ဒေါ်အောင်ဆန်း စုကြည်လွတ်မြောက်ရေး ဆုတောင်းသူများကို အာဏာပိုင်များက နှောင့်ယှက်

E-mail Print
ဒေါ်အောင်ဆန်း စုကြည်၏အမှု နှစ်ဘက်အပြီးသတ် လျှောက်လဲ ကြားနာစစ်ဆေးသည့် ယနေ့တွင် အင်းစိန်မြို့နယ် အနီးတဝိုက်၌ လုံခြုံရေး အထူးတင်းကျပ်ထားပြီး သူ လွတ်မြောက် ခွင့်ရရန် မေတ္တာပို့၊ ဆုတောင်း သူများကိုပါ အာဏာပိုင်များက အနှောင့်အယှက်ပြုကြောင်း သိရသည်။

ယနေ့နံနက်က ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် ဆုတောင်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များကို အာဏာပိုင်များက အနှောင့် အယှက်ပြုကြောင်း NLD အဖွဲ့ဝင်များက ပြောသည်။

မန္တလေးမြို့ ရှိ NLD လူငယ်တချို့တို့ မဟာမြတ်မုနိဘုရားကြီး ဝန်းအတွင်း ဆုတောင်း မေတ္တာပို့ပြီး အပြန်တွင် NLD လူငယ်တာဝန်ခံ ကိုတိုးကြီးကို ကြံ့ဖွံ့အဖွဲ့က ဝင်ရောက် ရိုက်နှက်ခဲ့သဖြင့် နံရိုးတွင် ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ရှိ NLD လူငယ် တာဝန်ခံတဦးက “ကျနော်တို့ အဖွဲ့ဝင် လူငယ်တွေ ဆုတောင်းပြီး အပြန်မှာ ကြံ့ဖွံ့နဲ့ ရဲတွေ အယောက် ၅၀ လောက်က ကျနော်တို့ကိုဝိုင်းထားပြီး ကိုတိုးကြီးကို သူတို့ လေး၊ ငါး ယောက် လောက်က ဝိုင်းထိုးကြတယ်၊ တယောက်က ကန်တယ်” ဟု ပြောသည်။

မန္တလေး အရှေ့တောင်မြို့နယ် NLD ယာယီ ဆက်သွယ်ရေးရုံးတွင်လည်း မြို့နယ် ဥက္ကဌ ဦးကျော်ရွှေ၊ အတွင်းရေမှူး ဦးချစ်ရင် နှင့် မြို့နယ်စည်းရုံးရေးမှူး တို့ကလည်း စုပေါင်းကာ မေတ္တာပို့ခဲ့ကြသည်ဟု ဆိုသည်။

ဒေါ်နော်အုန်းလှအပါအဝင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အင်္ဂါနေ့တိုင်း ဘုရားဝတ်ပြု ဆုတောင်း နေကြ NLD အဖွဲ့ဝင် တချို့တို့သည်လည်း ယနေ့ နံနက် ၈ နာရီမှ ၉ နာရီ အထိ ရွှေတိဂုံ ဘုရားပေါ်ရှိ အဂါင်္ထောင့်၌ ပဌာန်း ရွတ်ဖတ် ဆုတောင်း မေတ္တာပို့ခဲ့ရာ ၎င်းတို့ မေတ္တာပို့နေချိန်အတွင်း အာဏာပိုင် များက စောင့်ကြည့်နေခဲ့ပြီး အပြန်လမ်းတွင် ၎င်းတို့ စီးနင်း ခဲ့သည့် လိုင်းကားကို အာဏာပိုင်များက ၃ နာရီခန့်ကြာအောင် ခေတ္တ ခေါ်ယူ ထိန်းသိမ်းခဲ့ကြောင်း သိရ သည်။

ရန်ကုန် NLD လူငယ်တဦးက “ကျနော်တို့ ရွှေတိဂုံဘုရားက အပြန် အာဇာနည် ကုန်းဘက်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်တဲ့ အင်းစိန်ထောင်ဘက် သွားဖို့ဆင်းလာတယ်။ အာဏာပိုင်တွေက ကျနော်တို့ နောက်ကို တောက်လျှောက်လိုက်လာပြီး ဘုရင့်နောင်လမ်းရောက်တော့ ကျနော်တို့ စီးလာတဲ့ အင်းစိန် လိုင်းကားကို ခရီးသည်တွေကော အားလုံး၊ ချောဆွဲသလို ဘုရင့်နောင် ရဲစခန်းကို မောင်းသွား တယ်” ဟု ပြောသည်။

ယင်းလိုင်းကားပေါ်မှ ဒေါ်နော်အုန်းလှ အပါအဝင် NLD အဖွဲ့ဝင် ၁၀ ဦးကို ကိုယ်ရေးရာဇဝင်များ တောင်းယူကာ ၎င်းတို့ သွားနေသည့် ခရီးစဉ်များကို စစ်ဆေး မေးမြန်းပြီး ပြန်လွှတ်လိုက်သည် ဟုသိရသည်။

အလားတူပင် မိထ္ထီလာ၊ တွံတေး၊ ခရမ်း၊ သုံးခွ၊ မြင်းခြံ အစရှိသည့် မြို့နယ်များမှ NLD အဖွဲ့ဝင်များ တို့ကလည်း ဝတ်ပြု ဆုတောင်း ခဲ့ကြကြောင်း သိရသည်။

ယနေ့နံနက်က အင်းစိန်ထောင် အနီးအနား ပတ်ဝန်းကျင်တွင် လုံထိန်းရဲအင်အား ရာပေါင်းများစွာနှင့် စွမ်းအားရှင် ရာပေါင်းများစွာကို တိုးမြှင့်ချထားသည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံအားပေးသူ ၂၀၀ ကျော်ခန့်သည် အင်းစိန်ထောင်အနီးရှိ ထိပ်တန်းအပေါင်ဆိုင်အနီးတွင် စုရုံးခဲ့ကြသည်။

ယနေ့ ချထားသော လုံခြုံရေးအင်အားသည် ဒေါ်အောင်ဆန်းစုကြည် အမှု စစ်ဆေးသည့် တလျှောက်လုံးတွင် အများဆုံးချထားသည့် အင်အားဟုဆိုနိုင်ပြီး အထူးသဖြင့် စွမ်းအားရှင်အရေအတွက် သိသိသာသာ တိုးမြှင့် ထားသည်ဟု မျက်မြင်သွားရောက် ကြည့်ရှုသူတဦးက ပြောကြားသည်။

ရန်ကုန်အခြေစိုက် အလွတ်သတင်းထောက်တဦးက “လုံထိန်းရဲတွေလည်း တအားများတယ်။ အင်းစိန်ပန်းခြံ နားက မြို့နယ် ကျန်းမာရေး ဦးစီးဌာန ရုံးရှေ့မှာ  လုံထိန်းရဲကား ၆ စီး၊ အင်းစိန်ဈေးရှေ့ လှိုင်မြစ်လမ်းမကြီး ပေါ်မှာ ၁၅ စီးလောက် ရှိတယ်။ အချုပ်ကားလည်းပါတယ်။ ဒိုင်နာတွေ၊ ဘီအမ်တွေလည်း တော်တော်များ တယ်။ အင်းစိန်မီးရထားဝန်းထဲမှာလည်း ရပ်ထားတဲ့ လုံထိန်းကားတွေ၊ အရပ်ဝတ်ရော၊ယူနီဖောင်းဝတ်ရဲရော အင်အား အပြည့်ပဲ” ဟု ဆိုသည်

လုံခြုံရေးအင်အားတိုးမြှင့်သည့်အပြင် အင်းစိန်ထောင်နှင့် ဈေးအနီး သွားရောက်မည့် သူများကို အင်းစိန် ခုံးကျော်တံတားထိပ်တွင် ယူနီဖောင်းဝတ်ရဲများချပြီး စစ်ဆေးနေသည်ဟုလည်း သိရှိရသည်။

ထို့ပြင် NLD အဖွဲ့ချူပ်ရုံး တည်ရှိရာ ရွှေဂုံတိုင်အနီးတဝိုက်တွင်လည်း လုံထိန်းအင်အားများ တိုးချဲ့ချထားပြီး ရွှေဂုံတိုင်မီပွိုင့် နှင့် ရွှေဂုံတိုင်ဆက်သွယ်ရေးစခန်း အနီးတွင် လုံထိန်းရဲကား ဆယ်စီးခန့်ရပ်တန့်ကာ လုံခြုံရေးယူထားသည်ကို တွေ့ရှိရသည်။

အင်းစိန်ထောင်အနီးရှိ လမ်းသွယ်နှင့် လမ်းမများအားလုံးကိုလည်း ပိတ်ထားပြီး အရပ်ဝတ်ရဲများနှင့် စွမ်းအားရှင်များ စခန်းချရာ အင်းစိန်မြို့မဈေး အပေါ်ထပ်တွင်  ၀ါးရင်းတုတ်များ သိမ်းဆည်းထား သည်ကိုလည်း တွေ့ရှိရကြောင်း အင်းစိန်ဈေးသား တဦးကပြောသည်။

စွမ်းအားရှင်များသည် စက်မှုဇုန်ထုတ် လိုက်ထရပ်ကားများ၊ ဘီအမ်ကားကြီးများနှင့် လာရောက်ခြင်းဖြစ်ပြီး မှော်ဘီ၊ ထောက်ကြံ့နှင့် မြို့စွန်ဒေသများမှ ခေါ်ယူထားသူများဖြစ်သည်ဟုလည်း သိရှိရသည်။

အင်းစိန်ထောင်အနီး  လှိုင်မြစ်လမ်းမကြီး ပေါ်တွင် သံဆူးကြိုးဘယ်ရီယာများချထားပြီး လုံထိန်းရဲအများစု သည် လက်နက်အပြည့်အစုံ ကိုင်ဆောင်သူ အရေအတွက် က ပိုမိုများပြားကြောင်း သိရသည်။

ဤသတင်းအား ဧရာဝတီသတင်းထောက် အောင်သက်ဝိုင်း ပါဝင်ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်