တလမ်းသွား တရားဥပဒေ

E-mail Print
လက်ရှိ ရင်ဆိုင်နေရသည့် အမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က သူ့တွင် လုံးဝအပြစ်မရှိပါဟု လျှောက် လဲခဲ့ပြီးပြီ။ သူယုံကြည်သည့်အတိုင်း သူ့ရှေ့နေများကလည်း ကွင်းလုံးကျွတ်လွတ်ရမည့် အမှုတခုကို လိုက်နေ ရခြင်းသာ ဖြစ်ကြောင်း ပြောကြသည်။

 “ကျနော်တို့ လက်ထဲမှာ အနိုင်ရမယ့်အမှုတခု ရောက်နေတာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦး ဖြစ်သူ ဦးကြည်ဝင်းက ပြောသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့်အမှုက ရှင်းလင်းလျှက်ရှိသည်။

မစ္စတာ ဂျွန် ဝီလျံ ယက်ထော သူ့နေအိမ်အတွင်း မဝင်ရောက်မီအခြေအနေကို ဆန်းစစ်ကြည့်မည် ဆိုလျှင် -

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ကျခံနေရသူတဦး ဖြစ်သည်၊ သူ့အနေနှင့် အိမ်အပြင်သို့ လုံးဝ ထွက်ခွင့်မရှိ၊ ပြင်ပမှ မည်သူတစုံတဦးမျှ သူ့ထံလာရောက်ဆက်သွယ်ခွင့်မရှိ၊ သူကိုယ်တိုင်လည်း ပြင်ပမှ လူများထံ သွားရောက် ဆက်သွယ် စကားပြောခွင့်မရှိ။ ထိုအချက်များနှင့်ပင် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိကြောင်း သိသာနေပြီး ကွင်းလုံးကျွတ် လွတ်ရမည့် အနေအထားဖြစ်သည်ဟု သူ့ရှေ့နေများ ဖြစ်ကြသော ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့က ယုံကြည်ထားသည်။

ဒုတိယ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့်က စင်ကာပူတွင်ပြုလုပ်သော အစည်းအဝေး၌ “အပြစ် ကျူးလွန်သူကို အပြစ်မပေးရင် မင်းမဲ့စရိုက် ပေါ်ထွန်းလာမယ်၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်လာမယ်” ဟု ပြောခဲ့သည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးရန် ယခုကဲ့သို့ အမှုဆင်ကြခြင်းလားဟု မေးစရာရှိပါသည်။

နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၂၇ ရက်နေ့အထိ နေအိမ်အကျယ်ချုပ် ကျခံ နေရစဉ် ၆ နှစ်တာ ကာလအတွင်း မည်သည့် ဥပဒေချိုးဖောက်မှု တစုံတရာကိုမျှ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ဦးကြည်ဝင်းက အတည်ပြုပြောကြားသည်။

စစ်အစိုးရက စွဲချက်တင်ထားသည့် ပုဒ်မ ၁၀ (ခ) အရဆိုလျှင် ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံခြားသံရုံးများ သို့မဟုတ် နိုင်ငံရေးပါတီအဖွဲ့အစည်း တခုခုနှင့် ဆက်သွယ်သူ ဖြစ်ရမည်။

ဆိုခဲ့သည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ် ကျခံနေရသည့်အတွက် မည်သည့် သံရုံး၊ မည်သည့်အဖွဲ့အစည်းတစုံတခုနှင့်မှ တိုက်ရိုက်သော်လည်းကောင်း၊ စာဖြင့် တစုံတဦးကို တဆင့်ခံ၍ သော် လည်းကောင်း၊ တယ်လီဖုန်းဖြင့် သော်လည်းကောင်း ဆက်သွယ်မှု မပြုလုပ်ခဲ့။ ဆက်သွယ်ရန် အခွင့်အရေးလည်း မရခဲ့။

တကယ်တမ်းအပြစ်ရှိသူမှာ မစ္စတာ ဂျွန် ဝီလျံ ယက်ထောသာ ဖြစ်သည်။ သူ့ကို ဒေါ်အောင်ဆန်းစုကြည်က မဖိတ်ခေါ်ဘဲ၊ သူဝင်လာသည်ကို မသိဘဲ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသာလျှင် ဥပဒေကို ချိုးဖောက်သူဟု ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မစ္စတာယက်ထောကို ချက်ချင်းထွက်သွားဖို့ ပြောဆိုခဲ့သော်လည်း မစ္စတာ ယက်ထောက ခေတ္တနေခွင့်ပြုပါရန် တောင်းပန်ခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခွင့်ပြုခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ယက်ထောကို သံသယရဲ့ အကျိုးကို ခံစားခွင့် ပြုတဲ့အနေနဲ့ ခဏ နေခွင့်ပေးခဲ့ တာပါ” ဟု ဦးကြည်ဝင်းက ရှင်းပြသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တရားခွင်တွင် ရပ်ရန်ပင် အကြောင်းမရှိ၊ တရားခွင်တွင် ရပ်နေရမည့် သူက မစ္စတာ ယက်ထော တဦးသာဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က သူ့တွင်အပြစ်မရှိဘဲ စွဲချက်တင်သူ စစ်အစိုးရကို အပြစ်မတင်သည့် အပြင် မည်သည့် တစုံတဦးကိုမျှ ထိခိုက်စေမည့် လျှောက်လဲချက်မျိုး တရားခွင်တွင် မလျှောက်လဲရန် ၎င်း၏ ရှေ့နေများအား ပြောခဲ့သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က “အန်ကယ်တို့အနေနဲ့ ဘယ်သူ့ကိုမှ ထိခိုက်သွားအောင် လျှောက်လဲတာမျိုး မလုပ်ပါနဲ့” ဟု ပြောခဲ့ကြောင်း ဦးကြည်ဝင်းက အံ့သြတကြီး ပြန်လည်ပြောပြသည်။ ဦးကြည်ဝင်းအနေနှင့် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို တကြိမ်တခါမျှ မမြင်တွေ့ခဲ့ဘူးကြောင်းလည်း ပြောသည်။

“ဘာမှပြန်မပြောနိုင်လောက်အောင် ဖြစ်သွားတယ်။ ဒီလောက် သဘောထားကြီးတဲ့သူမျိုး တခါမှ မတွေ့ဖူးဘူး” ဟု သူက ဆိုသည်။

လတ်တလော ကာလ၌ ဒေါ်အောင်ဆန်းစုကြည်သည် သူနှင့်ပတ်သက်သည့် ကမ္ဘာအရပ်ရပ်တွင် ဖြစ်ပေါ်နေ သော သတင်းများ၊ သူ့ကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုမှုများ၊ နိုင်ငံတကာ အသိုင်းအဝန်း၏ ထုတ်ပြန်ချက်၊ ကြေညာချက်များကို အကန့်အသတ်ဖြင့်သာ ကြားသိရသည်။

ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်းနှင့် အမေရိကန်သမ္မတ အိုဘားမားတို့ ထုတ်ပြန်ခဲ့သော ကြေညာ ချက်များအတွက် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သော်လည်း စစ်အစိုးရ အုပ်ချုပ်သည့် မြန်မာပြည် တရားစီရင်ရေးကိုမူ မေးခွန်းထုတ်ခဲ့သည်ဟု ဦးကြည်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်သမျှ တရားစီရင်ခဲ့သည့် အသေးစိတ်အချက်အလက် များကို နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သတင်းပေးပို့ရကြောင်း စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။ အမှန်ကမူ မည်သည့် ဒီမိုကရေစီ နိုင်ငံတွင်မှ တရားရုံးများ၏ တရားစီရင်မှုကို ခေါင်းဆောင်က စွက်ဖက်ပိုင်ခွင့်မရှိပေ။

ဒေါ်အောင်ဆန်းစုကြည်၏ အမှု ရုံးချိန်းကို ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့သို့ အကြောင်းပြချက် မပေးဘဲ ရွှေ့ဆိုင်းလိုက်ခြင်းသည်လည်း တရားသူကြီးများ၏ ဆုံးဖြတ်ချက်မဟုတ်ဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြစ်နိုင်ကြောင်း နိုင်ငံရေး သုံးသပ်သူများက ဝေဖန်ပြောဆိုနေကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နောက်ထပ် ရှေ့နေတဦးဖြစ်သည့် ဦးဉာဏ်ဝင်းက “တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေး ကင်းမဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောတာ ဒါ ပထမ အကြိမ်မဟုတ်ဘူး။ ဖေဖော်ဝါရီလက မစ္စတာဂန်ဘာရီ လာခဲ့တုန်းကလည်း ပြောခဲ့ပါသေးတယ်” ဟု ဆိုသည်။

“ဒါ Constitutional Crisis ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်း မဟုတ်ဘူး၊ Crisis of Constitution ဖွဲ့စည်းပုံ ဥပဒေရဲ့ အကျပ် အတည်း ဖြစ်နေတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဦးဉာဏ်ဝင်းကို မြန်မာပြည် တရား စီရင်ရေးနှင့် ပတ်သက်၍ ပြောခဲ့သည်။

အမှုရင်ဆိုင်ရန် ရုံးချိန်းကို ၁ ရက်နေ့မှ ၅ ရက်နေ့သို့ မည်သည့်အတွက်ကြောင့် ပြောင်းလဲ သတ်မှတ်လိုက်သည် ဆိုခြင်းကိုမူ ရှေ့နေ ၂ ဦးစလုံးက ထင်မြင်ချက်ပေးရန် ငြင်းဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရေးအတွက် နိုင်ငံတကာ၏ တောင်းဆိုမှုများနှင့် ဖိအားကို လျှော့ချရန်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတွင် ထွက်ပေါက်တခု ကျန်နေသေးသည်ဟု ဆိုရပေလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆိုင်းငံ့ပြစ်ဒဏ် သတ်မှတ်၍ နေအိမ်အကျယ်ချုပ်အဖြစ် ပြန်ထားလိုက်မည် ဆိုလျှင် တချို့သော နိုင်ငံတကာဖိအားများ လျော့ကောင်း လျော့သွားနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ် ကြသည်။

သို့ရာတွင် အင်းစိန်ထောင် အထူးတရားရုံး၌ရင်ဆိုင်ရသမျှသော အမှုအားလုံး အစိုးရ၏ ကြီးလေးသော အပြစ်ဒဏ် ကျခံရသည့် သာဓကများရှိခဲ့သည်။

ဥပမာအားဖြင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်း ဦး၊ နာမည်ကြီး သတင်းစာဆရာကြီးလည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးလည်း ဖြစ်သူ ဦးဝင်းတင်အပါအဝင် တခြားသော ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများ၏ ဖြစ်ရပ်တို့က သက်သေခံလျှက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေရသည့် အင်းစိန်ထောင် အထူးတရားရုံးသည် ဂ ငယ်ကွေ့ပြန်ကွေ့ရန် ခက်ခဲသော တလမ်းမောင်း လမ်းရှည်ကြီးဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

ထိုသို့ ပြန်ကွေ့နိုင်ရန်အခွင့်အရေး လွန်စွာမှ နည်းပါးနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းကတော့ မျှော်လင့်ချက်ထားရမည်၊ မျှော်လင့်ချက်မဲ့၍မဖြစ်ဟု ဆိုသည်။

အောင်ဇော် ၏ Insein Prison Trial is a One-Way Street  မှ အချက်အလက်တချို့ကို မှီငြမ်းရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်