သက်သေ ၂ ဦး အတွက် လျှောက်လဲချက် ဗဟိုတရားရုံး ကြားနာမည်

E-mail Print
ဒေါ်အောင်ဆန်းစုကြည် အမှုနှင့်ပတ်သက်ပြီး တိုင်းရုံးတရားရုံးမှ ပယ်ချထားသော သက်သေ ၂ ဦးအတွက် ဗဟို တရားရုံးသို့ လျှောက်ထားရာ ယနေ့တွင် ယင်းလျှောက်လွှာကို လက်ခံလိုက်ကြောင်းနှင့်လာမည့် သောကြာနေ့ ၌ ကြားနာမည့်နေ့ရက်ကို သိရှိရမည်ဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

အဆိုပါ တိုင်းတရားရုံးမှ ပယ်ချထားသည့် သက်သေ၂ ဦးဖြစ်သော သတင်းစာဆရာကြီး ဦးဝင်းတင် ၊ NLD ဒု ဥက္ကဌ ဦးတင်ဦး တို့ နှင့် ပတ်သက်ပြီး ဇွန်လ ၁၁ ရက်နေ့က ဗဟိုတရားရုံးသို့ ဆက်လက်လျှောက်ထားချက်ကို ယနေ့တွင် အမိန့်ချခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပြောခွင့်ရ ပုဂ္ဂိုလ်တဦးလည်း ဖြစ်သည့် ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“ဒီနေ့ ဗဟိုတရားရုံးက ကျနော်တို့တင်ထားတဲ့ လျှောက်လွှာကို လက်ခံတယ်တဲ့၊ ကျနော်တို့တင်ထားတဲ့ လျှောက် လွှာ လက်ခံရေး မခံရေးက ပထမ အဆင့်၊ ဒုတိယ အဆင့်ကျမှ သက်သေ ၂ ယောက်နဲ့ပတ်သက်ပြီးတော့ အဖြေ ပေါ်မယ်၊ အခုက လျှောက်လွှာကို လက်ခံတာ၊ အဖြေထွက်ဖို့က နောက်တခါ လျှောက်လဲချက်ပေးရဦးမယ်၊ အစိုးရ ဘက်ကရော ကျနော်တို့ ဘက်ကရော”ဟု ဦးဉာဏ်ဝင်း ကရှင်းပြသည်။

ယနေ့တွင် နှစ်ဘက်ကြားနာရမည့်ရက်ကို ရက်ချိန်းမပေးဘဲ လာမည့် သောကြာနေ့တွင်မှ ဗဟိုတရားက ကြေညာ သည့် စာရင်းတွင် သွားရောက်ကြည့်ရှုရမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ထို့ကြောင့် ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် ဒေါ်ခင်မိုးမိုး ကို ခွင့်ပြုလိုက်ပြီး ကြားနာရန် ချိန်းဆိုလိုက်သည့် လာမည့် ဇွန် ၂၆ ရက်နေ့ရုံးချိန်းမှာ ပျက်ပြယ်သွားနိုင်ကြောင်း လည်း ဦးဉာဏ်ဝင်း က ပြောဆိုသည်။

“ကျနော့် အမြင်တော့ ၂၆ ရက်နေ့က မလုပ်ဖြစ်နိုင်တော့ဘူး၊ ဒီဟာ လက်ခံလိုက်ပြီဆိုရင် အောက်ရုံး အမှုတွဲကို ပြန်ဖော် မယ်၊ အဲဒီတော့ အောက်ရုံးက အမှုဆက်သွားလို့ မရဘူး၊ သောကြာနေ့ သွားကြည့်တဲ့အခါ တမျိုး ပြောင်း သွားနိုင်တယ်”ဟုလည်း ၎င်းက ပြောသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် ပတ်သက်ပြီး ရုံးချိန်းများ ရွှေ့နေခြင်းသည် စစ်အစိုးရက အချိန်ဆွဲလို၍ ဖြစ်နိုင်ကြောင်း လေ့လာသူများကလည်း သုံးသပ်နေကြသည်။

၎င်း၏နေအိမ်သို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော တိတ်တဆိတ်ဝင်ရောက်လာမှုနှင့် ပတ် သက်ပြီး တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက်က တင်ထား သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ ၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက မေလ ၂၇ ရက်နေ့တွင် ပယ်ချလိုက်ပြီး NLD လပွတ္တာအမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။

သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်းဖြစ်သည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုသိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင့်ပြုခဲ့သော NLD လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ သက်သေထွက်ဆိုခဲ့ရသည်။

ထို့နောက် ကျန်သက်သေ ၃ ဦး ဖြစ်သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မိုးမိုး တို့အတွက် တိုင်းတရားရုံးသို့ ဆက်လက်လျှောက်ထားရာ တိုင်း ရုံးက ဦးဝင်းတင်နှင့် ဦးတင်ဦးကို ဇွန်လ ၉ ရက်နေ့တွင် ပယ်ချခဲ့ပြီး ဒေါ်ခင်မိုးမိုး တဦးသာခွင့်ပြုခဲ့သည့် အတွက် ဗဟိုတရားရုံးသို့ ဆက်လက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယခုဒေါ်အောင်ဆန်းစုကြည်အမှုနှင့်ပတ်သက်ပြီး စစ်အစိုးရ ဘက်က တရားလိုပြ သက်သေ ၂၃ ဦး စာရင်း တင်ပြ ခဲ့ပြီး ၉ ဦးကို ဖယ်ရှားကာ ၁၄ ဦး သက်သေ ထွက်ဆိုစေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင် သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်