မြန်မာအလုပ်သမားများ ပြည်ပတွင် ဥပဒေအရ ကာကွယ်ခံရမှု နည်းပါး

E-mail Print
ပြည်ပရောက် မြန်မာ အလုပ်သမားများသည် ဥပဒေအရ ကာကွယ် စောင့်ရှောက်ခံရမှု နည်းပါးသဖြင့် အနိုင်ကျင့် ခံနေရကြောင်း ကရင် လူ့အခွင့်အရေး အဖွဲ့ (KHRG) က ယနေ့ ပြောကြားလိုက်သည်။

KHRG အဖွဲ့က ယနေ့ ထုတ်ပြန်သည့် “Abuse, Poverty and Migration” (အနိုင်ကျင့်စော်ကားမှု၊ ဆင်းရဲနွမ်းပါးမှု နှင့် ရွှေ့ပြောင်းနေထိုင်ခြင်း) အမည်ရှိ အစီရင်ခံစာတွင် ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။

အစီရင်ခံစာနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲကို ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ ကလပ်တွင် ကျင်းပခဲ့ပြီး ရွှေ့ပြောင်း အလုပ်သမားများ အတွက် အဓိက လိုအပ်ချက်များကို ရှင်းလင်း ဖော်ပြခဲ့သည်ဟု KHRG မှ ပြောရေးဆိုခွင့် ရှိသူ နော်အဲဖောထူး (Naw Eh Paw Htoo) က ဧရာဝတီသို့ ပြောသည်။

“ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် လိုအပ်တဲ့ ကာကွယ် စောင့်ရှောက်မှုတွေကို ထိုင်း အိမ်ရှင်နိုင်ငံ အနေနဲ့ တိုးချဲ့ ပေးနိုင်ဖို့အတွက် ထောက်ခံ တောင်းဆိုပါတယ်။ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းက သော်လည်းကောင်း၊ လူမှု စောင့်ရှောက်ရေး အဖွဲ့က သော်လည်းကောင်း အလုပ်သမားတွေ အတွက် ကာကွယ် စောင့်ရှောက်ပေးနိုင်တဲ့ ဥပေဒေတခု ထုတ်နိုင်ရေး အတွက် အဓိက တောင်းဆိုထားတယ်”ဟု ပြောသည်။

လက်ရှိ ကြုံတွေ့နေရသော ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးများ ရရှိရန်အတွက် တောင်းဆိုပေးခြင်း ဖြစ်သည် ဟု ဆိုသည်။

KHRG သည် ထိုင်း-မြန်မာ နယ်စပ် ဒေသ အဖွဲ့အစည်းတခု ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ ၁၉၉၂ ခုနှစ်မှ စတင် ဆောင်ရွက်နေသော အဖွဲ့ ဖြစ်သည်။

KHRGက  ပြုစုထားသော အစီရင်ခံစာတွင် ရွှေ့ပြောင်း အလုပ်သမားများ မိမိ ဒေသ မြန်မာပြည်အား စွန့်ခွာရသည့် အကြောင်းအရင်းများကို သုတေသန ပြုလုပ်ထားသည့် အချက်များ ပါဝင်သည်။ ကရင်ပြည်နယ်မှ ပြောင်းရွှေ့လာသည့် အလုပ်သမား ၁၅ဝ နှင့် အခြား နိုင်ငံများတွင် ရောက်ရှိနေသော မြန်မာပြည်သား အလုပ်သမားများကို တွေ့ဆုံမေးမြန်းပြီး ပြုစုထားသည့် အစီရင်ခံစာဖြစ်သည်ဟု ဆိုသည်။

အလုပ်သမား ၇၈ ရာခိုင်နှုန်းခန့်သည် မြန်မာ့တပ်မတော်၏ လုပ်အားပေး စေခိုင်းမှုကြောင့် ထိခိုက် နစ်နာမှုများ ပေါ်ပေါက်လာသည့် အပြင် စီးပွားရေး ကျပ်တည်းမှုများ ဆိုးရွားစွာ ဖြစ်ပေါ်ကာ မိမိနိုင်ငံကို စွန့်ခွာရသည့် အခြေအနေထိ ဖြစ်သွားကြောင်း KHRG အဖွဲ့၏ ဆက်သွယ် မေးမြန်းချက်များအရ သိရသည်ဟု ဖော်ပြထားသည်။

အစီရင်ခံစာ နှင့် ပတ်သက်ပြီး ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်သူ နော်စက်တင်ဘာပေါက “ကျမတို့ တွေ့ဆုံ မေးမြန်းခဲ့တဲ့ ရွှေ့ပြောင်း အလုပ်သမား အများစုက စစ်အစိုးရရဲ့ ဖိနှိပ် ရက်စက်မှုကြောင့် ဒုက္ခရောက် အခက်အခဲ တွေ့လာကြတဲ့အတွက် မြန်မာပြည်ကနေ ထွက်လာရတာ ဖြစ်ပါတယ်"ဟု ဆိုသည်။

ခန့်မှန်းခြေအားဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ ဒဿမ ၅ သန်းသည် ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ် နိုင်ငံတို့တွင် နေထိုင်လျက်ရှိသည်၊ ထိုပမာဏာမှာ မြန်မာပြည် လူဦးရေ၏ ၇ ရာခိုင်နှုန်းခန့် ဖြစ်သည် ဟု ဆိုသည်။

၎င်းတို့ ပြောင်းရွှေ့ နေထိုင်ကြသော နိုင်ငံများတွင် ဥပဒေအရ ပြဌာန်းထားသည့် အခွင့်အရေးများကို မရကြဘဲ အများစုသည် တရားမဝင်သော ရွှေ့ပြောင်း အလုပ်သမားများ အဖြစ် အလုပ်ထုတ်ခြင်း ခံရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာပြည်၏ နယ်စပ် ဒေသများတွင် လှုပ်ရှားနေသော အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရများကိုလည်း မြန်မာပြည်သား အလုပ်သမားများ အတွက် လိုအပ်သည့် ကာကွယ် စောင့်ရှောက်မှုများကို တိုးချဲ့ ဆောင်ရွက်ရန် KHRG က တိုက်တွန်းထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်