တုပ်ကွေးဆေးများ ရန်ကုန်မှာ ပြတ်လပ်နေ

E-mail Print
မြန်မာနိုင်ငံတွင် A (H1N1) ၀က်တုပ်ကွေး ရောဂါကုသဆေး ဖြစ်သည့် တမီလ်ဖလူး (Tamilflu) ဆေးနှင့် သာမန် ရာသီ တုပ်ကွေးရောဂါ ကာကွယ်ဆေး ဖြစ်သော ဗက်ဆီဂရစ် (Vaxigrip) ထိုးဆေးများမှာ ၀ယ်ယူ အသုံးပြုသူများ ပြားလွန်းသည့်အတွက် ဈေးနှုန်းမြင့်တက်သွားပြီး ပစ္စည်းပြတ်လပ် နေကြောင်း ရန်ကုန်ဆေးဝါး ရောင်းဝယ်ရေး ဈေးကွက်မှ သိရှိရသည်။

ပြည်ပမှ ပြန်လည်ရောက်ရှိ လာသူများတွင် ၀က်တုပ်ကွေး ရောဂါတွေ့ရှိရကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန် ပြီးနောက် တုပ်ကွေးရောဂါ ကာကွယ်ဆေးနှင့် ၀က်တုပ်ကွေး ရောဂါကု ဆေးဈေးနှုန်းများ မြင့်တက်သွားခြင်း ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် ဆေးကုမ္ပဏီကြီးများက ပြောသည်။

မူလက ရာသီတုပ်ကွေး ကာကွယ်ဆေး တလုံး ၁၈၀၀၀ ကျပ်မှ ယခု ငါးသောင်းနှင့် တစ်သိန်းအကြားတွင် လည်းကောင်း၊ ၀က်တုပ်ကွေး ရောဂါကုသသည့် တမီလ်ဖလူး ဆေးမှာ မူလ ၁၀ လုံးပါ တကတ်လျှင် ငွေကျပ် ငါးသောင်း ကျော်ရှိရာမှ ခြောက်သောင်းနှင့် တသိန်းအကြားတွင် လည်းကောင်း ဈေးနှုန်းများ တက်လျက်ရှိသည်။

မိုးရာသီတွင် ဖြစ်လေ့ဖြစ်ထရှိသော သာမန်တုပ်ကွေး ရောဂါသာ ကာကွယ်နိုင်သော ဗက်ဆီဂရစ် ထိုးဆေးများကို ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းများတွင် လာရောက်ထိုးကြသူ များလွန်းသည့်အတွက် ဈေးကွက်တွင် ပစ္စည်းပြတ်ပြီး ဈေးနှုန်းမှာ ကျပ်ငွေ သိန်းဂဏန်းချီ၍ ဈေးတက်သွားရသည်ဟု ပြည်တွင်း ဆရာဝန် အသိုင်းအ၀ိုင်းမှ သိရှိရသည်။

“Vaxigrip က သာမန်တုပ်ကွေး ရောဂါကာကွယ်တဲ့ ထိုးဆေးပါ။ ဒါပေမယ့် လူတွေက ၀က်တုပ် ကွေးရောဂါ ကာကွယ် နိုင်တယ်ထင်ပြီး ထိုးကြတယ်။ မူလက ဒီတုပ်ကွေး ကာကွယ်ဆေး တလုံးကို ၁၈၀၀၀ ပဲရှိတယ်။ ၀က်တုပ် ကွေးဖြစ်ပြီး နောက်ပိုင်း ထိုးတဲ့သူ များလာတော့ ပစ္စည်းပြတ်ပြီး ဆေးတလုံးကို တသိန်းထိ ဈေးတက်ရောင်းကြတယ်” ဟု  ရွှေဘုံသာလမ်းတွင် ဆေးခန်း ဖွင့်လှစ်ထားသည့် ဆရာဝန်တဦးက ပြောသည်။

ငွေကြေးတတ်နိုင်သူများက မိသားစုလိုက် တုပ်ကွေး ကာကွယ်ဆေး ဗက်ဆီဂရစ်ထိုးနှံကြပြီး ငွေကြေးအမြတ် အစွန်းကိုသာ အဓိကထားသော ဆေးခန်းများကလည်း ဈေးတင်ကာ တုပ်ကွေး ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိသည်ဟု ကိုယ်တိုင်တွေ့ မြင် ကြုံတွေ့ခဲ့ရသူ အစိုးရ၀န်ထမ်း ဆရာဝန်တဦးက ဆိုသည်။

“အခုချိန် ဆေးခန်းတိုင်း၊ ဆေးရုံတိုင်းမှာ တုပ်ကွေး ကာကွယ်ဆေးက ကုန်သွားပြီဆိုတော့ လုပ်စား တဲ့ဆေးခန်း တွေက ဆေးတလုံး တသိန်း၊ နှစ်သိန်း တောင်းပြီးတော့ ဆေးတွေ ထိုးပေးနေတာ။ လူတွေကလည်း သေသေချာချာ မစူးစမ်း မဆင်ခြင်ဘဲ ငွေကုန်ချင်သလောက် ကုန်ဆိုပြီး ထိုးကြတယ်”ဟု ထိုဆရာဝန်က ပြောသည်။

ရန်ကုန်မြို့ရှိ အာရှတော်ဝင်၊ ရွှေဂုံတိုင်၊ ဗဟိုစည်၊ ဆာကူရာ၊ ပန်းလှိုင် အပါအ၀င် နာမည်ကြီး ပုဂ္ဂလိက ဆေးခန်းကြီးများနှင့် ဆေးရုံကြီးများ အားလုံးတွင် တုပ်ကွေး ကာကွယ်ဆေး မရှိတော့ သော်လည်း ရွှေဘုံသာလမ်းရှိ ဆေးခန်းများနှင့် ရန်ကုန်မြို့ နာမည်ကြီး ဆေးခန်းတချို့တို့တွင် ထိုးနှံ၍ရသည်ဟု ဆရာဝန်များထံမှ သိရှိရသည်။

“မဂိုလမ်း (ရွှေဘုံသာလမ်း) က ဆေးခန်းတွေမှာ တုပ်ကွေး ကာကွယ်ဆေးဆိုပြီး ဆေးတလုံး နှစ်သိန်း နီးပါးဈေးနဲ့ ထိုးလို့ရတယ်”ဟု အထွေအထွေ ရောဂါကုဆရာဝန် တဦးက ရှင်းပြသည်။

ပြင်သစ်နိုင်ငံမှ ထုတ်လုပ်သည့် ရာသီတုပ်ကွေး ရောဂါသာ ကာကွယ်နိုင်သော ဗက်ဆီဂရစ် ထိုးဆေးများကို ပြည်တွင်းသို့ သက်ပိုင်စိုး ဆေးကုမ္ပဏီ တခုတည်းကသာ ဖြန့်ချိခြင်း ဖြစ်ပြီး ယခုနှစ်အတွက် ဆေးဝါးထပ်မံ တင်သွင်းခြင်း မပြုနိုင်တော့ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတဦးက ဆိုသည်။

“ဆေးရုံ၊ဆေးခန်းနဲ့ ဈေးကွက်က အမှာစာတွေ အများကြီးရပေမယ့် ဒီနှစ်အတွက် ဗက်ဆီဂရစ် ထိုးဆေး ထပ်သွင်းဖို့ မလွယ်ဘူး” ဟု မရမ်းကုန်းမြို့နယ်၊ ခုနစ်မိုင်ခွဲရှိ သက်ပိုင်စိုး ဆေးကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ပြောသည်။

ဝက်တုပ်ကွေး ရောဂါကုသဆေး ဖြစ်သော Tamilflu များမှာလည်း အ၀ယ်လိုက်နေပြီး ဈေးကွက်တွင် ပစ္စည်း ပြတ်လုနီးပါး ဖြစ်နေသည်ဟု ရန်ကုန်အထူးကု ဆေးခန်းကြီးများမှ စုံစမ်းသိရှိရသည်။

“Tamilflu ဆေးအဓိက ၀ယ်ကြတာက ပိုက်ဆံချမ်းသာတဲ့ သူတွေ။ ဆေးက တနေ့ကို နှစ်လုံးနဲ့ ငါးရက်သောက်ရတဲ့ ဆေးပါ။ ရန်ကုန်မှာ ၀က်တုပ်ကွေး အကူးမခံရသေးတုန်းက ဆယ်လုံးပါ ဆေးတကတ်ကို ငါးသောင်းကျော်ကျော် ရှိတယ်။ ခုတော့ ခြောက်သောင်း၊ ခုနစ်သောင်းလောက်တင်ပြီး ရောင်းကြတယ်” ဟု မင်္ဂလာဈေးဆေး အရောင်းဆိုင် ပိုင်ရှင်တဦးက ရှင်းပြသည်။

အဆိုပါ ၀က်တုပ်ကွေး ရောဂါကုသဆေးသည် ဆရာဝန် ညွှန်ကြားချက်နှင့် အညီ သောက်သုံးရသည့် ဆေးဝါးဖြစ်ပြီး ဆေးသောက်သုံး ခြင်းကြောင့် ဘေးထွက်ဆိုးကျိုး အများအပြား ဖြစ်ပေါ်နိုင်သည်ဟု သိရှိရသည်။

“ဒီဆေးက ဆရာဝန်ညွှန်ကြားချက်နဲ့ အညီ သောက်ရတဲ့ဆေး။ ဆေးသောက်ပြီးရင် မအီမသာ ဖြစ်မယ်။ ၀မ်းလျှောမယ်။ မူးမယ်။ အန်မယ်။ အားနည်းမယ် စတဲ့ဘေးထွက် ဆိုးကျိုး တွေအများကြီး ဖြစ်လာနိုင်တယ်” ဟု ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီး တဦးက ဆိုသည်။

ဆရာဝန် ညွှန်ကြားချက်မပါဘဲ နည်းလမ်း မမှန်သော ဆေးသောက်သုံးမှု များကြောင့် အမှန်တကယ် ၀က်တုပ်ကွေး ရောဂါ ကူးစက်ခံရပါက ဆေးယာဉ်ပါးမှု ပြဿနာများ ကြုံတွေ့ရကာ တုပ်ကွေး ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇပြောင်းလဲပြီး ကုသရန် မလွယ်ကူသော ကူးစက်မြန် တုပ်ကွေး ရောဂါသစ်များ ဖြစ်ပေါ်လာနိုင် သည်ဟုလည်း ထိုဆရာဝန်ကြီးက ပြောသည်။

“ဆေးသောက်ရင် ဆေးပတ်လည်တဲ့အထိ မှန်မှန်သောက်ဖို့ လိုတယ်။ ဆရာဝန်နဲ့တိုင်ပင် ပြီးမှ သောက်တာ အကောင်းဆုံးပါ” ဟု ၎င်းက အကြုံပြုသည်။

သို့ရာတွင် ရန်ကုန်မြို့ရှိ ဆေးဆိုင်များ၌ တမီလ်ဖလူး ဆေးဝါးများ ၀ယ်လိုအားမြင့်တက် နေဆဲဖြစ်ပြီး ဆေးဆိုင်များနှင့် ဆေးခန်းအများစုတွင် ဆေးဝါးလက်ကျန် မရှိသည်အထိ ရောင်းချပြီး ဖြစ်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံဆေးနှင့် ဆေးဝါးပစ္စည်း လုပ်ငန်းရှင်းများ အသင်း ဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူကမူ တမီလ်ဖလူး ဆေးဝါးများ ပြည်တွင်းသို့ လွယ်ကူလျှင်မြန်စွာ တင်သွင်းနိုင်ရန် အစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဟု ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးသော ၀က်တုပ်ကွေး ရောဂါကူးစက်မှုကို စင်ကာပူနိုင်ငံမှ ပြန်လာသော အသက် ၁၃ နှစ်အရွယ် မိန်းကလေးတွင် တွေ့ရှိခဲ့ရပြီး ယခုအချိန်အထိ ၀က်တုပ်ကွေး ရောဂါကူးစက်ခံရသူ လေးဦး ရှိလာကာ တဦး တယောက်မျှ သေဆုံးခြင်းမရှိဟု ကျန်းမာရေးဝန် ကြီးဌာနက တရားဝင်သတင်း ထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်