ရန်ကုန်ယူနိုက်တက်အသင်း ဘန်ကောက်တွင် ထိုင်းအသင်းများနှင့် ခြေစမ်းမည်

E-mail Print
နာမည်ကြီး စီးပွားရေးသမား ဦးတေဇ ပိုင်ဆိုင်သည့် ရန်ကုန်ယူနိုက်တက် အသင်းသည် ထိုင်းအခြေစိုက် နာမည်ကြီး ဘောလုံးအသင်းများနှင့် ဘန်ကောက်တွင် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဟု သိရသည်။

ရန်ကုန် ယူနိုက်တက် ဘောလုံးသင်းသည် ထိုင်းနိုင်ငံတွင် ထိုင်းဆိပ်ကမ်း အာဏာပိုင်အသင်း၊ ပတ္တယား ယူနိုက်တက် အသင်း၊ BEC တယ်ရိုဆက်ဆနာ အသင်း တို့နှင့် သြဂုတ်လ ၂ဝရက်နေ့မှ စတင်၍ မြန်မာ နေရှင်နယ်လိဂ် ရာသီ အကြို ခြေစမ်းပွဲများကို ယှဉ်ပြိုင် ကစားမည် ဟု First Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

အသင်းပိုင်ရှင် ဦးတေဇ နှင့် နီးစပ်သူတဦးက “ဘောလုံးပွဲ သတင်းယူဖို့အတွက် ရန်ကုန်က သတင်းသမားတချို့ကိုလည်း ဦးတေဇက အကုန်အကျ ခံပြီး ဘန်ကောက်ကို ခေါ်သွားလိမ့်မယ်” ဟု ဧရာဝတီသို့ပြောသည်။

BEC တယ်ရိုဆက် ဆနာ အသင်းမှာ ထိုင်းနိုင်ငံတွင် နာမည်ကြီး ဘောလုံးအသင်း ဖြစ်ပြီး၊ ပိုင်ရှင် မစ္စတာဘရိုင်ယန်မှာ မြန်မာ နိုင်ငံသား တဦး ဖြစ်သည်ဟု သိရပြီး၊ BEC တယ်ရိုဆက်ဆနာအသင်း နှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မနက်ဖြန် သြဂုတ်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ အရှေ့ဘင်ဂေါအသင်းနှင့်လည်း ခြေစမ်းပွဲကစားမည်ဟု သိရသည်။

ဦးတေဇ၏သား ကိုပြည့်ဖြိုးတေဇသည် ရန်ကုန် ယူနိုက်တက် အသင်း၏ ဥက္ကဋ္ဌ ဖြစ်သည်။

ဘောလုံးအသင်း တသင်းသည် အနည်းဆုံး ကျပ် သန်း ၂ဝဝ ခန့် မြှုပ်နှံရပြီး တချို့သော အသင်းများ မှာ ဘောလုံး သမားများအတွက် လစာ၊ ဝတ်စုံ ၊ သယ်ယူပို့ဆောင် စရိတ်နှင့် ကန်ထရိုက် စာချုပ်ကြေးများ အပါအဝင် ကျပ် သန်း ၁ဝဝဝ ကျော် ကုန်ကျမှု ရှိကြောင်း သိရသည်။

ပြီးခဲ့သော MLF အမှတ်ပေး ချန်ပီယံဖလားတွင် စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုင်းဆမ်ထွန်း ပိုင်ဆိုင်သည့် ရတနာပုံ ယူနိုက်တက်ကို ဗိုလ်လုပွဲတွင် ရှုံးခဲ့သည့် အတွက်ကြောင့်လည်း ရန်ကုန်ယူနိုက်တက် အသင်း အသုံးစရိတ်ကို တိုးမြှင့် သုံးစွဲ နေခြင်း ဖြစ်သည်ဟု သိရသည်။

ရန်ကုန် ယူနိုက်တက် အသင်းသည် ဘောလုံးသမားများ၏ လစာကို တိုးပေးမည်ဖြစ်ပြီး ယခင်ကျပ် ၁ဝ သိန်း ရရှိသည့် ဘောလုံး သမားသည် တလလျှင် ကျပ် ၁၅ သိန်းအထိ ရရှိမည်ဟု ဆိုသည်။ ထို့အပြင် အဝေးကွင်း မန္တလေးတွင် သွားရောက် ကစားသည့်အခါ လိုက်ပါ အားပေးမည့်သူများကို ပို့ဆောင်ရေး အတွက် အသင်းပိုင်ရှင် ဦးတေဇက တာဝန် ယူမည်ဖြစ်ကြောင်း၊ အားပေးသော  ပရိသတ်များ အတွက် အသင်းအင်္ကျီ တသောင်း အခမဲ့ ပေးဝေရန် စီစဉ်လျက်ရှိသည်ဟု ၎င်းဂျာနယ်တွင် ဖော်ပြထားသည်။

ရတနာပုံယူနိုက်တက် အသင်းသည် ထိုင်း ဘောလုံးအသင်းတသင်းနှင့်လည်းကောင်း၊ ၁၆ ရက်နေ့က မန္တလေး ဗထူးကွင်းတွင် အိန္ဒိယမှ ကလပ်အသင်းတခုဖြစ်သည့် အရှေ့ဘန်ဂေါ အသင်းနှင့် လည်းကောင်း ခြေစမ်းပွဲများ ကန်ခဲ့ပြီး ဖြစ်သည်။

အလားတူ တခြားသော ဘောလုံးအသင်းများသည်လည်း အနည်းဆုံး ကျပ်သန်း ထောင်ချီ ရင်းနှီးမြှုပ်နှံမှုများ ရှိကြောင်း ၊ ဘောလုံးအသင်းများ ထူထောင်သဖြင့် ကုန်ကျစရိတ်နှင့် ပြန်လည်ရရှိသော ကွင်းဝင်ကြေး အစရှိသည့် ဝင်ငွေမှာ အရင်း မကြေသော်လည်း မြန်မာ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ထူထောင်သည့် ဘောလုံး အသင်းများ၏ ငွေကြေး သုံးစွဲမှုကို ကြည့်၍ လေ့လာသူတို့က ငွေမည်း ခဝါချမှုများ ပြုလုပ်နေသည်ဟု ထင်ကြောင်း သုံးသပ်ကြသည်။

စီးပွားရေး လုပ်ငန်းရှင်ကြီးများက ဘောလုံးအသင်း ထူထောင်ရန် များစွာ စိတ်ပါဝင်စားလျက် ရှိကြောင်း၊ တချို့ကလည်း ကားပါမစ် အစရှိသော အမြတ်များသည့် စီးပွားရေး လုပ်ငန်း လုပ်ပိုင်ခွင့်များ ရရှိမည်ဟု သံသယ ရှိနေကြကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအဝန်းမှ ကြားသိရသည်။

မြန်မာပြည် နိုင်ငံရေး အခြေအနေများကို စိတ်ဝင်စားနေသူများကို အာရုံပြောင်းရန် နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် မဲဆွယ်လိုသောကြောင့် ကြေးစား ဘောလုံး ကလပ် အသင်းများ ဖွဲ့စည်းပြီး အာဏာပိုင်တို့က ယှဉ်ပြိုင်ခိုင်းခြင်း ဖြစ်သည်ဟု အများစုက ယူဆနေကြသည်။

မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲ ဒုတိယအကျော့ အတွက် ပွဲစဉ် ဇယားများကို မဲနှိုက် ရေးဆွဲခြင်း အခမ်းအနားကို သြဂုတ်လ ၁၄ ရက်နေ့ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပခဲ့ပြီး၊ လာမည့် စက်တင်ဘာလ ၅ ရက်နေ့တွင် ဘောလုံးပွဲများ စတင်မည် ဟု သိရသည်။

မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲများကို ၂ဝဝ၉ ခုနှစ် မေလ ၁၆ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ စတင် ကျင်းပခဲ့ပြီး နောက်ဆုံး ဗိုလ်လုပွဲတွင် ရတနာပုံအသင်းက ရန်ကုန် ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲများတွင် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဖြစ်သော ဦးတေဇ၏ ရန်ကုန် ယူနိုက်တက်၊ ဦးအောင်ကိုဝင်း ၏ ကမ္ဘောဇ၊ ယုဇနဦးဌေးမြင့်၏ Southern Myanmar ၊ ဦးထွန်းမြင့်နိုင်(Steven Law) ပိုင် မကွေးFC စသည့် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး သမားကြီးများ၏ အသင်းများ ပါဝင် ယှဉ်ပြိုင်မည်ဟု သိရသည်။

လာမည့် MNL ဖလား ပထမဆုံး ပွဲစဉ်ကို ရန်ကုန်တွင် ကျင်းပမည် ဖြစ်ပြီး ရန်ကုန် ယူနိုက်တက် အသင်း နှင့် ဒယ်လ်တာ ယူနိုက်တက် အသင်း တို့ စတင် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာပါ ပွဲစဉ်ဇယားအရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်