ကာတွန်းဆရာကြီး ဦးဖေသိန်း ကွယ်လွန်

E-mail Print
စာနယ်ဇင်း ကာတွန်း ဆရာကြီး ဦးဖေသိန်းသည် ယနေ့ နံနက် ၄ နာရီခန့်က ရန်ကုန်မြို့နေအိမ်တွင် ကွယ်လွန်သွားသည်။ အသက် ၈၆ နှစ် အရွယ်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

ယနေ့ ကာတွန်းဆရာများက ဦးဖေသိန်းကို အလွန် ချစ်ခင် လေးစားကြသည်။ သတင်းစာ ကာတွန်း ဆရာဘ၀ကို လွန်စွာ ခုံမင်သူ ဦးဖေသိန်းသည် ယနေ့ ကာတွန်းလောက၏ မဏ္ဍိုင်တခု ဖြစ်သည်ဟု ကာတွန်းဆရာ အော်ပီကျယ်က ပြောသည်။

“ဆရာကြီးက ရေးသင့်ရေးထိုက်တာတွေကို ရေးဖြစ်အောင် ကြိုးစားခဲ့တယ်။ မှန်တဲ့ဘက်မှာပဲ အမြဲတမ်း မဖောက်မပြန် ရပ်တည်ခဲ့တယ်။ ၁၉၈၈ မှာ သူရေးတဲ့ ကာတွန်းတခုက ၈၈ လူထုလှုပ်ရှားမှုနဲ့ တိုက်ဆိုင်သလို ဖြစ်သွားတဲ့အတွက် သူ သုံးလေးနှစ်လောက် အပိတ်ခံရတယ်။ နောက်ပိုင်း သူ ပြန်ဆွဲခွင့် ရပေမယ့် သတင်းစာကာတွန်းခေတ်က မရှိတော့ဘူး” ဟု အော်ပီကျယ်က ဧရာဝတီကို ပြောပြသည်။

ဦးဖေသိန်းသည် သူ၏ မွေးနေ့ပွဲ ဖိတ်စာများတွင် “လက်ဆောင်ပေးခြင်း သည်းခံပါ” ဟု ထည့်သွင်း ရိုက်နှိပ်လေ့ရှိသည်။ လက်ဆောင်ပေးရန် ငွေကြေးမတတ်နိုင်သည့် စာနယ်ဇင်းလောကသားများ အခက်အခဲ တွေ့မည်ကို စိုးရိမ်သောကြောင့် ထိုသို့ တားမြစ်ခြင်း ဖြစ်သည်ဟု ဦးဖေသိန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်လေးနွယ်က အမှတ်တရ ပြန်ပြောင်း ပြောပြသည်။

ကာတွန်း ဦးဖေသိန်းသည်  တဖက်သားကို လွန်စွာ အားနာတတ်သူဖြစ်ကြောင်း ဇနီးဖြစ်သူက ရှင်းပြသည်။

“ဘဘကလေ အရမ်း အားနာတတ်တယ်။ အမေတို့ မင်္ဂလာဆောင်တုန်းကလေ စာရေးဆရာ၊ ကာတွန်းဆရာတွေ လက်ဖွဲ့ အတွက် ဒုက္ခရောက်မှာ စိုးလို့ ဆိုပြီး စာရေးဆရာတွေဆီက စာမူတွေကို လက်ဖွဲ့တွေ အဖြစ် တောင်းပြီး မင်္ဂလာပုံပြင်များ ဆိုတဲ့ စာအုပ်ထုတ်ပြီး မင်္ဂလာဆောင်မှာ ဝေတယ်” ဟု ဒေါ်ခင်လေးနွယ်က ပြောသည်။

ဟံသာဝတီသတင်းစာအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သူ ဦးဝင်းတင်ကလည်း ဦးဖေသိန်းနှင့် ရင်းနှီးသူတဦး ဖြစ်သည်။

“ဦးဖေသိန်းက ကျနော်နဲ့အတူ ငယ်ငယ်ကတည်းက ခင်လာခဲ့တာ။ ကျနော် ၇ နှစ်သား၊ ၈ နှစ်သား လောက်တုန်းက သူက ၁၄ နှစ်၊ ၁၅ နှစ်လောက် ရှိပြီ။ သူနဲ့အတူ ကြေးမုံ၊ ဟံသာဝတီ သတင်းစာတွေမှာပါ တောက်လျှောက် လက်တွဲခဲ့တယ်။ သန့်ရှင်း တည်မြဲတွေ ကွဲပြီး နိုင်ငံရေး အခြေအနေ မတည်ငြိမ်တုန်းက သူက သူတတ်တဲ့ ကားတွန်းပညာနဲ့ ပြည်သူ့ဘက် ရပ်တည်ပြီး ကာတွန်းတွေရေးခဲ့တယ်” ဟု ပြောဆိုသည်။

ဦးဖေသိန်းသည် ဧရာဝတီတိုင်း ပန်းတနော်မြို့ ဇာတိဖြစ်ပြီး မိဘများမှာ ရွှေပြည်တော် ဦးဘတင်၊ ဒေါ်ကျော့စိန် တို့ဖြစ်သည်။

၁၉၄၆ ခုနှစ် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ယူစဉ် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ အိုးဝေမဂ္ဂဇင်း အမူဆောင်အဖွဲ့တွင် ပါဝင်ပြီး ပန်းချီ၊ ကာတွန်းများ ရေးဆွဲခဲ့သည်။

၁၉၄၇ တွင် ကာတွန်းဆရာကြီး ဦးဘဂျမ်း၏ မြေတောင်မြှောက်ပေးမှုဖြင့် အိုးဝေဂျာနယ် ကာတွန်းများ စတင်ရေးဆွဲပြီး စာနယ်ဇင်းလောကသို့ ၀င်ရောက်ခဲ့သည်။ နာမည်ကျော် ကြေးမုံ သတင်းစာ စာလုံးပုံစံသည် ဦးဖေသိန်း၏ လက်ရာ ဖြစ်သည်။

၁၉၅၇ တွင် ဖွဲ့စည်းခဲ့သော မြန်မာကာတွန်းဆရာများအသင်းတွင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ ထိုအသင်းမှာ ၁၉၆၂ နှစ်တွင် ဖျက်သိမ်းခံခဲ့ရသည်။

၁၉၅၈ ခုနှစ်တွင် အစိုးရက စီစဉ်သည့် သတင်းစာသင်တန်းတွင် ကာတွန်းပညာရပ်များ ပို့ချခဲ့သည်။
၁၉၆၂ တွင် ဒေါ်ခင်လေးနွယ်နှင့် လက်ထပ်ခဲ့သည်။

ပုံပမာကာတွန်းစာအုပ်များ၊ ငါးပါးသီလ ကာတွန်းပဒေသာ၊ ၃၈ဖြာ မင်္ဂလာ ကာတွန်းပဒေသာ၊ အီစွပ် ဂန္ထ၀င်ပုံပြင်၊ စကားပုံ ပုံပမာ၊ တရားတော်လာ ပုံပမာ၊ အနန္တောအနန္တ ငါးပါး ကာတွန်းပဒေသာ စာအုပ်များကို ကိုယ်တိုင် ရေးသား ထုတ်ဝေခဲ့သည်။

ကွယ်လွန်ချိန်တွင် ဇနီး နှင့် သားသမီး ၆ ဦး ကျန်ရစ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်