အပြီးသတ်လျှောက်လဲချက် ဆက်လက်ကြားနာ မနက်ဖြန်သို့ ထပ်မံရွှေ့ဆိုင်း

E-mail Print
ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်၍ အပြီးသတ် လျှောက်လဲချက်များကို အင်းစိန်ထောင်တွင်း အထူး တရားရုံးတွင် ယနေ့ ဆက်လက် ကြားနာစစ်ဆေး ပြီးနောက် မနက်ဖြန်သို့ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း ရှေ့နေများက ပြောသည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းမမတို့အတွက် လိုက်ပါ ဆောင် ရွက်သော ရှေ့နေ ဦးလှမျိုးမြင့်က လျှောက်လဲချက် ပေးခဲ့ပြီး၊ မစ္စတာယက်ထောအတွက် လိုက်ပါ ဆောင် ရွက် သော ရှေ့နေ ဦးခင်မောင်ဦးမှ လျှောက်လဲချက်ပေးခဲ့ကာ အစိုးရရှေ့နေဘက်မှလည်း ပြန်လည်လျှောက်လဲခဲ့ပြီး  နောက် တရားရုံးက မနက်ဖြန်သို့ ထပ်မံရွှေ့ဆိုင်းလိုက်သည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်း ကပြောဆိုသည်။

“ဒီနေ့ မနက် ၁၀ နာရီက စပြီး ဦးလှမျိုးမြင့်က လျှောက်လဲချက်ပေးတယ်၊ နေ့ခင်း ၁ နာရီက ပြန်စပြီး အစိုးရ ရှေ့နေက လျှောက်လဲချက်ပေးတာ ညနေ ၅ နာရီမှာ မနက်ဖြန် ၁၀ နာရီကို ပြန်ချိန်းလိုက်တယ်၊ ကျနော်တို့ reply (ပြန်လည်ရှင်းလင်းတာ)လုပ်ရဦးမယ်၊ မစ္စတာ ယက်ထောရဲ့ အမှု၂မှုကလည်း လျှောက်လဲချက်ပေးရ ဦးမယ်”ဟု ၎င်းက ပြောပြသည်။

အင်းစိန်ထောင်ပတ်ဝန်းကျင်တွင်လည်း ယနေ့ ရဲများ၊ လုံထိန်း၊ စွမ်းအားရှင် စုစုပေါင်း ၁၀၀၀ ၀န်းကျင်ခန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ အဖွဲ့ဝင်များ၊ လာရောက်ကြည့်ရှုသူများနှင့် သတင်းထောက်များ စုစုပေါင်း လူ ၄၀၀ ၀န်းကျင်ခန့်ကို စောင့်ကြည့်လျက်ရှိကြောင်း ပြည်တွင်းသတင်းထောက် တဦးက ပြောဆိုသည်။

NLD ရုံးချုပ်ရှေ့နှင့် အနီးတ၀ိုက်တွင်လည်း ယူနီဖောင်းဝတ်ရဲများ ပါရှိသော ရဲကား ၅ စီး၊ စွမ်းအား ရှင်များပါသော ဒိုင်ယာနာ ၄ စီး၊ ရွှေဂုံတိုင်မီးပွိုင့်ထိပ်တွင်လည်း ရဲကား ၂စီး၊ ဒိုင်နာ ကား ၂ စီး အစောင့်ချ ထားပြီး မြေနီကုန်းထိပ်တွင်လည်း ရဲကား ၁ စီး လှည့်ကာ လုံခြုံရေးတင်းကျပ်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ အပြီးသတ်လျှောက်လဲချက်  ကြားနာ စစ်ဆေးရန်အတွက် တရားရုံး၏ ထပ်မံရွှေ့ဆိုင်းနေခြင်းကို ကျေနပ်မှုမရှိကြောင်း ပြီးခဲ့သည့်ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုထားသည်။

ဇူလိုင် ၂၄ ရက်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် ယင်းအမှုကို နေ့လယ် ၂ နာရီခန့်မှ စတင်ကြားနာ ရာ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေ့နေကြီး ဦးကြည်ဝင်း တဦးတည်းသာ လျှောက်လဲချိန်ရရှိကြောင်း၊ လျှောက်လဲ ချိန်သည် ရုံးချိန်လွန်သွားသည့်အတွက်ဟုဆိုကာ တရားရုံး က ယနေ့နေ့တွင် ဆက်လက် ကြားနာ စစ်ဆေးမည်ဟု ချိန်းဆိုလိုက်ခြင်းဖြစ်သည်။

ထိုနေ့က ကြားနာသည့် အင်းစိန်ထောင်တွင်း အထူးတရားရုံး တရားခွင်သို့ နိုင်ငံခြားသံရုံးများဖြစ်သော ဗြိတိန်၊ ပြင်သစ်၊ အီတလီ ၊ ဂျာမနီ နှင့် နော်ဝေး သံရုံးများမှ သံအရာရှိများလာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ် အနည်းငယ် နှုတ်ဆက်စကားပြောသည်ဟုလည်း ၎င်းက ဆိုသည်။ သို့သော် သတင်းမီဒီယာများကိုမူ တရားခွင် သို့ လာရောက်ခွင့်မပြုကြောင်း သိရသည်။

ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်အမှု ကြားနာစစ်ဆေးနေချိန်၌ အင်းစိန်ထောင်နှင့် အနီးတဝိုက်တွင် အာဏာပိုင် များက ယခင်ကထက် လုံခြုံရေး ပိုမိုတင်းကျပ်ထားကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်ပြီး နောက်ဆုံးအကြိမ် အပြီးသတ်၂ ဘက်လျှောက်လဲကြားနာ ရန် အတွက် ဇူလိုင် ၂၄ ရက်နေ့တွင် တရားရုံးက ချိန်းဆိုထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်