မြောက်ကိုရီးယားသင်္ဘော မြန်မာပြည်တွင် ဆိုက်ကပ်မည်ဟု ယူဆရ

E-mail Print
အမေရိကန် ရေတပ်က နောက်ယောင်ခံ လိုက်ပါလာသည့် မြောက်ကိုရီးယား Kang Nam 1 သင်္ဘောသည် လာမည့် ရက်ပိုင်းအတွင်း မြန်မာပြည်၊ သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်နိုင် ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူ တဦးက အတည်ပြု ပြောကြားလိုက်သည်။

“ပုံမှန်အားဖြင့်တော့ သင်္ဘောတစီးဝင်ရင် ၂ ရက်လောက်ကြိုသိရတယ်။ ဒါပေမယ့် ဒီသင်္ဘောက အရေးကြီးတော့ သူ့ရဲ့ အစီအစဉ်ကို ကြိုမသိရဘူး။ ကပ်ခါနီးမှ သိရလေ့ရှိတယ်” ဟု ၎င်းတာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။

လက်နက်များကို တင်ဆောင်လာသည်ဟု ယူဆရသော ထို Kang Nam 1 သင်္ဘောမှာ တန်ချိန် ၂၀၀၀ ခန့်သာရှိပြီး ပစ္စည်းအတင်အချ ပြုလုပ်ချိန်တွင် လုံခြုံရေး တင်းကျပ်စွာ ချထားလေ့ရှိကြောင်း သိရသည်။

မြောက်ကိုရီးယားဆိပ်ကမ်းမှ ဇွန် ၁၇ ရက်နေ့က ထွက်ခွာလာခဲ့သော ၎င်း သင်္ဘောသည် တရုတ်ပြည် ကမ်းရိုးတမ်းဒေသကို ဖြတ်ကျော်လာခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့သတင်းဌာနများတွင် ဖော်ပြထားသည်။

Kang Nam 1 သင်္ဘောတွင် လက်နက်များ၊ နျူကလီးယား လက်နက် အစိတ်အပိုင်းများတင်ဆောင်လာသည်ဟု အမေရိကန် ရေတပ်က သံသယရှိသဖြင့် ဆိပ်ကမ်းမှ စတင်ထွက်ခွာလာကတည်းက စောင့်ကြည့်လျက်ရှိသည်။

လက်ရှိအနေအထားအရ ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ကာ တရားစွဲဆိုထားသဖြင့် အာဆီယံ အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက မြန်မာစစ်အစိုးရကို ဝေဖန်ပြောဆိုနေသည့်ကာလဖြစ်သည်။

ထိုကာလတွင် ယခုကဲ့သို့ စစ်လက်နက် ပစ္စည်းများ တင်ဆောင်လာသည်ဟု ယူဆရသော မြောက်ကိုရီးယား သင်္ဘော မြန်မာပြည်သို့ ဦးတည်ထွက်ခွာခဲ့သဖြင့် နိုင်ငံတကာက စိတ်ဝင်စားနေကြပြီး အာဆီယံအပါအဝင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများကလည်း မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေးကို စိုးရိမ်နေကြသည်။

ယင်း Kang Nam 1 သင်္ဘောသည် မြန်မာပြည် သီလဝါဆိပ်ကမ်းတွင် ၂၀၀၇ ခုနှစ်အတွင်းကလည်း ဆိုက်ကပ် ခဲ့ဖူးပြီး ထိုစဉ်ကတည်းက မြောက်ကိုရီးယားနိုင်ငံအနေနှင့် မြန်မာပြည်ကို စစ်လက်နက် ပစ္စည်းများ ရောင်းချ လျက် ရှိသည်ဟု နိုင်ငံတကာက သံသယ ရှိနေသည်။ သို့သော် မြန်မာစစ်အစိုးရက Kang Nam 1 သင်္ဘောသည် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပစ္စည်းများသယ်ဆောင်လာသဖြင့် မြန်မာပြည်တွင် ဆိုက်ကပ်ခွင့်ပြုခြင်း ဖြစ်သည်ဟု တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာစစ်တပ်အရေး လေ့လာသူတို့က နအဖ အစိုးရအနေနှင့် လာမည့် ၂၀၂၅ ခုနှစ်တွင် နျူကလီယား စွမ်းအင် လက်ဝယ် ပိုင်ဆိုင်နိုင်ရန် စိတ်ကူးယဉ်လျက် ရှိသည်ဟု သုံးသပ်ကြသည်။

ပြည်တွင်းပြည်ပရှိ လေ့လာသုံးသပ်သူတို့၏ အဆိုအရ နအဖ စစ်အစိုးရ၏ ကမ်းလှမ်းချက်ကြောင့် မြောက်ကိုရီးယား နျူကလီးယား ပညာရှင် အမြောက်အများ မြန်မာနိုင်ငံတွင်း ရောက်ရှိနေသည်ဟုလည်း သိရှိရသည်။

စစ်ဖက်ရေးရာ လေ့လာသုံးသပ်သူတို့ကမူ မြောက်ကိုရီးယားနိုင်ငံသည် မြန်မာစစ်အစိုးရကို ခေတ်မီ စစ်သုံး လက်နက်ပစ္စည်းများ ပံ့ပိုးပေးလျက်ရှိပြီး နျူကလီးယား လက်နက်များ တပ်ဆင်ရန် အကူအညီများစွာ ပေးလျက် ရှိသည်ဟု ဆိုကြသည်။

၂၀၀၆ ခုနှစ်က နျူကလီးယား လက်နက်များ စတင်စမ်းသပ်ခဲ့သော မြောက်ကိုရီးယားနိုင်ငံကို ကမ္ဘာ့ကုလ သမဂ္ဂက စီးပွားရေးပိတ်ဆို့ အရေးယူခဲ့ပြီး နောက်ပိုင်းတွင် မြောက်ကိုရီးယားက မြန်မာပြည်ကို ၂၀၀၈ ခုနှစ် အတွင်း ရော့ကက်လောင်ချာများ ရောင်းချပေးခဲ့သည်။

မြန်မာစစ်အစိုးရနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးမှာ ၁၉၉၉ ခုနှစ် မြန်မာစစ်အရာရှိတချို့ မြောက် ကိုရီးယားသို့ တိတ်တဆိတ် သွားရောက်ခဲ့စဉ်က ပြန်လည်စတင်ခဲ့သည်ဟု ယူဆရသည်။ ၂၀၀၀ ပြည့်နှစ်တွင် လည်း မြန်မာစစ်တပ်မှ အကြီးတန်းအရာရှိ တချို့၏ လျှို့ဝှက်ခရီးစဉ်အဖြစ် မြောက်ကိုရီးယားနိုင်ငံသို့ သွား ရောက်ခဲ့သေးသည်။

၂၀၀၁ ခုနှစ် ဇွန်လကလည်း မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Park Kil-yon နှင့် မြန်မာနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးခင်မောင်ဝင်းတို့ တွေ့ဆုံခဲ့သေးသည်။

သို့ရာတွင် ၁၉၈၃ ခုနှစ်က မြန်မာပြည်သို့လာရောက်ခဲ့သော တောင်ကိုရီးယားသမ္မတ မစ္စတာချန်ဒူးဝမ် ရန်ကုန်မြို့ အာဇာနည်ကုန်းသို့ လည်ပတ်စဉ် မြောက်ကိုရီးယားနိုင်ငံမှ ဗုံးဖောက်ခွဲလုပ်ကြံမှု ပြုလုပ်ခဲ့ပြီးနောက်တွင်မူ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြတ်တောက်သွားခဲ့ပြီး မြန်မာ နှင့် မြောက်ကိုရီးယားသည် တရားဝင် သံတမန် ပုံမှန် ဆက်ဆံရေးကို ၂၀၀၇ ခုနှစ်မှ ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်