ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်

E-mail Print
ယနေ့ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက်မွေးနေ့တွင် ဖြစ်ပေါ်လာနိုင်သည့် ဆန္ဒပြမှုများနှင့် လူထုလှုပ်ရှားမှုများကို ဖြိုခွင်းနိုင်ရန် စစ်အစိုးရက ရန်ကုန် တမြို့လုံးတွင် လုံခြုံရေးတင်းကျပ်စွာ ချထား ကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားရာ အင်းစိန်ထောင်အနီး ၀န်းကျင် ၊ တန်ခိုးကြီးဘုရားပုထိုးစေတီများ ၊ လမ်းဆုံလမ်းခွများ၊ တက္ကသိုလ်ကောလိပ်များ၏ အနီးဝန်းကျင်များ အပါအ၀င် ရန်ကုန်မြို့တမြို့လုံးတွင် လုံထိန်း ရဲများနှင့် စစ်သားများကို လက်နက်အပြည့် အစုံနှင့် လုံခြုံရေး ချထားခြင်းဖြစ်သည် ဟုသိရှိရသည်။

အင်းစိန်ထောင်အနီးဝန်းကျင်တွင် ၀တ်စုံပြည့် ယူနီဖောင်းများနှင့်အတူ စွမ်းအားရှင်များ၊ကြံ့ဖွံ့များ၊ အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်များ ပါချထားပြီး လမ်းလျှောက် ကင်းလှည့်လုံခြုံရေးယူနေသည်ကို တွေ့ရှိရသည်ဟုလည်း အင်းစိန် မြို့ခံများကပြောသည်။

“အင်းစိန်မီးရထားဆေးရုံဝင်းအတွင်းမှာ လုံထိန်းရဲကား ခြောက်စီးနဲ့တုတ်၊ ဒိုင်းတွေကိုင်ထားတဲ့ ရဲတွေတွေ့ တယ်။ အင်းစိန်ထောင်ဘူးဝမှတ်တိုင်ရှေ့က ISN အင်တာနက် ဆိုင် မျက်နှာချင်းဆိုင် လမ်းမပေါ်မှာလည်း အရပ်ဝတ်ရဲတွေ၊စွမ်းအားရှင်တွေနဲ့ ကြံ့ဖွံ့တွေ လုံခြုံရေးယူထားတယ်။အင်းစိန်ထောင်ရှေ့မှာလည်း လုံထိန်း ရဲတွေ တော်တော်များ ရှိနေသလို ထောင်အနီးက ဈေးကုန်းအနောက်ရပ်ကွက် ရယက ရုံးမှာလည်း အရပ်ဝတ်ရဲတွေအများကြီး စောင့်နေကြတယ်”ဟု အင်းစိန်မီးသတ်ရှေ့ မျိုးချစ်လမ်းတွင်နေထိုင်သူ ဒေသခံတဦးက ပြော ပြသည်။

ထို့အပြင် အင်းစိန်မီးရထားဆေးရုံဝင်းရှေ့မှ အင်းစိန်ပေါက်တောဝ မီးပွိုင့်အထိ လုံထိန်းရဲများ လမ်းလျှောက် ကင်း လှည့်နေကြသည်ကို တွေ့မြင်ရသည်ဟု အင်းစိန်ဈေးအနီးနေထိုင်သူရပ်ကွက်သား တဦးကလည်း ပြောသည်။

“လမ်းလျှောက်ပြီး လုံခြုံရေးကင်းလှည့်တာတွေလည်း မြင်ရတယ်။ဒီနေ့လုံခြုံရေးယူတာက အရင်နေ့တွေကနဲ့ မတူဘူး။ သတိနဲ့ အသင့်အနေအထားပုံစံပဲ”ဟု ထိုရပ်ကွက်သားက ရှင်းပြသည်။

ရွှေတိဂုံစေတီတော်တွင်လည်း အရပ်ဝတ်ရဲများနှင့် စွမ်းအားရှင်အများအပြား လုံခြုံရေးယူထားပြီး ယနေ့ ဘုရား လာရောက်သူများ၏ အိတ်နှင့် အထုပ်အပိုးများကို စစ်ဆေး၍ အင်္ဂါထောင့်တွင်ဆုတောင်းနေသူများထဲမှ မသင်္ကာ သူများကို ကင်မရာနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကူးမှုများ ပြုလုပ်သည်ဟုလည်း ယနေ့ နံနက်ပိုင်းရွှေတိဂုံဘုရား သို့ သွားရောက်ခဲ့သည့် ဘုရားဖူးပြည်သူတချို့က ပြောသည်။

“အရှေ့ဘက်မုခ်ကနေ တက်ရင် အိတ်တွေ၊အထုပ်အပိုးတွေ အကုန်ရှာတယ်။ လူတွေကိုလည်း ရှာတယ်။ စာရွက် စာတမ်းတွေလည်း လှန်လှောကြည့်တယ်။ အရင်က ဘုရားလာဖူးတဲ့သူကို အဲဒီလိုမျိုးစစ်တာ မကြုံဖူးသေးဘူး” ဟု ဘုရားဖူးတဦးက ရှင်းပြသည်။

ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်အနီး ရေကြည်တော်ဝတ်ရွတ်အသင်းဓမ္မာရုံထဲတွင် စွမ်းအားရှင်များနှင့် ကြံ့ဖွံ့ များ က ကင်မရာကိုယ်စီကိုင်ပြီးဘုရားဖူးပြည်သူများကို အနီးကပ်စောင့်ကြည့် နေသကဲ့သို့ ရွှေတိဂုံဘုရားဝင်ပေါက် မုခ်အသီးသီးတွင် ဘုရားလုံခြုံရေးများကအ၀င်၊အထွက် ဂိတ်များသတ်မှတ်ပြီး သွေးဆေး ကန်အနီး အဆောက် အဦးများ၊ ဓမ္မာရုံများတွင်လည်း ရာပေါင်းများစွာ လုံထိန်းရဲ နှင့် စစ်သားများ ချထားသည်ဟုလည်း သတင်းရရှိ သည်။

ရွှေတိဂုံစေတီအပြင် ကမ္ဘာအေးစေတီနှင့် အခြားသောတန်ခိုးကြီးဘုရားပုထိုးများတွင်လည်း လုံခြုံရေးများ တင်းကျပ်ထားသည်ဟု စုံစမ်းသိရှိရသည်။

ထို့အပြင် ရန်ကုန်မြို့၏အချက်အချာကျ လမ်းဆုံလမ်းခွများနှင့် မီးပွိုင့်များတွင်လည်း ရဲများချထားပြီး လုံထိန်းရဲ ကားတချို့လမ်းမများပေါ်တွင် သွားလာသည်ကို တွေ့ရှိရသည်ဟု ပြည်တွင်းသတင်းထောက်တဦးက ဆို သည်။

တက္ကသိုလ်များနှင့် ကောလိပ်များတွင်လည်း သင်ကြားရေးဆရာ၊ဆရာများကို ကျောင်းသား ဆူပူဆန္ဒပြမှုများ မဖြစ်ပေါ်စေရန်တာဝန်ယူကြရန်နှင့် ကျောင်းပရ၀ဏ်အတွင်း ဆူပူအောင် လှုံ့ဆော်မည့်သူများ မ၀င်ရောက် နိုင်စေရန် တင်းစွာ စစ်ဆေးလုပ်ဆောင်ကြရန်ညွှန်ကြားထားသည်ဟု ဒဂုံတက္ကသိုလ်မှ လက်ထောက်ကထိက ဆရာမတဦးက ပြောသည်။

စစ်အစိုးရက လုံခြုံရေးများ တင်းကျပ်နေလင့်ကစား ပြည်သူအများက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဘုရား ပုထိုး စေတီများသို့ သွားရောက်ဆုတောင်းခြင်းနှင့်မိမိတို့ အိမ်ရှိဘုရားစင်ရှေ့တွင် ရှိခိုးဆုတောင်းမေတ္တာပို့ ခြင်း များ ပြုလုပ်ပြီး အသံတိတ်မွေးနေ့ပွဲကျင်းပကြသည်ဟုလည်း သတင်းရရှိသည်။

“ရွှေတိဂုံဘုရား၊အင်္ဂါထောင့်မှာ ဖယောင်းတိုင် ၆၄ တိုင် မီးပူဇော်ပြီး အန်တီစု အခုမွေးနေ့ကနေပြီး နောင် မွေးနေ့များတိုင်အောင် ကျန်းကျန်းမာမာနဲ့ နိုင်ငံရေးလုပ်ငန်းတွေ လွတ်လွတ်လပ်လပ်လုပ်နိုင်ပါစေလို့ ဆုတောင်းတယ်”ဟု ဒဂုံတက္ကသိုလ်ကျောင်းသားတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ခမ်းခမ်းနားနားမကျင်းပနိုင်သော်လည်း ၆၄ နှစ်မြောက်မွေးနေ့ အခါသမယ တွင် ဥပုသ်သီလစောင့်တည်ပြီး မေတ္တာပို့အမျှဝေခြင်းများ ပြုလုပ်ပေးလျက်ရှိသည်ဟု တာမွေမြို့နယ်မှ အသက် ၇၀ ကျော်အမယ်အိုတဦးကလည်း ဆိုသည်။

သာမန်အရပ်သူအရပ်သားများက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို အသံတိတ်ကျင်းပနေရချိန်တွင် ရန်ကုန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချူပ်နှင့် နိုင်ငံတ၀န်းရှိ အဖွဲ့ချုပ်ဝင်များကလည်း ဒေါ်အောင်ဆန်း စုကြည် မွေးနေ့ကို အခမ်းအနားဖြင့် ကျင်းပလျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။

လတ်တလော အင်းစိန် အကျဉ်းထောင်တွင် ချုပ်နှောင် တရားစွဲဆိုခံနေရသော ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ် ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီးအချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ်အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်