ဂျပန်၏ မြန်မာပြည်ဆိုင်ရာ မူဝါဒ ပြောင်းလဲမည်လော

E-mail Print
ဂျပန်နိုင်ငံ ရွေးကောက်ပွဲ အနိုင်ရ ဂျပန် ဒီမိုကရက်တစ် ပါတီ (DPJ) သည် အစိုးရ ဖွဲ့ပြီးပါက မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး လှုပ်ရှားမှုကို ပိုမို ထောက်ခံ အားပေးလိမ့်မည်ဟု ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများက ယူဆနေကြသည်။

အတိုက်အခံ DPJ က ဂျပန်နိုင်ငံတွင် နှစ်ပေါင်း ၅၀ ကျော် အာဏာရခဲ့သော လစ်ဘရယ် ဒီမိုကရက်တစ် ပါတီကို အနိုင်ရလိုက်သောကြောင့် နိုင်ငံတကာနည်းတူ မြန်မာ့အရေး လှုပ်ရှားသူများက ပေါ်ပေါက်လာမည့် ဂျပန် အစိုးရ အဖွဲ့သစ်၏ အနေအထားကို စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။

ဂျပန် အစိုးရသစ်က စစ်အစိုးရကို တင်းတင်းမာမာ ဆက်ဆံပြီး မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို ပိုမို ထောက်ခံလာဖွယ်ရှိသည်ဟု ဂျပန်နိုင်ငံ အခြေစိုက် နိုင်ငံရေး အဖွဲ့တခုဖြစ်သည့် Burma Office in Japan မှ အတွင်းရေးမှူး ဒေါက်တာ မင်းညိုက ဧရာဝတီကို ပြောသည်။

၎င်းတို့အဖွဲ့သည် ဂျပန် အလုပ်သမား သမဂ္ဂ တခုနှင့်အတူ ရွေးကောက်ခံရသူများကို သွားရောက် တွေ့ဆုံပြီး မြန်မာပြည်ဆိုင်ရာ မူဝါဒ ပြောင်းလဲရေးကို ဆွေးနွေးမည် ဖြစ်ကြောင်း ဒေါက်တာ မင်းညိုက ပြောပြသည်။

ဂျပန် အလုပ်သမား သမဂ္ဂမှ အမည်မဖော်လိုသူ ရုံးအဖွဲ့ဝင် တဦးက “အခု တက်လာမယ့် အစိုးရကို မြန်မာပြည်နဲ့ ပတ်သက်ပြီး မူဝါဒ ပြောင်းလဲပေးဖို့ ကျနော်တို့ တောင်းဆိုမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရ ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ အစီအစဉ်ရှိပါတယ်၊ စီးပွားရေး ပိတ်ဆို့မှုတွေကို ထောက်ခံပေးဖို့၊ မြန်မာအစိုးရရဲ့ အခြေခံ ဥပဒေသစ်ကို လက်မခံဖို့ တောင်းဆိုမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

သို့သော်လည်း ဂျပန် အလွတ် သတင်းထောက် ဦးရွှေဘ က “သူတို့ (ဂျပန် ဒီမိုကရက်တစ် ပါတီ) ကတော့ အများကြီး ပြောထားတာပဲလေ။ ဒါပေမယ့် သူတို့က ပြောခဲ့သမျှ အားလုံးကိုတော့ လုပ်လိမ့်မယ်လို့ ကျနော် မထင်ဘူး” ဟု ပြောသည်။

လက်ရှိ ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ၏ အားနည်းချက်မှာ မြန်မာအစိုးရ အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို ထောက်ခံမှု မရှိခြင်း ဖြစ်သည်ဟု ဦးရွှေဘ ကဆိုသည်။

“မြန်မာအစိုးရကို ပိတ်ဆို့ဖို့ အင်မတန် အရေးကြီးပါတယ်၊ မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေကလည်း ဂျပန် နိုင်ငံရေးသမားတွေနဲ့ ဆွေးနွေးပြီး မြန်မာအစိုးရကို ဖိအားပေးနိုင်မယ့် နည်းလမ်းတွေ ရှာဖို့ လိုအပ်ပါတယ်” ဟုလည်း ၎င်း ကပြောသည်။

ဂျပန် ခေါင်းဆောင်သစ် ဖြစ်လာမည့် ယူကီအို ဟာတိုယာမာ (Yukio Hatoyama) သည် ဂျပန်နိုင်ငံရှိ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို အခိုင်အမာ ထောက်ခံမည့်သူ ဖြစ်မည်ဟု အများစုက ယုံကြည်ကြသည်။ သူသည် ၂၀၀၂ ခုနှစ်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်စဉ် တယ်လီဖုန်းဆက်ပြီး စကားပြောခဲ့သူဖြစ်သည်။

ယခုနှစ် အစောပိုင်းက မြန်မာ တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင်သည့် ဆွေးနွေးပွဲ တခုသို့ ဟာတိုယာမာလည်း တက်ရောက်ခဲ့ရာ မြန်မာနိုင်ငံ အပေါ်ထားသည့် အမေရိကန်၏ မူဝါဒနှင့် ဂျပန်၏ မူဝါဒ တူသင့်သည်ဟု ၎င်းက ပြောဆိုခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဂျပန်အစိုးရက စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို ထောက်ခံခြင်း မရှိပါ။

ပြီးခဲ့သည့် ဇူလိုင်လက ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံ ဒေသတွင်း ဆွေးနွေးပွဲ တက်ရောက်စဉ် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဟီယိုဖူမီ နာကာဆိုနေ (Hirofumi Nakasone) က မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်၊  ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ပြုလုပ်ရန် ပြောကြားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက် ချပြီးချိန်တွင် ထုတ်ပြန်သော ဂျပန် နိုင်ငံခြားရေး ဝန်ကြီး၏ ကြေညာချက်တွင် ထိုစီရင်ချက်ကြောင့် ဂျပန်နိုင်ငံက အလွန် စိတ်ပျက်မိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုကြောင်း ဖော်ပြခဲ့သည်။

ဂျပန်သည် မြန်မာနိုင်ငံ၏ အဓိက အလှူရှင် နိုင်ငံများထဲတွင် ပါဝင်သည်။ ဂျပန် အစိုးရ၏ တရားဝင် စာရင်းများ အရ ၁၉၉၉ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း မြန်မာနိုင်ငံ အတွက် ဖွံ့ဖြိုး တိုးတက်ရေး အကူအညီ အဖြစ် အနည်းဆုံး ဒေါ်လာ ၂.၉၆ ဘီလျံ ထောက်ပံ့ခဲ့သည်။

ရွေးကောက်ပွဲအတွင်း အောက်လွတ်တော်၏ အမတ်နေရာ ၄၈၀ နေရာတွင် ဟာတိုယာမာ ခေါင်းဆောင်သည့် အတိုက်အခံ DPJ ပါတီက အမတ်နေရာပေါင်း ၃၀၀ ကျော် ရရှိခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်