ရွှေတိုင်ညွန့်၏ သီချင်းများ ဇော်ဝင်းထွဋ် ဆိုမည်

E-mail Print
ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်က အဘိုးဖြစ်သူ ရွှေတိုင်ညွန့် ရေးသား စပ်ဆိုခဲ့သည့် ခေတ်ဟောင်း သီချင်းများကို သီဆိုရန် ပြင်ဆင်လျက်ရှိသည်။

ဂီတစာဆိုကြီး ရွှေတိုင်ညွန့်၏ ယခုနှစ်တွင် ကျရောက်သည့် နှစ်တရာပြည့် အထိမ်းအမှတ် အဖြစ် စီစဉ်ခြင်း ဖြစ်သည်ဟု သိရသည်။ ခေတ်ဟောင်းသီချင်းများကို ရော့ခ်အဆိုတော်တဦးက ပြန်လည် ဆန်းသစ် သီဆိုပြီး စီးရီးထုတ်ရန် စီစဉ်နေခြင်းမှာ ဤအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။

ဇော်ဝင်းထွဋ်က ထင်ရှားသည့် သီချင်းတပုဒ် ဖြစ်သည့် နဂါးနီသီချင်းကို သီဆိုရန် ပြင်ဆင်နေပြီး အဆိုရှင် တချို့ အတွက်လည်း ရွှေတိုင်ညွန့် ရေးသား ခဲ့သည့် မြကြာယံ၊ ဆောင်းကတ္တီပါ၊ လှေကလေး စသဖြင့် သီချင်း ၁၅ ပုဒ်ခန့်ကို ရွေးချယ်ထားပြီး တီးခတ် အသံသွင်းနေကြောင်း ဇော်ဝင်းထွဋ်က ဧရာဝတီကို ပြောပြသည်။

“တီးလုံးတွေ အရင် တီးနေတယ်။ ပြီးမှ အဆိုတော်တွေကို ခေါ်ပြီး ဖွင့်ပြမယ်၊ ဒီလိုမှ မဟုတ်ရင် ဒါကြီးတွေကို သူတို့ ဆိုရမှာလား ဆိုပြီး ဖြစ်သွားမှာ စိုးတယ်။ ခေတ်မီမီပုံစံ ပြန်တီးမယ်၊ ရှေးမူလည်း မပျက်ချင်ဘူး” ဟု ဇော်ဝင်းထွဋ်က ရှင်းပြသည်။

ရွှေတိုင်ညွန့် ရေးသားပြီး ဥသြဘသောင် သီဆိုခဲ့သော သီချင်းများသာ ဇော်ဝင်းထွဋ်နှင့် လိုက်ဖက်နိုင်ကြောင်း ဂီတလောကသားတဦးက သုံးသပ်သည်။

သို့သော်လည်း ဇော်ဝင်းထွဋ်က “ကျနော် ဥသြဘသောင် သီချင်းတွေ ဆိုကြည့်တာ အဆင်မပြေဘူး၊ အဲဒီ သီချင်းတွေက ခက်တယ်” ဟု ပြောသည်။

မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်နှစ်တွင် မွေးဖွားသော ရွှေတိုင်ညွန့်ရာပြည့် အထိမ်းအမှတ်ကို ယခုနှစ် ၁၃၇၀ ပြည့်နှစ် အတွင်း လုပ်ဆောင်သွားမည်ဟု ဇော်ဝင်းထွဋ်က ပြောသည်။ မိုးရာသီ ကုန်ဆုံးပါက ရွှေတိုင်ညွန့် သီချင်းများဖြင့် စင်မြင့်ဖျော်ဖြေပွဲ ပြုလုပ်မည်ဟု သိရသည်။

ဇော်ဝင်းထွဋ် အကြောင်းကို “အသံသစ်ပြတိုက်” အမည်ဖြင့် စာအုပ် တအုပ် ရေးဖူးသော စာရေးဆရာမ မေငြိမ်းက ဇော်ဝင်းထွဋ် သီဆိုမည့် ခေတ်ဟောင်းသီချင်းကို အနုပညာ ပုံစံသစ်ဖြင့် နားထောင်လိုသည်ဟု ဆိုသည်။

“ရော့ခ်အဆိုတော်က ခေတ်ဟောင်းသီချင်းကို ဆိုတာလည်း သူ့အလုပ် သူလုပ်တာပဲလို့ မြင်ပါတယ်” ဟု စာရေးဆရာမ မေငြိမ်းက ပြောသည်။

ရှေးသီချင်းများကို သီဆိုသည့် ရော့ခ်အဆိုတော်မှာ ဇော်ဝင်ထွဋ်တဦးတည်း မဟုတ်ပေ။

ထင်ရှားသည့် ရော့ခ်အဆိုတော် ဟယ်ရီလင်းကလည်း ပြီးခဲ့သည့် လဆန်းပိုင်းတွင် ပြုလုပ်သည့် မန္တလေး မြို့တည်၊ နန်းတည် နှစ် ၁၅၀ ပြည့် ပွဲတော်အတွင်း မေဓာဝီ၊ အိုလံပစ် စသည့် မြန်မာသံစဉ် ဂန္ထ၀င်သီချင်း ၂ ပုဒ်ကို သီဆိုခဲ့သည်။

ဤ ရော့ခ်အဆိုတော် ၂ ဦးက ခေတ်ဟောင်းသီချင်းများကို သီဆိုကြခြင်းမှာ ရာပြည့်အထိမ်းအမှတ်များကို ဂုဏ်ပြုလိုသောကြောင့် ဖြစ်သည်။

ရွှေတိုင်ညွန့်၏ သမီး၊ ဇော်ဝင်းထွဋ်၏ မိခင် အဆိုတော် ထား အပါအ၀င် မြန်မာသံ အဆိုတော်ကြီးများကလည်း ရွှေတိုင်ညွန့် ရာပြည့်အတွက် သီချင်းများကို သီဆို ထုတ်ဝေကြမည် ဖြစ်သည်။

“လူကြီးတွေက စီးရီး တခွေတောင် ကပါ့မလား မသိဘူး၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ သီချင်းတွေချည်းပဲ တခွေ ဖြစ်သွားနိုင်တယ်။ မေမေက လူကြီးတွေနဲ့ တိုင်ပင်ပြီးတော့ လူကြီးသီချင်း သပ်သပ် ရွေးတာပေါ့။ ဂန္ထ၀င် ပိုဖြစ်မယ့် သီချင်းမျိုးပေါ့၊  ဥပမာ ဗောဓိပင်နဲ့ ရွှေပလ္လင် လိုမျိုး သီချင်းကြီးတွေကို ရွေးထားတယ်” ဟု ဇော်ဝင်းထွဋ်က ပြောသည်။

ဇော်ဝင်းထွဋ်၏ အဘိုး ရွှေတိုင်ညွန့်သည် ရန်ကုန်မြို့ဇာတိ ဖြစ်သည်။ သူစပ်ဆိုသော သီချင်းများတွင် သူ၏အမည်ကို ထည့်သွင်း ရေးဖွဲ့လေ့ရှိသည်၊ တူရိယာမျိုးစုံကို နိုင်နိုင်နင်းနင်း တီးတတ်သူဖြစ်ပြီး သီချင်းကိုလည်း ပိုင်နိုင်စွာ သီဆိုတတ်သူ ပညာရှင်တဦး ဖြစ်သည်ဟု ဆိုသည်။

ရွှေတိုင်ညွန့်၏ သီချင်းများကို စာရင်းပြုစုရာတွင် ၂၇၇ ပုဒ် ရှိသည်ဟု သိရသည်။

“မသေချာတဲ့ သီချင်းတွေကို ဖယ်ပစ်ခဲ့တယ်၊ သူရေးသလိုလို၊ နန်းတော်ရှေ့ ဆရာတင် ရေးသလိုလို ဖြစ်နေတဲ့ သီချင်းတွေပေါ့။ ၂၇၇ ပုဒ်ထဲမှာ ခေတ်ပေါ် အဆိုတော်တွေ ပြန်ဆိုလို့ရမှာက အပုဒ် သုံးလေးဆယ်ပဲ ရှိမှာပါ” ဟု ဇော်ဝင်းထွဋ်က ပြောသည်။

ဒုတိယကမ္ဘာစစ် မဖြစ်မီက ထင်ရှားသော သီချင်း အများစုမှာ ရွှေတိုင်ညွန့်၏ သီချင်းများ ဖြစ်သည်ဟု မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်းက ထုတ်ဝေသည့် မြန်မာ့စွယ်စုံကျမ်းက ဆိုသည်။ ရွှေတိုင်ညွန့်သည် အသက် ၃၅ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

“ဘိုးဘိုး ဆုံးတော့ အမေက ၁၃ နှစ်သမီးပဲ ရှိသေးတယ်။ အမေကိုယ်တိုင်က သိပ်မမီလိုက်ဘူး။  ကျနော် မီခဲ့တဲ့ ခေတ်လည်း မဟုတ်ဘူး ဆိုတော့ အခု စာအုပ်တွေ ပြန်ဖတ်နေတယ်၊ ရွှေတိုင်ညွန့်ကို မီခဲ့တဲ့သူတွေ လိုက်မေးနေတယ်” ဟု ရွှေတိုင်ညွန့် ရာပြည့် အမှတ်တရ သီချင်းများ သီဆို ထုတ်ဝေရန် စီစဉ်နေသူ ဇော်ဝင်းထွဋ်က ရှင်းပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်