ပထမဆုံး ပုဂ္ဂလိကပိုင် ကားဈေးကွက် ဖွင့်လှစ်

E-mail Print
ဆာကူရာ (SAKURA TECHNICAL SERVICES Co.,LTD) ကုမ္ပဏီက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ချယ်ရီ ဥယျာဉ်မြို့တော်၌ ယမန်နေ့က စတင်ဖွင့်လှစ်လိုက်သည့် ပထမဆုံး ပုဂ္ဂလိကပိုင် တရားဝင် ကားဈေးကွက်တွင် ကျပ် သိန်း ၄၀ မှ သိန်း ၃၀၀၀ ကျော်ကြား တန်ဖိုးရှိ ကား အစီး ၇၀ ကျော် ရောင်းချကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအ၀န်းမှ သိရှိရသည်။

ယင်းကားဈေးကွက်ကို ရန်ကုန်အခြေစိုက် ဆာကူရာ ကုမ္ပဏီပိုင်ရှင် ဦးဌေးအောင်က နောက်ဆုံးပေါ် မော်ဒယ်မြင့် ဇိမ်ခံကားသစ်များနှင့် ကားဟောင်းများကို လေလံတင်ရောင်းချ ၀န်ဆောင်မှု ပေးသည့်အနေနှင့် ဖွင့်လှစ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဈေးကွက် စဖွင့်တဲ့နေ့က ကြမ်းခင်းဈေး ကျပ် သိန်း ၃၀၀၀ နဲ့ ၃၇၀၀ သတ်မှတ်ထားတဲ့ တိုယိုတာ လင့်ခရူဆာ ကား သစ် ၄ စီး၊ သိန်း ၁၀၀၀ နဲ့ ၂၂၀၀ ကြားရှိတဲ့ကားသစ် အစီး ၅၀ ၊ သိန်း ၄၀ ကနေ ၁၀၀၀ ကြားရှိတဲ့ ကား ဟောင်း၂၀၊ စုစုပေါင်း ၇၄ စီး လေလံတင်ရောင်းတယ်”ဟု ကိုယ်တိုင်သွားရောက်လေ့လာခဲ့သည့် ရန်ကုန် ကား ပွဲစားတဦးက ပြောသည်။

စစ်အစိုးရ၊ စီးပွားရေးဦးပိုင်လီမီတက်နှင့် စစ်တပ်ကျောထောက်နောက်ခံ ပေးထားသည့်အဖွဲ့အစည်းများ အတွက် ပြည်ပမှ ကားသစ်များ မှာယူတင်သွင်းပေးနေသည့် အဆိုပါကုမ္ပဏီက ဖွင့်လှစ်လိုက်သည့် ယခုဈေးကွက်တွင် ကျပ် သိန်းထောင်ချီတန်ဖိုးရှိ ဇိမ်ခံကားသစ်များကို လစဉ်ပုံမှန် လေလံတင်ရောင်းချပေးမည့်အပြင် ကားပိုင်ရှင် များက ရောင်းချလိုသော ကားများကိုလည်း ၀န်ဆောင်ခယူ ရောင်းချပေးသွားမည်ဟု ကားအရောင်းအဝယ် လုပ်ငန်းသမားများက ပြောသည်။

ဆာကူရာကုမ္ပဏီက ဖွင့်လှစ်လိုက်သည့် ထိုကားဈေးကွက်တွင် မော်ဒယ်မြင့်ကားသစ်များ အများဆုံးပါဝင်သည့် အတွက် ဟံသာဝတီကားဈေးကွက် အပါအ၀င် ရန်ကုန်မြို့ရှိ ကားဈေးကွက်များတွင် မော်ဒယ်မြင့်ကား အရောင်း အ၀ယ်များ လျော့ကျစေမည်ဖြစ်ပြီး အရောင်းအ၀ယ်ငြိမ်သက်နေသော ရန်ကုန်ကား ဈေးကွက်ကို အနည်းနှင့် အများ ထိခိုက်မှုရှိလာနိုင်ကြောင်း ဟံသာဝတီကားဈေးကွက်မှ လုပ်သက်ရင့် ကားပွဲစားကြီးတဦးကပြောသည်။

“ဒီဈေးကွက်မှာက ကားသစ်တွေအများဆုံးပါတယ်။ ရှင်းရှင်းပြောရရင် လူတွေကို ကားပါမစ်တွေ ချမပေးချင်တဲ့ အတွက် ကားသစ်စီးချင်တဲ့ သူတွေ ဒီဈေးကွက်ကနေ လာဝယ်နိုင်ဖို့ လုပ်ပေးလိုက်တဲ့ပုံစံပဲ။ ဈေးကွက်မှာ ရောင်း နေတဲ့ ကားသစ်တွေမှာ အစိုးရ စီးပွားရေး ဦးပိုင်ကရောင်းတဲ့ ကားသစ်တွေလည်း တွေ့နေရတယ်။ ပိုက်ဆံရှိတဲ့ သူတွေ အနေနဲ့ ဆာကူရာဈေးကွက်မှာပဲ ဇိမ်ခံကားတွေလာဝယ်နိုင်ကြတာကြောင့် အပြင်ဈေးကွက်မှာ အပေါ် ကား(မော်ဒယ်မြင့်ကား) အရောင်းအ၀ယ်ထိခိုက်နိုင်တယ်”ဟု ရန်ကုန်ကားပွဲစား တဦးက ဆိုသည်။

ဆာကူရာကုမ္ပဏီ၏ ကားဈေးကွက်တွင် ကားသစ်နှင့်ကားဟောင်း စုစုပေါင်း အစီး၂၀၀ ခန့်ကို လစဉ်နှစ်ကြိမ် ရောင်းချသွားမည်ဖြစ်ပြီးကားဝယ်ယူသူများအနေနှင့် ကျပ်ငွေဖြင့်သာမက အမေရိကန်ဒေါ်လာ၊ FEC ဖြင့်လည်း ၀ယ်ယူနိုင်ကြောင်း၊ နိုင်ငံခြားဘဏ်များတွင် ငွေစာရင်းဖွင့်ထားသူများအနေနှင့် ဆာကူရာကုမ္ပဏီ၏ ဘဏ်စာရင်း သို့ငွေလွှဲပြောင်းပေးခြင်းဖြင့် ကားဝယ်နိုင်သည်ဟု အဆိုပါကုမ္ပဏီမှ စုံစမ်းသိရသည်။

“ဒီဈေးကွက်က ဂျပန်နိုင်ငံမှာလုပ်တဲ့ ကားလေလံဈေးကွက်ပုံစံလုပ်ထားတာပါ။ ကားဝယ်မယ့်သူတွေအနေနဲ့ လေလံခန်းမမှာရှိတဲ့ ကိုယ်ထိုင်နေတဲ့ကွန်ပျူတာပေါ်ကနေ ကိုယ်ပေးချင်တဲ့ဈေးကို ခလုတ်နှိပ်ပြီးပေးရမှာပါ”ဟု ဆာကူရာကုမ္ပဏီဥက္ကဌ ဦးဌေးအောင်က ၄င်း၏ကားဈေးကွက် ဖွင့်ပွဲအခမ်းအနားအပြီး ကားလေလံ အရောင်း အ၀ယ်သရုပ်ပြ ရှင်းလင်းပွဲတွင်ပြောကြောင်း အထက်ပါ ရန်ကုန်ကားပွဲစားက ပြောပြသည်။

ထိုကုမ္ပဏီက လေလံရောင်းချသည့် ကားများကို အွန်လိုင်းတွင်လည်း တင်ထားပြီး ကားဝယ်ယူသူများ အနေဖြင့် www.sakura-auction.com တွင် ၀င်ရောက်လေ့လာမှုပြုနိုင်ကြောင်း၊ မိမိတို့လိုချင်သော ကားများကိုလည်း အီးမေးလ်အမှာစာ ပေးပို့ဝယ်ယူနိုင်ကြောင်း ဆာကူရာကုမ္ပဏီက ထုတ်ပြန်သော သတင်းအချက်အလက်များ တွင် ဖော်ပြထားသည်။

ယင်း ပထမဆုံးသော တရားဝင်ကားဈေးကွက် ဖွင့်လှစ်သည့် ဆာကူရာကုမ္ပဏီတွင် စစ်အစိုးရထိပ်တန်း စစ်ဗိုလ်ချူပ်ကြီးများ၏ရှယ်ယာများ ပါဝင်နိုင်ကြောင်း၊ ဆာကူရာ ဦးဌေးအောင်သည် မြန်မာနိုင်ငံတွင် အရေ အတွက်အနည်းငယ်သာရှိသည့် ကားပါမစ်တင်သွင်းခွင့်ရသူများတွင် တဦးအပါအ၀င်ဖြစ်ကာ ဆာကူရာ ကုမ္ပဏီ က တင်သွင်းထားသည့် ကားသစ် တရာနီးပါး ပြည်ပမှ မကြာမီရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့ စီးပွားရေးဦးပိုင် လီမီတက်နှင့်နီးစပ်သူများထံမှ သတင်းရရှိသည်။

ဆာကူရာ ဦးဌေးအောင်သည် စစ်အစိုးရ ဗိုလ်ချူပ်များနှင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးရှိသူ တဦးဖြစ် ကြောင်းလည်း သိရသည်။  

“ဆာကူရာ ကားဈေးကွက်ကနေ ကျနေတဲ့ ကားဈေးနှုန်းကို တက်လာအောင် ဈေးကစားလို့ ရနိုင်တယ်။ သူချ မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ကားဈေးကွက် လှုပ်အောင် ဈေးကစားလို့ရတဲ့သဘောပဲ”ဟု ရန်ကုန် မြို့မှ အသက် ၅၀ ကျော်ရှိ ကားဝယ်ရောင်း ပွဲစားတဦးက ရှင်းပြသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ ပြည်တွင်းစီးပွားရေးလုပ်ငန်း နယ်ပယ်ကြီးများတွင် စစ်အစိုးရနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် စစ်တပ် ကျောထောက် နောက်ခံ အဖွဲ့အစည်းများက လုပ်ပိုင်ခွင့်များအား လက်ဝါးကြီးအုပ်၍ ပိုမိုသိမ်းယူလာခြင်းများကို ထူးခြားချက်အဖြစ် သတိ ပြုမိကြောင်း စီးပွားရေး သုတေသီတဦးက သုံးသပ်ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်