ကာတွန်း ဟန်လေး၏ ဒုတိယအကြိမ် ပန်းချီပြပွဲ ချင်းမိုင်တွင် ပြုလုပ်မည်

E-mail Print
အဝေးရောက် မြန်မာများ အိမ်အလွမ်းပြေ စေရန် ရည်ရွယ်၍ The Three Nations အမည်ရ ပန်းချီပြပွဲတွင် မြန်မာနောက်ခံ ရှုခင်းပန်းချီကားများကို အဓိက ပြသသွားရန် စီစဉ်နေကြောင်း ယင်းပြပွဲတွင် ပါဝင်ပြသမည့် ပန်းချီဆရာ ကိုဟန်လေးက ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ သုဝဏ္ဏဘူမိ ပန်းချီပြခန်း၌ မြန်မာပန်းချီ အနုပညာရှင်တဦး အပါအဝင် နိုင်ငံပေါင်း သုံး နိုင်ငံမှ ပန်းချီနှင့် ဓာတ်ပုံ အနုပညာရှင် သုံးဦး ပူးပေါင်းပြသမည့် အဆိုပါပြပွဲကို စက်တင်ဘာ ၁၉ရက်တွင် စတင် ပြသမည် ဖြစ်ကြောင်း သိရသည်။

“ဒါက ဒုတိယအကြိမ်ပါ နှစ်စဉ်လုပ်နေကျလေ၊ စိတ်ထဲက ခံစားချက်ကို ဖော်ပြချင်လို့၊ ကျနော်ကတော့ ရှုခင်း ပန်းချီကားတွေများတယ်၊ ဒေါ်အောင်ဆန်းစုကြည် ပုံတူကားပါမယ်၊ ခံစားမှုသက်သက် ပန်းချီကား များတယ်၊
နိုင်ငံခြားရောက်နေတဲ့သူတိုင်း အိမ်ကို လွမ်းကြတယ်၊ အိမ်အလွမ်းတွေပြေအောင် ကိုယ်ဒေသလေးကို အခြေခံပြီး ဆွဲထားတဲ့ ပန်းချီကားတွေပေါ့၊ ပန်းချီကား ၂၀ လောက်တော့ ပြမယ်” ဟု ကိုဟန်လေးက ပြောသည်။

ပန်းချီနှင့် ကာတွန်းက တလိုင်းထဲ ဆိုသော်လည်း ရေးသည့် ပုံစံခြင်း မတူသကဲ့သို့ အတော်လေး ကွာဟသဖြင့် ရော၍ မရနိုင်ကြောင်း၊ ပန်းချီရေးလျှင် ကာတွန်းကို ခဏမေ့ထားရန်လိုသကဲ့သို့ ကာတွန်းတွင် ပန်းချီစတိုင် ၀င်သွားပါက ကာတွန်းမှာ မသွက်တော့ကြောင်း၊ ပန်းချီတွင်လည်း ကာတွန်း ပုံစံဝင်သွားပါက ပေါ့ပျက်ပျက် ဖြစ်သွားကြောင်း၊ ကာတွန်းသည် ပရိသတ်၏ ခံစားချက် ရင်ထဲကစကားကို ဖော်ကျူးရခြင်းဖြစ်ကာ ပန်းချီကမှု ကိုယ့်ကိုယ်ပိုင် ခံစားချက်ကို ဖော်ကျူးခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

ကိုဟန်လေးမှာ ရှမ်းတိုင်းရင်းသား တဦးဖြစ်ပြီး ယခု Three Nations ပြပွဲအပါအဝင် ပန်းချီပြပွဲပေါင်း ၇ ပွဲ ပြသ ခဲ့ကာ လက်ရှိတွင်လည်း ဧရာဝတီ၊ ရှမ်းသံတော်ဆင့်၊ ခေတ်ပြိုင် ၊ မဇ္ဈိမ စသည့် ပြည်ပ သတင်းဌာနများတွင် နိုင်ငံရေးကာတွန်းများကို ရေးဆွဲနေသူတဦး ဖြစ်သည်။

ပါဝင်ပြသမည့် ပန်းချီဆရာများမှာ မြန်မာနိုင်ငံသား ပန်းချီနှင့် ကာတွန်း အနုပညာရှင် ဟန်လေး၊ ထိုင်းနိုင်ငံသား လူငယ်ပန်းချီဆရာ နာရုန်းရွတ် ထောင်ရိုး နှင့် ဆွစ်ဇာလန် ဓာတ်ပုံ အနုပညာရှင်Frederic Alix တို့ ၃ ဦးဖြစ်ပြီး ပါဝင်ပြသမည့် ပန်းချီကားနှင့် ဓာတ်ပုံ အရေအတွက်ကို အတိအကျမသိရသေးကြောင်း ပြပွဲလက်ခံ စီစဉ်သူ မမာမာ ကပြောသည်။

ထိုင်း လူငယ်ပန်းချီဆရာ နာရုန်းရွတ်က “ ရေဆေး ပန်းချီကား ၃၀လောက် ပြဖို့ ရည်ရွယ်ထားပါတယ်၊ ကြာပန်းများ ဖူးပွင့် ညှိုးနွမ်းပုံကို သရုပ်ဖော်ထားတဲ့ ပန်းချီကားတွေနဲ့ လောကရဲ့မတည်မြဲတဲ့သဘောကို သရုပ်ဖော်ထားတာပါ” ဟု ပြောသည်။

ထို့အပြင် နာရုန်းရွတ်အနေနှင့် မြန်မာပန်းချီ အနုပညာကို နှစ်သက်သူ ဖြစ်ပြီး မြန်မာ ပန်းချီ အနုပညာရှင်များ အနုပညာ လက်ရာများသည် အနုပညာ အဆင့်အတန်း အလွန်မြင့်မြားသည့် အပြင် ခံစားချက်ကို ပရိသတ် ဆီရောက်စေရန် ထိရောက်စွာ ပေးနိုင်ကြောင်း ပြောသည်။

နာရုန်းရွတ်သည် ချင်းမိုင်ရှိ Rajamangala University of Technology Lanna NorthernCampus မှ ပန်းချီပညာရပ် ဖြင့် ၀ိဇ္ဇာဘွဲ့ရရှိခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံသား ဓာတ်ပုံဆရာ Frederic Alixက“မြန်မာပြည်ကို သွားတုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံ ၂၀ လောက်တော့ ပြဖို့ စီစဉ်ထားပါတယ်၊ မြန်မာပြည်ရဲ့လူနေမှုဘ၀ကို ရိုက်ထား တာပါ၊ သာမန်ဓာတ်ပုံတွေပါ၊ နိုင်ငံခြားသား တယောက်အနေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျနော်ဘာမှ မလုပ်ပေးနိုင်ဘူး၊ ကျနော် မြင်တာကို ကျနော် ပြန်ပြတာပါ” ဟုပြောသည်။

ပြပွဲလက်ခံကျင်းပသည့် သုဝဏ္ဏဘူမိ ပန်းချီ ပြခန်းသည် အောက်တိုဘာ ၇ ရက် အထိပြသမည့် ယခုပြပွဲ အပါအဝင်၂၀၀၉ခုနှစ် အတွင်း တကိုယ်တော် ပန်းချီပြပွဲ ၄ ပွဲ ပြသပြီးဖြစ်ပြီး မြန်မာပန်းချီ ဆရာများ၏ လက်ရာအများစု ဖြစ်ကြောင်းသိရသည်။

“အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာက ပရိသတ်တွေက ဆုံးဖြတ်မှာပါ၊ ကျမကတော့ ကျမလုပ်ချင်တာ လုပ်ရတော့ ကျေနပ်တယ်၊ ပြည်တွင်းထဲက ပန်းချီဆရာတွေကို ကျမလက်လှမ်း မီသလောက် ခေါ်ထုတ် လာပြီးတော့ ပြပွဲလေးတွေလုပ်တာပေါ့၊ ဒီပန်းချီပြပွဲက ပန်းချီကားတွေလည်း ပြပွဲပြရင်း ရောင်းကြမှာပါ” ဟု မမာက ဆိုသည်။

အောက်တိုဘာလ ၉ရက်တွင် ဖောင်ဒေးရှင်း တခု၏ ဖိတ်ကြားချက် အရ လာရောက်ပြသမည့် မြန်မာ့ အနုပညာရှင် ကောင်းဆု၏ ပြပွဲရှိကြောင်း၊ သုဝဏ္ဏဘူမိ ပန်းချီပြခန်းကို နိုင်ငံတကာမှ ပန်းချီအနုပညာရှင် တချို့လည်း စိတ်ဝင်စားမှုရှိကြောင်း ပြခန်းပိုင်ရှင် မမာမာက ပြောပြသည်။

ယင်း သုဝဏ္ဏဘူမိပန်းချီပြခန်းသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ၂၀၀၄ ခုနှစ် ဂျူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ် ပြီး သုဝဏ္ဏဘူမိ ဟူသော အမည်ကို မြန်မာသမိုင်း ပညာရှင် ဒေါက်တာ သန်းထွန်းက ပေးခဲ့ကြောင်း နှင့် တခု တည်းသော မြန်မာပန်းချီပြခန်းဖြစ်ကြောင်းလည်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်