ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိ

E-mail Print

အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ၎င်းတွင် အပြစ် မရှိ ကြောင်း သောကြာနေ့က တရားရုံးတွင် ဖြေကြားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးလည်းဖြစ်သူ ဦးဉာဏ်ဝင်းက“အပြစ်ရှိလား မရှိဘူးလားလို့ တရားရုံးက မေးတယ်၊ ဒါ လုပ်ထုံးလုပ်နည်းပါပဲ၊ ဒေါ်အောင်ဆန်းစုကြည်က အပြစ်မရှိဘူးလို့ ပြောပါတယ်၊ ဘာကြောင့် အပြစ်မရှိဘူးလဲလို့ ဆက်မေးပါတယ်၊ ဆက်မေးတော့ ဒေါ်အောင်ဆန်းစုကြည်က သူဘာပြစ်မှုမှ မကျူးလွန်လို့ အပြစ်မရှိဘူးလို့ ဖြေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယမန်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ အမှုရင်ဆိုင်နေရသူများဖြစ်သော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ နှင့် ဂျွန် ဝီလျံ ယက်ထော တို့က ၎င်းတို့တွင် အပြစ်မရှိကြောင်း ဖြေကြား ကြသည်ဟုလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား တားဆီးကန့်သတ်မိန့် ဖောက်ဖျက်သည့် ပုဒ်မ ၂၂ ဖြင့် ရဲ တပ်ဖွဲ့က စွဲဆိုလွှာ တင်ထားသည်ကိုလည်း ယမန်နေ့တွင်ပင် တရားရုံး က စွဲချက်တင်(Charge) ကြောင်း သိရသည်။

တရားလိုပြသက်သေများဖြစ်သော ရဲမှူးကြီး ဝင်းနိုင်ထွန်းနှင့် လဝက အရာရှိ တဦးတို့ကိုလည်း စစ်ဆေးကြားနာ သည်ဟု ဉာဏ်ဝင်းက ပြောဆိုသည်။

“မနေ့က ရဲမှူးကြီး ဝင်းနိုင်ထွန်းနဲ့ လဝက က အရာရှိတယောက်ကို စစ်တယ်၊ ရဲမှူးကြီး ဝင်းနိုင်ထွန်းက ဒေါ်အောင် ဆန်းစုကြည်ကို ဘာဖြစ်လို့ တရားစွဲတယ်ဆိုတာကို အဓိက လာပြောတဲ့ ပုဂ္ဂိုလ်ပါ၊ သူက တရားလိုပြ သက်သေ စတင် တုန်းက မပါဘူး၊ နောက်ဆက်တွဲအနေနဲ့ ထည့်ထားတာ၊ လဝက အရာရှိကတော့ မစ္စတာ ယက်ထော ကို စွဲထားတဲ့ တရားမဝင် ဝင်ရောက်မှုအတွက် သက်သေခံပေးတာ”ဟု ၎င်းက ရှင်းပြသည်။

မစ္စတာ ယက်ထောကို စစ်ဆေးမေးမြန်းရာတွင် မစ္စတာ ယက်ထောက ၎င်းတွင် အပြစ်မရှိကြောင်းနှင့် တရား ရုံးတွင် အစိုးရဘက်က သက်သေခံ ပစ္စည်းအဖြစ်တင်ပြထားသော အမျိုးသမီး ဝတ်စုံ ၂ စုံမှာ မွတ်စလင် အမျိုး သမီး ဝတ်စုံ မဟုတ်ကြောင်း ငြင်းဆိုသွားသည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“မစ္စတာ ယက်ထောကို ဘာကြောင့် အပြစ်မရှိဘူးလည်း မေးတော့ သူက ဒေါ်အောင်ဆန်းစုကြည်မှာ အန္တရာယ် ဖြစ်နိုင်တဲ့ အလားအလာကို မြင်လို့ လာပြီး သတိပေးနှိုးဆော်တာလို့ ပြန်ဖြေပါတယ်၊ သူနဲ့ပတ်သက်တဲ့ သီးခြား၂ မှုရှိတယ်၊ တမှုက စည်ပင်ဥပဒေနဲ့အင်းလျား ကန်ထဲ ရေကူးလို့ ဆိုတာရယ်၊ နောက်တမှုက လဝက ဥပဒေ ၁၃(၁) ဆိုတာ တရားမဝင် ဝင်ရောက်မှု ၊ အဲဒါတွေနဲ့ပတ်သက်ပြီး သူ့ကိုလည်း မေးပါတယ်၊ သူကလည်း အပြစ် မရှိဘူးလို့ ပြောပါတယ်”ဟု ၎င်းက ပြောသည်။

ဦးဉာဏ်ဝင်းက ဆက်လက်ပြီး“အမှုတွဲထဲမှာရေးထားတဲ့ မွတ်စလင် အမျိုးသမီး ဝတ်စုံ ဆိုတာကို မစ္စတာ ယက်ထောက လက်မခံဘူး၊ မွတ်စလင် အမျိုးသမီး ဝတ်စုံ မဟုတ်ဘူးတဲ့၊ ဒါသူ့ရဲ့ အမြင်အာရုံထဲမှာ တွေ့တဲ့ ဝတ်စုံပါလို့ သူ့ ရှေ့နေကနေ တဆင့် ကျနော်တို့ မေးလို့ အဲဒါကို သိရတယ်၊ ဒီ ဝတ်စုံတွေက သူယူလာတာလို့ တော့ ပြောပါတယ်”ဟု ဆိုသည်။

လက်ရှိအခြေအနေအရ အင်းစိန်ထောင် ဧည့်ရိပ်သာတခုတွင် နေထိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ကောင်းမွန်စွာ နေထိုင်နေရသော်လည်း ပြင်ပ သတင်းများကို သိရှခွင့် မရ ကြောင်းလည်း သိရသည်။
 
“သူ့မှာ ပြင်ပသတင်းကို ဘာမှ မရဘူး၊ ရေဒီယိုလည်း မရှိ၊ တယ်လီဗေးရှင်းလည်း မရှိဘူး၊ ဘာမှမရှိဘူး၊ သတင်း စာ လည်း မရဘူးလို့ထင်ပါတယ်၊ ကျနော်တို့နဲ့ ပြောတာကတော့ အမှုကိစ္စတွေ ဖြစ်ပါတယ်၊ နေရေးထိုင်ရေး လည်း အဆင်ပြေတယ်လို့ ပြောပါတယ်၊ ကျန်မာရေး စောင့်ရှောက်မှုလည်း အဆင်ပြေပါတယ်၊ အရင်အတိုင်း ဖျတ်ဖျတ်လတ်လတ် သွက်သွက် လက်လက် ပါပဲ၊ ဒေါ်ခင်ခင်ဝင်းတို့နဲ့အတူတူ ထားပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ပြီးခဲ့သည့် တနင်္လာနေ့မှစတင်၍ သောကြာနေ့အထိ ၅ ရက်ဆက် စစ်ဆေး ကြားနာရာတွင် တရားရုံး၏ ဆောင်ရွက်ချက်များအပေါ် ကျေနပ်မှုမရှိကြောင်း၊ အမှုနှင့်ပတ်သက်ပြီး တင်ပြ ချက်များသည် ဥပဒေအရ ခိုင်လုံမှုမရှိဟု မြင်ကြောင်းလည်း ၎င်းက ဆိုသည်။

“အမှုအပေါ်မှာ ကျနော်တို့အမြင်ကတော့ သူတို့က စွပ်စွဲပေမယ့် သူတို့ တင်ပြနေတဲ့ အချက်တွေက ဥပဒေအရ သိပ်မခိုင်လုံဘူးလို့ မြင်ပါတယ်၊ ဖြစ်နိုင်ခြေရှိတဲ့ အလားအလာကတော့ သူတို့ဘက်မှာပဲ တည်လိမ့်မယ်၊ အဲဒါ တော့ ကျနော်တို့ မပြောတတ်ဘူး၊ တရားဥပဒေ အမြင်အရပဲ ကျနော်တို့ ပြောနိုင်တယ်”ဟု ဦးဉာဏ်ဝင်းက သုံးသပ်သည်။

ယမန်နေ့ကပင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော သတင်းသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားပေးမှုများ တိုးမြှင့် စေရန်ရည်ရွယ်သည့် အတိုက်အခံအင်အားစုများ၏ လုပ်ကြံမှုတစိတ်တပိုင်းဖြစ်သည်ဟု ပြောကြားသည်။

အမေရိကန်၊ ဂျပန် နှင့် ဥရောပနိုင်ငံများက မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒကို ပြန်လည်သုံးသပ်နေသည့် အချိန်တွင် ပြည်တွင်းပြည်ပမှအတိုက်အခံအဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဖိအားပေးမှုများ တိုးမြှင့်ပြုလုပ်စေရန်အတွက် အချိန်ကိုက် ဖန်တီးမှုတရပ်ဖြစ်နိုင်သည်ဟု တနင်္လာနေ့ က ဂျပန်နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဟီရိုဖုမိနာကာဆိုနဲနှင့် တယ်လီဖုန်းဖြင့် ပြောကြားရာတွင် ဦးဉာဏ်ဝင်းက ပြောကြားလိုက် ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့တွင် အမှုရင်ဆိုင်ရန် ရက်ချိန်းပေးလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်