အမေရိကန်၏ ညှိနှိုင်းရေး မူဝါဒအပေါ် အမြင်များ ကွဲပြား

E-mail Print
အမေရိကန် အစိုးရက မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက် စစ်အစိုးရနှင့် တိုက်ရိုက် စေ့စပ် ညှိနှိုင်း ဆောင်ရွက်မည်ဟု ပြောကြား ခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံရေး သမားများ နှင့် တိုင်းရင်းသား ခေါင်းဆောင်များအကြား အမြင်ကွဲပြားလျက်ရှိသည်။

နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က “စစ်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံသွားမှာ ဖြစ်သလို ကန့်သတ်တားမြစ် အရေးယူ ဆောင်ရွက်မှုတွေက ဆက်ပြီး အမေရိကန်ရဲ့ မူဝါဒ အဖြစ် ရှိနေမှာပါ”ဟု သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဟီလာရီကလင်တန်က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ချင်း လွှတ်ပေးရန်၊ သိသာထင်ရှားသော ဒီမိုကရေစီ အပြောင်းအလဲကို စတင် ဆောင်ရွက်၍ တိုင်းရင်းသား လူမျိုးစုများ အပါအ၀င် အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရကို တောင်းဆို လိုက်သည်။

ဟီလာရီ ကလင်တန်က ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဥပေက္ခာ မပြုသင့်ကြောင်း၊ မြန်မာ အာဏာပိုင်များ အနေဖြင့် အတိုက်အခံများ၊ ဒီမိုကရေစီ အင်အားစုများကို  ပါဝင်ခွင့် အပြည့်အ၀ ပေးပါက နိုင်ငံတကာက ၂၀၁၀ ရွေးကောက်ပွဲကို အကောင်းဘက်က ရှုမြင်မည့် အကြောင်း မြန်မာအာဏာပိုင်များကို ဆက်ဆွေးနွေးရန် တိုက်တွန်းရမည် ဖြစ်ကြောင်းလည်း ပြောသည်။

ဟီလာရီ ကလင်တန်၏ ပြောကြားချက်ကို အမျိုးသား ဒီမိုကရေစီအဖွဲချုပ် (NLD) ပြောခွင့်ရ ဦးဉာဏ်ဝင်းက အမေရိကန်အစိုးရ အနေဖြင့် စစ်အစိုးရနှင့် တိုက်ရိုက် ဆက်ဆံခြင်းသည် ထင်သာမြင်သာ ရှိသဖြင့် ပိုမို ကောင်းမွန်ကြောင်း ၎င်း၏ အမြင်ကို ပြောသည်။
 
သို့သော်လည်း အဖွဲ့ချုပ် ခေါင်းဆောင် တဦး ဖြစ်သူ ဦးဝင်းတင်ကမူ မြန်မာစစ်အစိုးရက ခေါင်းမာသဖြင့် စေ့စပ်ဆွေးနွေးမှုကို ဆောင်ရွက်ရာတွင် အောင်မြင်နိုင်မည်မဟုတ်ဟု ပြောသည်။

 “စေ့စပ် ဆွေးနွေးရင်လည်း သိပ်ထူးမှာ မဟုတ်ပါဘူး၊ အမေရိကန် အစိုးရရဲ့ မူဝါဒကို စိတ်ပျက်မိပါတယ်၊ ဒါပေမယ့် ပိတ်ဆို့ အရေးယူမှုတွေ ဆက်ရှိနေလို့ စိတ်သက်သာ ရပါတယ်၊ ပိတ်ဆို့ အရေးယူမှုတွေက တကယ်တော့ ထိရောက်ပါတယ်” ဟု ဦးဝင်တင်က ဧရာဝတီသို့ ပြောသည်။

အမေရိကန်အနေဖြင့် တရုတ်၊ ရုရှားနိုင်ငံများကို လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ မသုံးရန် စေ့စပ် ဆွေးနွေးသင့်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့ အရေးလေ့လာသူ ကိုဝင်းမင်းက “ဖိအားလည်းပေး၊ ဆက်ဆံရေးလည်း လုပ်ဆိုတော့ ထိရောက်ဖို့ အလားအလာ ပိုများ လာမယ်လို့ မျှော်လင့် ရတာပေါ့၊ လမ်းဟောင်းအတိုင်း သွားတာထက် အသစ်တမျိုး ပြောင်းတဲ့ သဘောပေါ့၊ ဥပဒေနဲ့ ရေးထားတော့ ဖိအားတွေကို ပယ်လို့မရဘူး” ဟု ပြောသည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က “အမေရိကန်ရဲ့ မြန်မာပြည်အပေါ် ထားတဲ့ မူဝါဒ အပြောင်းအလဲတခု လုပ်မယ်ဆိုရင် နိုင်ငံရေးပါတီ အပေါ်မှာ ဖိနှိပ်မှုတွေ လျော့ပါး ပပျောက်မှုတွေ မရှိဘဲနဲ့ အပြောင်းအလဲ လုပ်မယ် ဆိုတာက ထိရောက်မယ်လို့ မထင်ဘူး” ဟု ပြောသည်။

စင်ကာပူ နိုင်ငံခြားရေး ၀န်ကြီး George Yeoက အမေရိကန် အနေဖြင့် မြန်မာပြည်အပေါ် မူဝါဒ အသစ်ဖြင့် ချဉ်းကပ်ခြင်းကြောင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် လွှမ်းမိုးနိုင်မည် ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန် သမ္မတဟောင်း ဂျော့ ဘုရှ် လက်ထက် ပြင်းထန်သည့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများနှင့် လွှတ်တော် အမတ် တွမ် လန်းတို့စ်၏ ၂၀၀၈ ခုနှစ် မြန်မာ့ကျောက်မျက်များ အမေရိကန်သို့ တင်သွင်းမှု ပိတ်ပင်သည့် ဥပဒေ (စစ်အစိုးရ၏ ဒီမိုကရေစီ ဆန့်ကျင်ရေးလုပ်ရပ်များ အပေါ် အရေးယူသည့် ဥပဒေ) ခေါ် Tom Lantos Block Burmese JADE (Junta’s Anti-Democratic Efforts) Act 2008 တွင် အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အစိုးရ ခေါင်းဆောင်များ၊ ၎င်းတို့နှင့် အကျိုးတူ စီးပွားဖက်များကို တိုက်ရိုက် ဒဏ်ခတ် အရေးယူမှုများ ချမှတ် ဆောင်ရွက်ခဲ့သည်။

ယင်းဥပဒေတွင် မြန်မာနိုင်ငံအရေး “မူဝါဒရေးရာ ပူးပေါင်းဆောင်ရွက်မည့် အထူးသံကိုယ်စားလှယ်တဦး” ခန့်အပ်ပြီး အိမ်နီးချင်း နိုင်ငံများနှင့် လက်တွဲ လုပ်ကိုင်ရန်ဆိုသော အချက်သည်လည်း ပါဝင်သည်။

“အရင်က သံတမန်တွေ ဘာလုပ်သွားလဲဆိုတာ မသိပေမယ့် နောင် အသစ် ခန့်အပ်မယ့် သံတမန်ကတော့ စစ်အစိုးရကိုပဲ ဆက်ဆံတာ မဟုတ်ဘဲနဲ့ ကျန်တဲ့ နိုင်ငံရေး အင်အားစုများနဲ့ ဆက်ဆံဖို့လည်း လိုတယ်၊ ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား ခေါင်းဆောင်များနဲ့ ပိုပြီးတော့ အချိန်ပေးဖို့တော့ လိုလိမ့်မယ်၊ စစ်အစိုးရက ကန့်သတ်ပေးထားတဲ့ အတိုင်း တွေ့တာဆုံတာ မဖြစ်ဖို့ လိုတယ်၊ အဲဒီလို ဆိုရင်တော့ ဘာမှ အကျိုးထူးမှာ မဟုတ်ပါဘူး” ဟု ဦးဝင်းတင်က ပြောသည်။

ဇူလိုင်လက အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူသည့် ဥပဒေကို ထပ်မံ သက်တမ်း တိုးမြှင့်လိုက်သည်။

အမေရိကန်ပြည်ထောင်စုသည် သမ္မတ ကလင်တန် အစိုးရလက်ထက် ၁၉၉၇ ခုနှစ် က မြန်မာပြည် အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို ချမှတ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်