စာရေးဆရာ မောင်ဆုရှင် ကွယ်လွန်

E-mail Print
စာရေးဆရာ မောင်ဆုရှင်သည် ၂၀၀၉ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် အသက် ၇၇ နှစ်အရွယ်၌ ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။

မောင်ဆုရှင်ကို မြောင်းမြမြို့တွင် အဖ ဦးချစ်ဖေ၊ အမိ ဒေါ်စိန်မြင့်တို့မှ ၁၉၃၂ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက် နေ့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးမျိုးသန့်ဖြစ်သည်။

မောင်ဆုရှင်အမည်အပြင် မောင်ကောင်းမြင့်၊ မောင်ကြည်ဖြူ၊ ဦးဘခန့်၊ မျိုးသန့်၊ ၀င်းသန့်၊ အောင်သူ ဟူသော ကလောင်ခွဲများဖြင့်လည်း သုတ၊ ရသစာပေများကို ရေးသားခဲ့သည်။

ဆရာမောင်ဆုရှင်သည် ၁၉၆၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဆရာကျုပ်တက္ကသိုလ်နှင့် ဘော့စတွန် တက္ကသိုလ်တို့မှ သတင်းစာပညာ ဒီပလိုမာနှင့် စာအုပ်ထုပ်ဝေရေးပညာ ဒီပလိုမာများ ရရှိခဲ့သည်။ ၁၉၅၃ ခုနှစ်မှစ၍ ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်တွင် ညွှန်ကြားရေးမှုးချုပ် အဆင့်အထိ ထမ်းဆောင်ခဲ့သည်။ ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန အကြံပေးအရာရှိအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

စာရေးဆရာ မောင်ဆုရှင်သည် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပခုက္ကူ ဦးအုန်းဖေ စာပေဆုရွေးချယ်ရေးအဖွဲ့ ဥက္ကဌ၊ စာပေဗိမာန် စာမူဆု စီစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင် စသည့်တာဝန်များ အပြင် နိုင်ငံတော်အဖွဲ့အစည်းများ၌ စာပေဆိုင်ရာ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။

မြန်မာ့အသံတွင် သိပံ္ပပညာ သိကောင်းစရာ အခန်းကဏ္ဍ၌ နှစ်ပေါင်း ၄၀ ကျော် အသံလွှင့် ဟောပြောခဲ့သည်။ စာရေးဆရာမောင်ဆုရှင်၏ တီထွင်မှုများသမိုင်း (၁၉၇၅)၊ ၂၁ ရာစုကမ္ဘာ နှင့် ၂၁ ရာစု လူမှုဝေါဟာရများ နှင့် မြေကမ္ဘာကြွေမှာ စိုးသူများ စာအုပ်များသည် သိပ္ပံပညာ စာပေပြန့်ပွားရေးအတွက် အထူးထိရောက်ခဲ့သည်။ ၁၉၇၆ တွင် တီထွင်မှုများသမိုင်း စာအုပ်ဖြင့် သုတပဒေသာ (သိပ္ပံ) ဆုကို တစ်ကြိမ်၊ ၁၉၆၈ ခုနှစ်တွင် ပင်လယ်ပြာနှင့် တံငါအို စာအုပ်ဖြင့် ဘာသာပြန်ဆု စသည်ဖြင့် အမျိုးသားစာပေဆု နှစ်ကြိမ် ရရှိခဲ့သူလည်း ဖြစ်သည်။

“ပင်လယ်ပြာ နှင့် တံငါအို” စာအုပ်၏ မူရင်းစာအုပ်မှာ ကမ္ဘာကျော်စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေး (၁၈၉၉-၁၉၆၁) ၏ “The Old Man and The Sea” ၀တ္ထုဖြစ်သည်။ သူ၏ ထိမိ တိကျ လှပသော ဘာသာပြန် အစွမ်းကြောင့် မြန်မာစာဖတ်ပရိသတ်တို့သည် ကမ္ဘာကျော်စာရေးဆရာကြီး ဟဲမင်းဝေး နှင့် ကမ္ဘာ့ ၀တ္ထုတိုများ၏ အရသာကိုလည်း မြည်းစမ်းခွင့်ရခဲ့သည်။

ဆရာ၏ အပြောင်မြောက်ဆုံး စာအုပ်တစ်အုပ်မှာ မြတ်ဘုရား ရွှေတိဂုံ (၁၉၇၂) ဖြစ်သည်။ ကမ္ဘာသိ ထင်ပေါ် ကျော်ကြားသော မြန်မာတို့၏ ဂုဏ်ယူဖွယ် ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ အကြောင်းကို ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ ပြည့်ပြည့်စုံစုံ ရေးသားတင်ပြထားသည့် စာအုပ်ဖြစ်သည်။ ရွှေတိဂုံ စေတီတော်မြတ်ကြီးသည် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ လောကုတ္တရာရေးရာအတွက် ကြည်ညိုဆည်းကပ်ရာ သာမက၊ လောကီရေး တွင်လည်း အရိပ်အာဝါသပေးရာ၊ ခိုလှုံရာ အချက်အခြာ နေရာကြီး ဖြစ်သဖြင့် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးသမိုင်း နှင့် ယှဉ်ပြီး ဖော်ထုတ်လေ့လာတင်ပြထားသည်။

မောင်ဆုရှင်သည် ၁၉၅၄ ခုနှစ်မှ စပြီး ကွယ်လွန်သည် အထိ စာအုပ်ပေါင်း ၁၀၀ ကျော် ရေးသားပြုစုခဲ့သည့် အပြင် စာပေဟောပြောပွဲများစွာတွင် လိုက်လံ ဟောပြောခဲ့သည်။ စာရေးဆရာ မောင်ပေါ်ထွန်း နှင့် တွဲပြီး “စာနယ်ဇင်း ဟူသည်” “စာအုပ်ဟူသည်” စာအုပ်များကိုလည်း ပြုစုခဲ့သည်။ နီသောလင်းယုန်၊ မြို့ပြခံစားမှု စာမွန်များ၊ အသက်ရှည်ရာ အနာမဲ့ကြောင်း၊ အင်္ဂလိပ် - မြန်မာ စစ်ပွဲခေတ် ကိုယ်တွေ့များ၊ အင်ဂျင်နီယာ စွမ်းရည် စသော စာအုပ်များသည် သူ၏ ထင်ရှားအောင်မြင်ခဲ့သော စာအုပ်များဖြစ်သည်။

စာရေးဆရာ မောင်ဆုရှင် ကွယ်လွန် အနိစ္စရောက်သွားခြင်းသည် မြန်မာ့စာပေအတွက် ဆုံးရှုံးမှု တစ်ခုဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်