတော့ မေးတယ်ပေါ့လေ။ ခင်ဗျားတို့ပါတီ စည်းရုံးရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်တာလည်း မတွေ့ရဘူးပေါ့ဗျာ။ စည်းရုံးရေး မလုပ်ဘူးလားလို့ မေးလိုက်တယ်ဗျ။ အဲဒီကျတော့ စည်းရုံးရေးမှူး ပြောတာလေးတော့ တော်တော် သဘောကျဖို့ ကောင်းတယ်ဗျ။ သူက ဘာပြောလိုက်လဲဆို ဘာစည်းရုံးရေး ဆင်းစရာလိုလဲတဲ့၊ လူ တယောက် ပါးတချက် ရိုက်လိုက်ရင် မဲ ၁၀ မဲထွက်တယ်တဲ့။

ကိုကျော်စွာမိုး ။      ။ ဒါဆို ကိုရဲနည်၊ သူတို့စည်းရုံးရေး မဟာဗျူဟာကတော့ တော်တော် ကောင်းတာပေါ့။

ကိုရဲနည် ။      ။ ဒါက သမိုင်းဝင်မယ့် မဲဆွယ်စည်းရုံးရေးကာလနဲ့ မဲဆွယ်စည်းရုံးရေးစကားတွေ ပေါ့ဗျာ။

ကိုဝေမိုး ။      ။ ပြီးခဲ့ ၂ ပတ်က ရန်ကုန် အခြေစိုက် မော်နီတာ ဂျာနယ်မှာ ဘာပါလဲဆိုတော့ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေနဲ့ အင်တာဗျူးပါတယ်။ ဇေကမ္ဘာပိုင်ရှင် ဦးခင်ရွှေဟာဆိုလို့ရှိရင် တွံ့တေးမြို့နယ် အမျိုးသားလွှတ်တော် အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် အမတ်လောင်း။ သူ့ကိုမေးတယ် ဒီ မော်နီတာဂျာနယ်ကနေ၊ စည်းရုံးရေးတွေ မလုပ်ဘူးလားဆိုပြီး။ ပြောတာက စည်းရုံးရေးတွေ လုပ်စရာမလိုတော့ဘူး၊ နာဂစ်ပြီးတဲ့ နောက်ပိုင်း တနှစ်လောက် အဲဒီ ဒေသတွေမှာ ဘုရားတွေ ဆောက်ထားတယ်၊ လူတွေကို ထမင်းကျွေးထားတယ်၊ အဲကြောင့်မို့ ဒီပြင်အမတ်လောင်းတွေလို စည်းရုံးရေးဆင်းစရာ မလိုတော့ဘူးလို့ ပြောတယ်။ ဒါဆိုလို့ရှိရင်လည်း နာဂစ်လိုဟာမျိုး ကယ်ဆယ်ရေး လုပ်ငန်းတွေကတဆင့် တောက်လျှောက် စည်းရုံးရေး လုပ်လာတာဆိုတာ ပေါ်လွင်တယ်လေ။

ကိုကျော်စွာမိုး ။      ။ အခုဟာက တောက်လျှောက် ကျနော်တို့ သတင်းစာတွေ ကြည့်မယ်ဆိုရင် လမ်းတံတားတွေ ဖောက်တာတွေ၊ ဘုရားကျောင်းတွေ ဆောက်တာတွေ အဲဒါတွေ အကုန်လုံး ပြောနေတာပေါ့လေ။ တနည်းအားဖြင့် ဒါတွေကို ဘန်းပြပြီး ဦးသိန်းစိန်နဲ့ သူရဲ့ဝန်ကြီးအဖွဲ့ကတော့ ရှေ့လာမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံး နေတာပဲပေါ့။ ဒါပေမယ့် ပြဿနာက တကယ်ကိုပဲ ပြည်သူတွေက မဲပေးမလား။ ဒါမှမဟုတ်လည်း ပြည်သူတွေ မဲပေးစရာမလိုဘဲနဲ့ပဲ သူတို့က မဲတွေအကုန်လုံး ရပြီးသားလားပေါ့လေ။ အခုဆိုရင် ကျနော်တို့ ကြားရတာဟာဆိုရင် ကြိုတင်မဲတွေ အများစုကို ကောက်နေကြတယ်လို့ ကြားနေတယ်။ ဆိုတော့ အဲဒီနည်းနဲ့ပဲ မဲတွေက အကုန်လုံးက သူတို့ဆီကို ရောက်သွားမလားပေါ့လေ။

ကိုရဲနည် ။      ။ မှန်တယ်ဗျ။ အဲဒီလိုမျိုး မသမာတဲ့ နည်းလမ်းတွေကို အသုံးပြုပြီးတော့ ရွေးကောက်ပွဲကနေ တဆင့် အာဏာယူမှာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်ထင်တယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီရွေးကောက်ပွဲကို သပိတ် မှောက်တယ်။ မကြာသေးခင်ကပေါ့၊ NLD ခေါင်းဆောင်ဖြစ်တဲ့ ဦးဝင်းတင်ကနေပြီးတော့ ဒီ International Herald Tribune သတင်းစာကြီးမှာ ရွေးကောက်ပွဲကို ဘာကြောင့် သပိတ်မှောက်သင့်တယ်ဆိုတာ ရေးသားခဲ့တယ် မဟုတ် လားဗျ။

ကိုဝေမိုး ။      ။ ဦးဝင်းတင်ရေးတာကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ policy ပေါ့။ ဒါက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဥရောပ ကော်မရှင်ကို စာပို့ခဲ့တာနဲ့ ခပ်ဆင်ဆင်ပါပဲ။ သူတို့ အဓိ ကပြောတာတော့ ဒီရွေးကောက်ပွဲဟာ နအဖ စစ်အစိုးရက စစ်အုပ်စိုးမှုကို တရားဝင်ဖြစ်လာအောင်လုပ်တဲ့ နည်းလမ်း ဆိုပြီး သူတို့က ပြောဆိုတယ်။ ဦးဝင်းတင်ကလည်း သူ့ဆောင်းပါးမှာလည်း အဲဒါမျိုး ရေးသားခဲ့တယ်။

ကိုကျော်စွာမိုး ။       ။ ကိုဝေမိုးရေ၊ ဒါကတော့ NLD ရဲ့ ရွေးကောက်ပွဲမှာ တရားဝင်ရပ်တည်ထားတဲ့ ရပ်တည်ချက်ပေါ့လေ။ ဒါပေမယ့် အခုရွေးကောက်ပွဲမှာ ဆန့်ကျင်တဲ့လူတွေကိုလည်း ဖမ်းဆီးနေတယ်လို့ ကျနော်တို့ ကြားနေရတယ်။ ဆိုတော့ NLD ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်သပိတ်မှောက်တဲ့ လှုပ်ရှားမှုကရော ဘယ်လောက်အထိ ခရီးရောက်သလဲ။ လာမယ့် တလအတွင်းမှာ အဲဒီကောင်ရော ထိထိရောက်ရောက် ဖြစ်နိုင်ပါ့မလား။

ကိုဝေမိုး ။      ။ NLD ရဲ့ ခုနကလို ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ပေါ့၊ သူတို့စည်းရုံးရေး ဆင်းတာတော့ အမျိုးသား ဒီမိုကရေစီ အင်အားစုနဲ့ အပြိုင်လို့ ပြောလို့ရတယ်။ အမျိုးသား ဒီမိုကရေစီ အင်အားစုက သူက ရွေးကောက်ပွဲ မဲထည့်ဖို့ စည်းရုံးတယ်။ အဲဒီအချိန်မှာပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကျတော့ ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ နယ်တွေကို ဆင်းတယ်။ အဖမ်းအဆီး ကိစ္စကတော့ ပြီးခဲ့တဲ့ တပတ်ထဲမှာဖြစ်တာပေါ့။ ကျောင်းသား ၁၁ ယောက် ဖမ်းတယ်။ အားလုံးက မြောက်ဥက္ကလာမှာ နေတယ်လို့ သိရတယ်။ စက်မှုတက္ကသိုလ် ကျောင်းသားတွေလည်း ပါတယ်လေ။ အဝေးသင်တက္ကသိုလ် ကျောင်းသားတွေလည်း ပါတယ်။ ဒဂုံတက္ကသိုလ်က ကျောင်းသားတွေလည်း ပါတယ်။ ဖမ်းတာက ဒီရွေးကောက်ပွဲ ဆန့်ကျင်တဲ့ စာရွက်စာတမ်းတွေ ဖြန့်ဝေမှုပေါ့၊ ဖမ်းပြီးတော့ နောက်ပိုင်းမှာ ၅ ယောက် ပြန်လွှတ် တယ်ဆိုတော့ အခု ၆ ယောက်ကတော့ ဆက်လက် ထိန်းသိမ်းထားဆဲပဲပေါ့လေ။ ပြီးခဲ့တဲ့ တပတ်မှာပဲ ဘုန်းတော် ကြီးတပါးဖြစ်တဲ့ အရှင်ဥက္ကံသကို ထောင်ဒဏ် ၁၅ နှစ်ချတယ်။ သူကို ဖမ်းတာကတော့ ရွေးကောက်ပွဲဆန့်ကျင်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ ဇန်နဝါရီတုန်းက ဖမ်းထားတာ။ ဒါကတော့ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့အပေါ်ကို နအဖ စစ်အစိုးရက အရေးယူတဲ့ကိစ္စတွေပေါ့လေ။

ကိုရဲနည် ။     ။ NLD ဘာကြောင့် သပိတ်မှောက်ရသလဲဆိုတဲ့ ကိစ္စကို ကျနော် မြင်သလောက်ဆိုရင်ပေါ့လေ။ ဒီရွေးကောက်ပွဲဟာ တရားမျှတမှု မရှိသလိုမျိုး၊ နောက်ပြီးတော့ စစ်အုပ်ချုပ်ရေး စနစ်ကြီးကို ရေရှည်ဖြစ်သွားမယ်။ နောက်တခုက တရားဝင်ဖြစ်မှုကို ပေးလိုက်ရမှာကို စိုးရိမ်တဲ့အတွက်ကြောင့် သူတို့ သပိတ်မှောက်ရတယ်လို့ ကျနော် နားလည်တာကိုးဗျ။ တကယ်တမ်းကျတော့လည်းဗျ၊ စစ်အစိုးရက ဘာဖြစ်လို့ ရွေးကောက်ပွဲ လုပ်ချင်ရတာလဲ။ ရွေး ကောက်ပွဲ မလုပ်ဘဲနဲ့ ဒီအတိုင်းပဲ ဆက်ပြီးတော့ အုပ်ချုပ်သွားလို့ ရတာပဲဆိုတဲ့ မေးခွန်းတွေ ရှိတာကိုးဗျ။ အဲဒါကျတော့ ကျနော်မြင်တာကလေ၊ ဒီရွေးကောက်ပွဲကို လုပ်တဲ့ဥစ္စာကိုက စစ်အစိုးရက သူရဲ့အုပ်ချုပ်မှုကို ပြည်တွင်းပြည်ပမှာပေါ့ဗျာ တရားဝင်ဖြစ်စေချင်တဲ့ အတွက်ကြောင့် ဒီရွေးကောက်ပွဲလုပ်ဖို့ သူကြိုးစားတယ်ဗျ။ ခုနကလို မသမာတဲ့ နည်းလမ်းတွေ ကြိုတင်အကွက်ချပြီး လုပ်တာပေါ့ဗျာ။ အဲဒီအခါမှာကျတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အဓိကထားပြီး ထောက်ပြနေတဲ့အချက်က ၂၀၀၈ မှာ အတင်းအဓမ္မ အတည်ပြုလိုက်တဲ့ အခြေခံဥပဒေကို အသက်သွင်းတော့မယ် ဆိုတဲ့ဥစ္စာ။

ကိုကျော်စွာမိုး ။     ။ ဒါပေမယ့် အဓိက ဒီအချိန်မှာ မေးခွန်းက တလပဲ ရွေးကောက်ပွဲကျင်းပဖို့ လိုတော့တဲ့အချိန်မှာ သူတို့ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဟာတွေကရော ဘယ်လောက်အထိ ထိရောက်နေလဲ။ ကျနော်တို့တွေ ဘယ်လောက်အထိ လမ်းမတွေပေါ်မှာ ဒါမှမဟုတ်လည်း သူတို့ရဲ့ ကွန်ယက်တွေထဲမှာ ပြည်တွင်းရဲ့ ကွန်ယက်တွေထဲမှာ မြင်နေရလဲဗျ။

ကိုရဲနည် ။     ။ အဲဒါက ကျနော်ထင်တယ်၊ ရွေးကောက်ပွဲကာလမှာ မဲဆန္ဒရှင်တွေ ဘယ်လောက်အထိ ဒီရွေးကောက်ပွဲမှာ မဲထည့်ကြမှာလဲ ဆိုတာအပေါ်မှာ မူတည်ပြီးတော့ အတိုက်အခံ နိုင်ငံရေးပါတီတွေက ဒီရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမရှိ လွတ်လပ်ခြင်း ရှိမရှိတို့ကို သက်သေထူနိုင်ရုံမကဘူး၊ ဒီရွေးကောက်ပွဲမှာ မဲထည့်မယ့်သူတွေ နည်းတာကို ထောက်ပြပြီးတော့ နိုင်ငံတကာကို ဒီရွေးကောက်ပွဲကို အပြည့်အဝ ထောက်ခံအားပေးမှု မရှိပါဘူးလို့ ထောက်ပြနိုင်တယ်။ အဲဒီအချက်အလက်တွေနဲ့။

ကိုကျော်စွာမိုး ။      ။ ဒါပေမယ့် ပြဿနာက မဲဆန္ဒရှင်တွေရဲ့ ရာခိုင်နူန်း ဘယ်လောက်ထွက်ပြီး မဲပေးမှ အောင်မြင် မယ်ဆိုတဲ့ ဟာမျိုးကို ရွေးကောက်ပွဲဥပဒေမှာ မပြဋ္ဌာန်းထားဘူး။ ဘယ်လောက်ပဲထွက်ပြီး မဲပေးပေး ရွေးကောက်ပွဲဟာ အတည်ပြုလို့ ရတယ်ပေါ့လေ။ အဲဒီဟာကျတော့ ဥပဒေကို အဲဒီလို သတ်မှတ်ထားတာ ရှိတယ်။

ကိုရဲနည် ။     ။ ဥပဒေတင်မကဘူး ကျနော်ထင်တယ်၊ စစ်အစိုးရကလည်း voter turnout  နည်းခြင်းဟာ ရွေးကောက်ပွဲရဲ့ တရားဝင်ဖြစ်မှုကို ကျဆင်းစေတယ် ဆိုတာကိုလည်း သူသိတယ်ဗျ။ ဒီသိက္ခာစောင့်ထိန်းဖို့ အတွက်ကို voter turnout  မြင့်ပါတယ်ဆိုတဲ့ အချက်လက်တွေ ပြရတော့မယ် နည်းမျိုးစုံနဲ့။ နောက်ပြီးတော့ မဲခိုးတာတွေ၊ မဲလိမ်တာတွေ အဲဒါတွေလည်း လုပ်ရတော့မယ်။ ဆိုတဲ့အခါမှာကျတော့ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ voter turnout တခုတည်းကို focus မလုပ်ဘဲနဲ့ မဲဆန္ဒရှင်တွေ ဘယ်လောက် ထွက်လာမလဲဆိုတဲ့ အချက်တခုတည်းကိုပဲ အာရုံမပြုဘဲနဲ့ပေါ့လေ။ မဲလိမ်တာတွေ၊ မဲခိုးတာတွေ၊ စနစ်တကျ အထောက်အထားတွေနဲ့ ဖော်ထုတ်နိုင်မယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲရဲ့ တရားဝင်ဖြစ်မှုကို ကျဆင်းသွားစေနိုင်တဲ့ အခြေအနေမျိုး ဖန်တီးနိုင်တယ်လို့ အဲလိုမျိုး ယူဆလို့ ရတယ်ပေါ့လေ။

ကိုကျော်စွာမိုး ။     ။ ဒါပေမယ့် နအဖက လုပ်ရမှာ တချက်ပဲဗျ။ နအဖဆိုတာ နအဖနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပေါ့ဗျာ။ ဘာလဲဆိုတော့ မဲဆန္ဒရှင်တွေက တဝက်ပဲထွက်ပေးဦးတော့၊ သူတို့က ၁၀၀ ရာခိုင်နူန်းပေးတယ်လို့ လုပ်လို့ရတဲ့ နည်းတွေက ရှိတယ်လေ။ အဲ့ဒါဘာလဲဆို မဲဆန္ဒရှင်တွေရဲ့ စာရင်းကို ပြောင်းလိုက်ရုံပဲဗျ။ လွယ်လွယ်လေးပဲ သူတို့အတွက်ကတော့။

ကိုဝေမိုး ။     ။ ဒီရွေးကောက်ပွဲ အကြိုကာလမှာပဲ တိုင်းရင်းသားတွေအတွက် စိတ်ပျက်စရာကောင်းတဲ့ အချက်ကတော့ ပြီးခဲ့တဲ့တပတ်မှာ ရုပ်မြင်သံကြားကနေပြီးတော့ မဲဆွယ်စည်းရုံးမှုတွေလုပ်တော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ သဘောထား ထုတ်ပြန်ချက်တွေကို ရွေးကောက်ကော်မရှင်ကနေပြီးတော့ ဖြတ်တောက်လိုက်တာ ရှိတယ်။ အထူးသဖြင့်တော့ federal ပြည်ထောင်စုလိုဟာမျိုး ရည်ညွှန်းတဲ့ စာသားတွေ ဖြတ်တောက်ခံရတယ်လို့ သတင်းတွေ ရရှိတယ်။ နောက်တခုက ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ရွေးကောက်ပွဲ မဲဆွယ်တဲ့ စာသားတွေ ဆိုလို့ ရှိရင်လည်း ကော်မရှင်က ဖြတ်တောက်တယ်လို့ ကြားတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ရေးသားချက်ကတော့ သူတို့ရဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်ပြီး ရည်ညွှန်းထားတာပေါ့။  အဲဒီ စာတွေကတော့ တိုင်းရင်းသားတွေအတွက် စိတ်ပျက်စရာ အချက်တွေပဲဗျ။

ကိုကျော်စွာမိုး ။     ။ ဒီမိုကရက်တစ်ပါတီ နေပြည်တော်မှာသွားပြီးတော့ တင်ကတည်းကိုက စပြီးတော့ သူတို့ပယ် တာပဲ။ ဆင်ဆာလုပ်တာပဲလေ။ နောက်ပြီးတော့ တခြားပါတီလည်း အဲလိုမျိုး ကန့်သတ်ထားတာတွေ ဆင်ဆာလုပ် ခံရတာတွေ အများကြီးပဲ။

ကိုရဲနည် ။     ။ ကျနော်အမြင်ကတော့ဗျာ၊ ဒီမိုကရေစီစနစ် ကျင့်သုံးဖို့ဆိုတာ စစ်မှန်တဲ့ ရွေးကောက်ပွဲတခုကတော့ လိုအပ်တာပေါ့ဗျာ။ ဒါပေမယ့် တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကနေပြီးတော့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေး နိုင်မှာ မဟုတ်ဘူးဆိုတာ ကျိန်းသေတယ်ဗျ။

ကိုကျော်စွာမိုး ။       ။ ဟုတ်ကဲ့ ကိုရဲနည်ရေ။ ဒီအချိန်မှာ ကျနော်တို့လုပ်နိုင်တာ တခုကတော့ စောင့်ကြည့်ဖို့ပဲရှိ တာပေါ့ဗျာ။ ကိုရဲနည်နဲ့ ကိုဝေမိုးရေ၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်