စစ်အစိုးရတရားစီရင်ရေး မျှတမှုမရှိဟု ရှေ့နေများ ဝေဖန်

E-mail Print
စစ်အစိုးရက နိုင်ငံ၏ တရားစီရင်ရေးကို ထိန်းချုပ် တင်းကျပ်ထားသောကြောင့် လက်ရှိ ရင်ဆိုင်နေရသော ဒေါ်အောင်ဆန်း စုကြည်အမှု အပေါ် တရားစီရင်နေမှုသည် လွတ်လပ်၍ မျှတမှုရှိမည် မဟုတ်ကြောင်း ဥပဒေ ရေးရာ ကျွမ်းကျင်သူများကပြောသည်။

မကြာသေးခင်က စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ ပြောဆိုသွားသည့် အပေါ်တွင် ဥပဒေပညာရှင်များက သုံးသပ်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အပြစ်လုပ်ထားတဲ့ တရားခံတဦးကို အပြစ်မပေးဘူးဆိုရင် နိုင်ငံတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းတည်ငြိမ်မှုကို ထိခိုက် ပါလိမ့်မယ်”ဟု စစ်အစိုးရ ဒု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် အေးမြင့်က လက်ရှိ အင်းစိန်ထောင်တွင်း အထူး တရားရုံးတွင် အမှုရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း၍ ပြောဆိုထားသည်။

ဗိုလ်ချုပ်အေးမြင့်က မြန်မာနိုင်ငံတွင် ဥပဒေအထက်၌ မည်သူမျှမရှိဘဲ တရားဥပဒေ စိုးမိုးမှုရှိသည်ဟုလည်း ပြော သည်။

ထိုသို့ ဗိုလ်ချုပ်အေးမြင့်က စင်္ကာပူနိုင်ငံ၌ ပြီးခဲ့သည့် မေလ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ကျင်းပခဲ့သော အာရှ လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာ ညီလာခံ (Shangri-La Dialogue) တွင် ပြောကြားသည့် တရားရုံးမှ အမိန့်မချရသေးသော လူတဦးအား အပြစ်ကျူးလွန်သူဟု သုံးနှုန်းလိုက်ခြင်းသည် ဥပဒေဘောင်မဝင်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

“တရားရုံး တရုံးက အမိန့် မချသေးဘဲနဲ့ လူတယောက်ကို အစွပ်စွဲခံနေရဆဲမှာပဲ အပြစ်ကျူးလွန်တယ်လို့ ၊ အပြစ် ရှိတယ်လို့ သုံးသပ်တာဟာ ဥပဒေရေးရာမှာ တကယ့် စနစ်တကျ လေ့လာပြီးတော့ ပြောတဲ့ဆိုတဲ့ သဘော မဟုတ်ဘူး၊ တရားရုံးအပေါ်မှာ တနည်းအားဖြင့် ကြိုပြီးတော့ လွှမ်းမိုးသုံးသပ်ပေးနေတယ်ဆိုတဲ့ သဘော သက် ရောက် တယ်၊ အဲဒါ ဟာ ဥပဒေနဲ့ မညီတဲ့ သုံးနှုန်းတဲ့စကား၊ တနည်းအားဖြင့် ပြောရင်လည်း ဒါဟာ လူ့အခွင့် အရေးကို စောစီးစွာကြိုတင် ချိုးဖောက်နေခြင်းပဲဖြစ်တယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရှေ့နေကြီး ဦးအောင်သိန်းက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နဂိုကတည်း အပြစ်ပေးရန်အစီအစဉ်ကို ကြိုတင်သိရှိထားသောကြောင့် ဗိုလ်ချုပ် အေးမြင့် က ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

“ဘာကြောင့် ပြောတယ်ဆိုတဲ့ သဘောအရ ပြောရင်တော့ သူတို့မှာ အပြစ်ပေးမယ်ဆိုတဲ့ အစီအစဉ်ရှိနေတယ် ဆိုတဲ့ အတိုင်းအတာကို သူသိနေလို့ ဖြစ်မှာပေါ့၊ အမှုအပေါ်မှာ ခန့်မှန်းမယ်ဆိုရင်၊ တရားမျှတမှု ဖြစ်မဖြစ်ဆိုတဲ့ ကိစ္စကိုပဲ သုံးသပ်မယ်ဆိုရင် အများပြည်သူ ကြားနာခွင့်မပေးနိုင်တဲ့ ကိစ္စဟာ အဓိက ဖြစ်နေတယ်”ဟု ဦးအောင်သိန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ဗိုလ်ချုပ်အေးမြင့်၏ ပြောကြားချက်အပေါ် ဥပဒေဘောင်တွင်းမှ တရားရုံးတွင် အရေးဆိုလျှောက်ထားနိုင်သော်လည်း တရားစီရင်ရေးသည် အုပ်ချုပ်ရေး၏ လွှမ်းမိုးမှုရှိ၍ မထိရောက်နိုင်ကြောင်း ၎င်းက ဆိုသည်။

“တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးအာဏာဟာ အမှန်တကယ် သီးခြားစီ ရှိရိုးမှန်ရင် ပုဂ္ဂိုလ်တဦးတယောက်အနေနဲ့ တရားရုံးကို လျှောက်ထားခွင့်ရှိပေမယ့် တရားရုံးတွေက လိုက်နာချင်မှ လိုက်နာမယ်၊ ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်ရေးအာဏာက တရားစီရင်ရေးအပေါ်မှာ ဒီခေတ်တခေတ်လုံးမှာ လွှမ်းမိုးထားတဲ့သဘောရှိတယ်၊ နောက် တချက်က လွတ်လပ်စွာခုခံချေပခွင့်ဆိုတဲ့ ဥပဒေပြဌာန်းချက်မှာ စွပ်စွဲခံရသူများဘက်ကလည်း ပြည့်စုံ လုံလောက် တဲ့ သက်သေ ကို စစ်ဆေးပိုင်ခွင့်ပေးရမယ်၊ တင်ပြတဲ့ နေရာမှာ၊ တရားရုံးရဲ့ တရားစီရင်မှုကို အနှောင့်အယှက် ဖြစ်နိုင်တယ်ဆိုတဲ့ သမားရိုးကျ သုံးလို့ မရဘူး၊ အဲဒါဟာ လုံလောက်မှု မရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တရားခွင် မှာ ခုခံ ချေပနေတဲ့ လူတယောက်ရဲ့ လိုအပ်ပါတယ်ဆိုရင် တရားရုံးကတောင်မှ သက်သေဖြစ်ခေါ်ပေးရမယ့် တာဝန်ရှိတယ်၊ တရားရုံးကတောင်မှ ဆင့်ခေါ်ပေးရမယ်”ဟုလည်း ဦးအောင်သိန်းက ပြောဆိုသည်။

မြန်မာ ဒု နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့်ကလည်း ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ မေလ ၂၇ မှ ၂၈ ရက်နေ့ အထိ ကျင်းပခဲ့သည့် (၁၇) ကြိမ်မြောက် အာဆီယံ -အီးယူ ၀န်ကြီးအဆင့် အစည်းအဝေးတွင် ဒေါ်အောင်ဆန်း စုကြည်အား တရားစီရင်မှုနှင့်ပတ်သက်ပြီး ဥပဒေအရလုပ်ဆောင်သည့် ပြည်တွင်းရေးသာဖြစ်ကြောင်း၊ နိုင်ငံရေး နှင့် လူ့အခွင့်ရေး ကိစ္စ မဟုတ်သောကြောင့် တခြားသောနိုင်ငံများက မြန်မာနိုင်ငံအပေါ် ၀င်ရောက်စွက်ဖက်မှုကို မလိုလားကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ပြည်ပအခြေစိုက် မြန်မာနိုင်ငံရှေ့နေများကောင်စီ ဥက္ကဌ ဦးသိန်းဦးကမူ“အခုဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစီရင်ပုံက မြန်မာပြည်ရဲ့တရားစီရင်ရေးဟာ လွတ်လပ်မျှတမှုမရှိဘူးဆိုတာပြနေတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ စစ်အစိုးရက တရားရုံးကို ချုပ်ကိုင်ထားတယ်၊ ဒါဟာ အာဏာရှင်တွေရဲ့ စရိုက်လက္ခဏာပဲဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်မှာ မျှတတဲ့ လွတ်လပ်စွာ ခုခံချေပခွင့်လည်း မရှိဘူး”ဟု ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့မှ စတင်၍ ပြီးခဲ့သည့် သောကြာနေ့အထိ အစိုးရ တရားလိုပြသက်သေများကို ဆက် တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်