စစ်အစိုးရ သတင်းစာ ကျင့်ဝတ်ပျက်ပြားဟု စာနယ်ဇင်းသမားများ ဝေဖန်

E-mail Print
ကိုးကန့် တပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် ရဲတပ်ဖွဲ့ဝင် တချို့ သေဆုံးနေသည့် ဓာတ်ပုံများအား စစ်အစိုးရက သတင်းစာများတွင် ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်း သတင်းဂျာနယ် လောကသားများကြားတွင် ဝေဖန်ပြောဆိုလျက်ရှိကြသည်။

ယမန်နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၉ တွင် ဦးဖုန်ကြားရှင် ခေါင်းဆောင်သည့် ကိုးကန့် တပ်ဖွဲ့ဝင်များက အနီးကပ် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ထားသည်ဆိုသော မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ ၀င်တချို့ ပုံပျက်ပန်းပျက်ဖြင့် သေဆုံးနေပုံများအား ဖော်ပြခြင်းမှာ သတင်းကျင့်ဝတ်နှင့် မညီသည့်အတွက် ဖော်ပြရန်မသင့်ကြောင်း သတင်းဂျာနယ် အယ်ဒီတာများ၊ သတင်းထောက်များက ဝေဖန်ပြောဆိုနေခြင်း ဖြစ် သည်။

ရန်ကုန်မြို့ရှိ အသက် ၇၀ ကျော် ၀ါရင့်သတင်းစာဆရာကြီးတဦး က သတင်းဓာတ်ပုံများဖော်ပြရာတွင် သွေးသံရဲရဲနှင့် မမြင်ဝံ့မမြင်ရက်စရာ ဓာတ်ပုံများအား မဖော်ပြသင့်ကြောင်း၊ ထိုဓာတ်ပုံများမှာ စာဖတ်သူ အတွက် အကျိုးမရှိနိုင်ကြောင်း ပြောဆိုသည်။

“အနိဋ္ဌာရုံသတင်းဓာတ်ပုံမျိုးက မြင်ရတဲ့သူတွေအတွက် စိတ်နှလုံးပျက်ပြားစေခြင်းကလွဲပြီး တစုံတရာအကျိုး မရှိနိုင်ပါဘူး”ဟု ၎င်း ၀ါရင့်သတင်းစာဆရာကြီးက ပြောသည်။

သတင်းသမား တဦးကလည်း“ဒီအစိုးရက ဇာတ်နာအောင်လို့ ဒီပုံတွေကို တမင်ထည့်ပြတာဗျာ၊ သူတို့မှာ လူတွေအတွက် ထည့်စဉ်းစားမှာ မဟုတ်ဘူး၊ သေဆုံးသွားသူတွေရဲ့အခြေအနေတွေကို မြင်ပြီး သူ့မိသားစု ၀င်တွေ စိတ်ဒုက္ခရောက်ကြမှာကိုလည်း ထည့်တွေးမှာမဟုတ်ဘူး”ဟု ဝေဖန်ပြောဆိုသည်။

နံနက်စောစော သတင်းစာဖတ်ချိန်တွင် ထိုသွေးရဲရဲသံရဲရဲနှင့် သေဆုံးနေပုံများကို မြင်ရသည့်အတွက် နိမိတ် မကောင်းဟုယုံကြည်ကြသော စာဖတ်သူများလည်းရှိသည့်အတွက် ထိုပုံများကို မထည့်သင့်ကြောင်း သတင်း အယ်ဒီတာ တဦးကလည်း ပြောဆိုသည်။

“စာဖတ်သူတွေအတွက် စဉ်းစားမယ်ဆိုရင် မထည့်သင့်ဘူး၊ ပြီးတော့ ဒါမျိုးထည့်တဲ့ သတင်းစာတို့ ဂျာနယ် တို့ဆိုတာ အဆင့်အတန်းအားဖြင့် နိမ့်တယ်လို့ယူဆတယ်၊ သတင်း ကျင့်ဝတ်မရှိဘူး၊ ဂုဏ်သိက္ခာမရှိဘူး လေ” ဟု ၎င်းက ပြောသည်။

စာတွင် အနီးကပ်ပစ်သတ်သွားကြောင်း ရေးသားပြီး ရုပ်အလောင်းများကိုတန်းစီ၍ အဝေးမှ ရိုက်ယူ ထားသော ဓာတ်ပုံများသာ ဖော်ပြသင့်သည်ဟုလည်း သူက ဆိုသည်။

နိုင်ငံတကာ သတင်းစာ သင်တန်းများနှင့် ပြည်တွင်း သတင်းစာ လုပ်ငန်းအတွေ့အကြုံများရှိသော ၀ါရင့် သတင်းထောက် တဦးကလည်း“လူတွေ ထိတ်လန့်စေ၊ ကြောက်ရွံ့စေမယ့်ပုံကို အ၀ါရောင် သတင်းစာ လို မျိုးကလွဲရင် ဂုဏ်သိက္ခာရှိတဲ့ သတင်းစာဆို မဖေါ်ပြဘူး”ဟု ပြောဆိုသုံးသပ်သည်။

ယခုကဲ့သို့ ရဲအမှုထမ်းများသေဆုံးနေပုံများကို ထည့်ပြသည့်အတွက် သေဆုံးသူများ၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေသော ဓာတ်ပုံများဖြစ်နေသည်ကို တွေ့ရကြောင်း သူက ဆိုသည်။  
“အခုသတင်းဓာတ်ပုံနဲ့ပတ်သက်ပြီး ဖော်ပြခံရတဲ့ ရဲမိသားစုတွေ အတွက် မကောင်းဘူး ၊ပိုပြီးတော့ စိတ် ထိခိုက်စေတယ်၊ ဂုဏ်သိက္ခာလည်း ကျဆင်းစေတယ်”ဟု အထက်ပါ ၀ါရင့် သတင်းထောက် က သုံးသပ် ပြောဆိုသည်။

မဂ္ဂဇင်းတစောင်နှင့် သတင်းဂျာနယ် တစောင် ထုတ်ဝေလျက်ရှိသော အယ်ဒီတာတဦး ကလည်း အစိုးရအနေ နှင့် သတင်း ကျင့်ဝတ်ဆိုသည်ကို ထည့်စဉ်းစားခဲ့ခြင်းမရှိသည်မှာ လွန်ခဲ့သော မဆလ ခေတ် ကတည်းက ဖြစ် ကြောင်း၊ ထို မဆလခေတ် သတင်းစာများတွင် သွေးသံရဲရဲပုံများကို မျက်နှာဖုံးပင် တင်၍ ထုတ်ဝေခဲ့ဖူး ကြောင်း ပြောဆိုသည်။

မဆလ ခေတ်ကတည်းကပင် ကြေးမုံ၊ မြန်မာ့အလင်း စသည့် သတင်းစာများတွင် ဘိုမြ ၏ KNU (ကရင်အမျိုးသား အစည်းအရုံး)များက ကျေးရွာများအတွင်းဝင်ပြီး လူသတ်သွားကြောင်းကို ရိုက်ပြထားသည့် ပုံများ၊ မီးရှို့သည့်အတွက် လူတချို့မီးလောင်သေဆုံးနေပုံများ စသည့် အနိဋ္ဌာရုံပုံများကို သေချာရွေးပြီး မျက်နှာဖုံး တင်ခဲ့ဖူးကြောင်းလည်း သိရသည်။

ယနေ့ စစ်အစိုးရအနေနှင့် သတင်းစာ ကျင့်ဝတ်ကို နားလည်ခြင်းမရှိသကဲ့သို့ ထိန်းသိမ်းခြင်းလည်း ရှိမည် မဟုတ်ကြောင်း၊ အစိုးရသတင်းစာမှ တာဝန်ရှိသူများအနေနှင့် ထည့်သင့်မသင့် စဉ်းစား သုံးသပ်နိုင် သော် လည်း စစ်ဗိုလ်ချုပ်များ၏ အမိန့်အတိုင်းသာ လုပ်ဆောင်နေရသည့်အတွက် ထိုပုံများကို ဖော်ပြထားခြင်း ဖြစ်ကြောင်း ဝါရင့် သတင်းစာ ဆရာကြီးက ပြောသည်။

“ကျင့်ဝတ်နဲ့ ပတ်သက်ရင် အစိုးရက ဘယ်တော့မှ မထိန်းဘူး၊ အရင်ကလည်း မထိန်းခဲ့တော့ အခုလည်း ထိန်းမှာ မဟုတ်ဘူး၊ သတင်းစာ ကျင့်ဝတ်ဆိုတာကတော့ သူတို့ ထည့်ကို မစဉ်းစားတဲ့ ကိစ္စပဲ”ဟု ၎င်းက ဝေဖန် ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်