အိန္ဒိယကြက်သွန်နီ မြန်မာပြည် တင်သွင်းမည်

E-mail Print
ကြက်သွန်နီဈေး အဆမတန်ကြီးမြင့် လာခြင်းကို ဖြေရှင်းရန် ဈေးသက်သာသည့် အိန္ဒိယနိုင်ငံထွက် ကြက်သွန်နီများအား ပြည်တွင်းသို့ တင်သွင်းရောင်းချ ရေးအတွက် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

ယခုနှစ်တွင် ကြက်သွန်နီအထွက်နှုန်း နည်းပါးသည့်အပြင် ထွက်သမျှကိုလည်း ကုန်သည်ကြီးများနှင့် ကြက်သွန်နီပြည်ပပို့ ကုမ္ပဏီကြီးများက သိုလှောင် ဈေးကစားခြင်းတို့ကြောင့် ယခင်က တပိဿာ ၆၀၀ ကျပ်သာရှိရာမှ တပိဿာ ၁၃၀၀ ထိဈေးတက်သွားခဲ့ရာ ဈေးနည်းသည့် အိန္ဒိယ နိုင်ငံထွက် ကြက်သွန်နီများကို မြန်မာနိုင်ငံသို့ တင်သွင်းခွင့်ပြုရန် စီစဉ်နေခြင်းဖြစ်သည်ဟု သိရှိရသည်။

“ကြက်သွန်နီ အထွက်နှုန်းကျတယ်။ အထွက်နှုန်းကျရတဲ့ အထဲ ထွက်သမျှကြက်သွန်ကို ကုန်သည်တွေက ၀ယ်လှောင်ပြီး ဈေးကစားလို့ ကြက်သွန်ဈေးက အရမ်းတက်တယ်။ သိုလှောင်သူတွေက ထုတ်မရောင်းရင် ကြက်သွန်နီဈေးက တက်ဦးမယ့် အနေအထားရှိလို့ ဈေးနည်းတဲ့ အိန္ဒိယကြက်သွန်တွေ သွင်းခွင့်ပေးဖို့ လုပ်တယ်လို့ သိရတယ်” ဟု ဘုရင့်နောင်ပွဲရုံ အခြေစိုက် ကြက်သွန်ကုန်သည်တဦးက ပြောသည်။

ကြက်သွန်နီဈေး တက်သွားခြင်းကြောင့် ကြက်သွန်ကုန်သည်နှင့် ပွဲရုံများကို သက်ဆိုင်ရာ အာဏာပိုင်များက ဇူလိုင်လအတွင်း အထူးအစည်းအဝေး တရပ် ခေါ်ယူ၍ သတိပေး၊ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဘုရင့်နောင်ပွဲရုံတန်းမှ ကြက်သွန်ပွဲရုံ ပိုင်ရှင်တချို့က ပြောဆိုသည်။

“ကြက်သွန်ဈေးပြန်ကျသေးတယ်။ ကြက်သွန်အလုံးကြီး တပိဿာ ၁၃၀၀ လောက်ကနေ ၉၅၀ ထိပြန်ကျတယ်။ ဒါပေမယ့် ကုန်သည်တွေက အများကြီးထုတ်မရောင်းဘူး။ အရောင်းအ၀ယ် မလုပ်ကြဘဲ တက်ဈေးကို ပြန် စောင့်ကြတယ်” ဟု ဇူလိုင်လ ၂၈ ရက် ဘုရင့်နောင် ကြက်သွန်နီဈေးကွက် အနေအထားကို ကြက်သွန် လက်လီ၊ လက်ကား ရောင်းဝယ်သည့် ကုန်သည်တဦးက ပြောသည်။

ယခုနှစ် ကြက်သွန်စိုက်ပျိုးရာ ဒေသများတွင် ရာသီဥတု ဆိုးရွားခြင်း၊ ငွေကြေး အခက်အခဲကြောင့် စိုက်ပျိုးမှု နည်းခြင်း စသည်တို့ကြောင့် အထွက်နှုန်း ကျဆင်းခဲ့ရာ ကြက်သွန်နီ ဈေးနှုန်းကြီးမြင့်ရခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

“မိုးကြက်သွန်၊ နွေကြက်သွန် နှစ်မျိုးရှိတယ်။ နွေကြက်သွန်က ဒီဇင်ဘာ၊ ဇန်န၀ါရီ မှာစိုက်ရင် ဖေဖော်ဝါရီ၊ မတ်လလောက်မှာ ထွက်တယ်။ မိုး ကြက်သွန်က သြဂုတ်၊ စက်တင်ဘာလောက်မှ စိုက်တယ်။ နောက်သုံးလကြာရင် ထွက်တယ်။ ဒီနှစ် နွေကြက်သွန်က စီးပွားကျပ်တာရယ်၊ ရာသီဥတုမကောင်းတာရယ်ကြောင့် အထွက်နှုန်း တော်တော်ကျသွားတယ်” ဟု မကွေးတိုင်းမှ ကြက်သွန်တောင်သူတဦးက ပြောသည်။

ကြက်သွန်နီကို ပူပြင်းခြောက်သွေ့သော မြန်မာပြည်အထက်ပိုင်း ဒေသကြီးများတွင်သာ စိုက်ပျိုးနိုင်ပြီး ထိုဒေသကြီးများ အားလုံးရှိ ကြက်သွန်နီစိုက်ပျိုးခင်း စုစုပေါင်း ဧက တသိန်းခွဲကျော် ရှိကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စာရင်းများအရ သိရှိရသည်။

ယခုနှစ် ကြက်သွန်အထွက်နှုန်း ကျသော်လည်း ထွက်သမျှမှာ ပြည်တွင်း စားသုံးမှုဖူလုံကြောင်းနှင့် ကုန်သည်များ သိုလှောင်ခြင်းမရှိပါက သင့်တင့်မျှတသော ဈေးဖြင့် ရောင်းဝယ် လည်ပတ်နိုင်မည်ဟု မြန်မာ့ လယ်ယာ ထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေးဌာနမှ ၀န်ထမ်းတဦးက ရှင်းပြသည်။

“အခုစာရင်းတွေအရ ကြက်သွန်နီ ပိဿာချိန်သိန်းပေါင်း ၄၅၀ လောက်ထိ ရှိမယ်လို့ တွက်လို့ရတယ်။ ဒီပမာဏ က ကုန်သည်တွေ မသိုလှောင်ကြဘဲ သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ လည်ပတ်နေရင် ပြည်တွင်းစားသုံးမှုအတွက်
ဖူလုံတယ်။ ဒါပေမယ့် သိုလှောင်ပြီး ဈေးကစားကြလို့ မဖြစ်သင့်တဲ့ ဈေးတွေဖြစ်ကုန်တယ်” ဟု ထိုဝန်ထမ်းက ဆိုသည်။

ယခင်နှစ်က အထွက်နှုန်း များခဲ့သည့်အတွက် ကြက်သွန်နီ တန်ချိန် ၄၀၀၀၀ ကျော်၊ အမေရိကန်ဒေါ်လာ ၁၁ သန်းဖိုးနီးပါး ပြည်ပသို့ တင်ပို့နိုင်ခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

“ဒီနှစ် ကြက်သွန်နီကို မနှစ်ကလို မပို့နိုင်ဘူး။ အထွက်နှုန်းကျတာက အဓိက ပြဿနာ။ နောက် ဈေးမြင့်နေတာက ဒုတိယပြဿနာ။ ဒီပြဿနာတွေကြောင့် ပြည်ပကိုမပို့နိုင်ဘူး” ဟု သူက ဆိုသည်။

ယခု လက်ရှိ ကြက်သွန်နီဈေးကွက်ပုံစံသည် ၂၀၀၆ ခုနှစ်က တပိဿာ ၂၀၀၀ ကျပ်ထိ ကြက်သွန်နီ အဆမတန် ဈေးမြင့်တက်သည့် ပုံစံ ဖြစ်လာခြင်းကြောင့် ကုန်သည်များကို ခေါ်ယူညှိနှိုင်းကာ အိန္ဒိယမှ ကြက်သွန်များ တင်သွင်းခွင့် ပြုရန် စီစဉ်လာရခြင်းဖြစ်ကြောင်း ဘုရင့်နောင် ကြက်သွန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်တဦးက ရှင်းပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်