ဝေဖန်သူများကို ငရဲပြည်သွားဟု တိုတယ်ပြော

E-mail Print
တိုတယ် (Total) ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် က မြန်မာပြည်ရှိ ၎င်းတို့၏ စီမံကိန်းများအား ဝေဖန်သူများကို “ငရဲပြည်ကို သွားကြပါ” ဟု တနင်္လာနေ့ထုတ် Newsweek မဂ္ဂဇင်းနှင့် ဆက်သွယ် မေးမြန်းခန်းတွင် ပြောကြားလိုက်သည်။

“ကျနော်တို့က သဘာဝ ဓာတ်ငွေ့ကို ထိုင်းနိုင်ငံရောက်အောင် ပို့ပေးတယ်။ ဘန်ကောက်မြို့ဟာ အရင်က ဆိုရင် ကမ္ဘာမှာ လေထု အညစ်ညမ်းဆုံးမြို့ပေါ့။ ဓာတ်ဆီ နဲ့ ဒီဇယ်ကို မသုံးဘဲ သဘာဝ ဓာတ်ငွေ့ကို သုံးလာကြတယ်။ အခုဆို ဘန်ကောက်က သန့်ရှင်းနေပြီ။ ဒီလို သန့်ရှင်းလာအောင် လုပ်တဲ့နေရာမှာ ကျနော်တို့ ပါဝင်ခွင့် ရတဲ့ အတွက် ကျနော်တို့ ဂုဏ်ယူပါတယ်” ဟု ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် Christophe de Margerie က ပြောသည်။

မြန်မာနိုင်ငံ မုတ္တမ ပင်လယ်မှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့ကို ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိသည်။

၁၉၉၂ မှစပြီး ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းကို ပြင်သစ်နိုင်ငံမှ တိုတယ်ကုမ္ပဏီ၊ အမေရိကန်ပြည်ထောင်စုမှ ယူနိုကယ် ကုမ္ပဏီ၊ ထိုင်းနိုင်ငံ ပီတီတီအီး ကုမ္ပဏီ၊ မြန်မာ့ ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းတို့က အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်း အတွင်း မိုင်ပေါင်း ၂ဝဝ ကျော်ရှည်သည့် ပိုက်လိုင်း ဖြတ်သွားရာ လမ်းတလျှောက်ရှိ မွန်၊ ကရင် နှင့် ထားဝယ် ရွာသားများ လုပ်အားပေးရခြင်း၊ လယ်ယာ မြေ အသိမ်းခံရခြင်း၊ ရွာပြောင်းရွှေ့ရခြင်းများကြောင့် အငြင်းပွားဖွယ်ရာ စီမံကိန်းကြီးတခု ဖြစ်လာသည်။ စီမံကိန်းကို လုံခြုံရေးကို တာဝန်ယူသည့် မြန်မာ့ တပ်မတော်က ထိုဒေသတွင် လူသတ်မှုများ၊ မုဒိမ်းမှုများ ကျူးလွန်သည်ဟုလည်း လူ့အခွင့်အရေး အဖွဲ့များက စွပ်စွဲထားသည်။

မြန်မာနိုင်ငံတွင် ၂ဝဝ၇ ခုနှစ် သံဃာများ ဆန္ဒပြမှုကို အာဏာပိုင်တို့က ချေမှုန်းခဲ့မှု၊ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ချုပ်နှောင်ထားရန် တရားစွဲ စီစဉ်နေမှုတို့ကြောင့် နိုင်ငံတကာက မြန်မာပြည်ရှိ ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းများရှိ ရင်းနှီး မြှုပ်နှံမှုများကို ရပ်ဆိုင်းရန် တိုက်တွန်းမှုများ ပေါ်ပေါက်နေသည်။ စစ်အစိုးရသည် ဤလုပ်ငန်းများမှ ငွေကြေး အများအပြား ရရှိနေသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ထောက်ပြကြသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှု မပြုမီ အကြိမ်ကြိမ် ပြန်လည် စဉ်းစား သုံးသပ်ရန် စွမ်းအင် ကုမ္ပဏီကြီးများကို တိုက်တွန်းနေသည်။

“(လူ့အခွင့်အရေး အဖွဲ့တွေက) ကျနော်တို့မှာ ဖြေရှင်းပိုင်ခွင့် မရှိဘူးလို့ ပြောနေကြတယ်။ ဒီလူတွေ ငရဲပြည် သွားကြပါလား။ တယောက်ယောက်ကို ပြောချင်တယ် ဆိုရင် ကျနော်တို့ကို ဘာမှ လာပြောမနေနဲ့။  မြန်မာပြည်က သဘာဝ ဓာတ်ငွေ့ ဝယ်နေတဲ့ ထိုင်းအစိုးရကို သွားပြောပေါ့” ဟု အမှုဆောင် အရာရှိချုပ် Christophe de Margerie က ဆိုသည်။

“ဒါမှမဟုတ် အိန္ဒိယ အစိုးရကို ပြောပေါ့၊ ကျနော်တို့ ရင်းနှီး မြှုပ်နှံတာတွေ ဆိုင်းထားတုန်း သူတို့ ကုမ္ပဏီတွေက မြန်မာပြည်မှာ ဘာကြောင့် ရင်းနှီး မြှုပ်နှံနေရတာလဲ။ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ တောင်ကိုရီးယားကရော ဘာကြောင့်  မြန်မာပြည်မှာ ရင်းနှီး မြှုပ်နှံနေရတာလဲ” ဟု သူက မေးခွန်း ထုတ်လိုက်သည်။

လူ့အခွင့်အရေး အဖွဲ့များက တိုတယ် ကုမ္ပဏီ တခုတည်းသာ မဟုတ်ဘဲ နိုင်ငံတကာမှ စွမ်းအင် ကုမ္ပဏီများကို မြန်မာအစိုးရနှင့် ပူးပေါင်း လုပ်ဆောင်မှုများအတွက် ကန့်ကွက်လျက်ရှိသည်။

ဇွန်လ ၁၅ ရက်နေ့တွင် လူ့အခွင့်အရေး အဖွဲ့များက စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ကြီး (OECD) သို့ တိုင်ကြားစာတစောင် ပေးပို့ရာ OECD ၏ စည်းကမ်းချက်များကို တောင်ကိုရီးယား အစိုးရက လိုက်နာမှု ရှိမရှိ စုံစမ်းစစ်ဆေးပေးရန် ရေးသားထားသည်။

ထိုသို့ တိုင်ကြားမှုသည် ဒေဝူး ကုမ္ပဏီ နှင့် တောင်ကိုရီးယားမှ ဓာတ်ငွေ့ကုမ္ပဏီ ၉ ခု၏ မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်နေသည်။  EarthRights International (ERI) ဟု ခေါ်သည့် အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က တာဝန်ယူပြီး တိုင်ကြား ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

“တခြား ကုမ္ပဏီတွေ ရင်းနှီး မြှုပ်နှံတာက ဘာမှ အဝေဖန် မခံရဘဲ တိုတယ်ကုမ္ပဏီ တခုတည်းကပဲ အပြစ်တင် ခံနေရတာတော့ မဟုတ်ပါဘူး” ဟု ERI အဖွဲ့ ဆက်သွယ်ညှိနှိုင်းရေးမှူး Matthew Smith က ဧရာဝတီကို ပြောသည်။

“ဘန်ကောက်ကို သဘာဝဓာတ်ငွေ့ တင်ပို့ရတဲ့အတွက် တိုတယ်က ဂုဏ်ယူနေတယ်လို့ ပြောတယ်။ တချိန်တည်းမှာပဲ ထိုင်းနိုင်ငံကို အပြစ်တင်လိုက်သေးတယ်။ မြန်မာပြည်မှာ သူတို့ ရှိနေတဲ့အတွက် ဝေဖန်ခံရရင်လည်း များသော အားဖြင့် သူတို့က ဒီဗျူဟာပဲ ကျင့်သုံးနေတာပဲ” ဟု Matthew Smith က ပြောသည်။

“တိုတယ် ကုမ္ပဏီက စစ်အစိုးရအတွက် သန်းပေါင်း များစွာသော ဒေါ်လာငွေတွေကို ဖန်တီးပေးခဲ့တယ်။ ဒီငွေတွေက ပြည်သူလူထုရဲ့ သဘာဝ သယံဇာတတွေကနေ ရလာတဲ့  ငွေတွေပဲ” ဟု Matthew Smith က ထောက်ပြသည်။

“ဘယ်နေရာမှာပဲ ဖြစ်ဖြစ် သူတို့က ငွေရေးကြေးရေး စာရင်းဇယားနဲ့ ပတ်သက်ပြီး ဂရုစိုက်တယ်လို့ ဆိုတယ်။ ဒါပေမယ့် မြန်မာ စစ်အုပ်စုကို ဘယ်လောက် ပေးရတယ် ဆိုတာကို မထုတ်ပြန်သေးဘူး။ ဒါကိုတော့ မေးခွန်းထုတ်ရမှာပဲ” ဟု သူက ပြောပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်