ကိုးကန့်တိုက်ပွဲနှင့်ပတ်သက်ပြီး တရုတ်က မြန်မာကို သတိပေး

E-mail Print
ကိုးကန့်တိုက်ပွဲများ အတွင်း စစ်အစိုးရတပ်များက  တရုတ်လူမျိုးများအပေါ် ကြမ်းတမ်းစွာ ပြုမူ ဆက်ဆံခဲ့ပုံနှင့်ပတ်သက်၍ တရုတ်နိုင်ငံက စစ်အစိုးရကို သတိပေးပြောကြားလိုက်ကြောင်းသိရသည်။

ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသတိုက်ပွဲများအတွင်း စစ်အစိုးရတပ်များ၏ ဒေသတွင်းရှိ တရုတ်လူမျိုးများ အပေါ် နစ်နာစေရန်ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးပြီး ဥပဒေအရအရေးယူဆောင်ရွက်ရန် တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံးမှ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအရာရှိ တဦးကို ခေါ်ယူပြီး ပြောကြားကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ယင်းသို့ သတိပေးပြောကြားခြင်းသည် အမေရိကန်-မြန်မာ ဆက်ဆံရေးအပြောင်းအလဲ ကြောင့် ဖြစ်နိုင်သည်ဟု တရုတ်မြန်မာနယ်စပ် စစ်ရေး နိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောဆိုသည်။

“ဒါအမေရိကန်နဲ့မြန်မာဆက်ဆံရေး အပြောင်းအလဲကြောင့် လည်းပါမှာပေါ့၊ တရုတ်နိုင်ငံထဲမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုအစိုးရရဲ့ကိုင်တွယ်ပုံကို မကျေနပ်ကြဘူး”ဟု ၎င်းက ပြောသည်။

ကိုးကန့်ဒေသတိုက်ပွဲများ အတွင်းတွင် တရုတ်နိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သောကြောင့်၊ တရုတ်လူမျိုး တဦးသေဆုံး၍ နှစ်ဦးဒဏ်ရာ ရရှိခဲ့ပြီး တရုတ်လူမျိုးပိုင် စတိုးဆိုင်များနှင့် ကုန်တိုက်ကြီးများ လုယက်ခံခဲ့ရ သည်ဟု သိရသည်။

အလားတူ ၂၀၀၀ပြည့်နှစ် မုန်းကိုးဒေသတွင် ဖြစ်ပွားခဲ့သည့် မုန်ဆာလ နှင့် လီနမင် တို့၏ အာဏာပြိုင်ဆိုင်မှုတွင်လည်း စစ် အစိုးရတပ်များက  တရုတ်နိုင်ငံသားအများအပြားကို သတ်ဖြတ်ခဲ့ဖူးကြောင်း၊ သို့သော်လည်း ယခုကိုးကန့် ပြဿနာ ကဲ့သို့ ဒုက္ခသည်အများအပြား တရုတ်နိုင်ငံထဲသို့ ထွက်ပြေးခဲ့ခြင်း မရှိကြောင်း ၎င်းကဆိုသည်။

“လီနမင်တို့ကို ပစ်သတ်တုန်းကလည်း တရုတ်ကြေးစားစစ်သားတွေရော၊ ကုန်သည်တွေပါသေကုန်တာပဲ၊ အဲ့သည်တုန်းက လည်း တရုတ်အစိုးရက မကန့်ကွက်ခဲ့ဘူး” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ရက် နှင့် ၂၅ရက်နေ့ကလည်း ကချင်ပြည်နယ် လိုင်ဇာမြို့တွင်လည်းကောင်း၊ ယနေ့တွင်လည်း ရှမ်းပြည်နယ်ကွတ် ခိုင်မြို့၌ နှစ်နိုင်ငံ စစ်ဖက်အရာရှိများ နယ်စပ်ဒေသအရေးနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲများကို ပြုလုပ်နေကြောင်း သိရသည်။

တရုတ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း သခင်ချန်ထွန်းက“ဒါကတော့ တရုတ်အစိုးရအနေနဲ့ သူ့နိုင်ငံသားတွေ အရိုက်အနှက် အဖမ်းအဆီးခံရလို့ တာဝန်ရှိတဲ့အတိုင်း ခေါ်ပြီး သတိပေးတယ်လို့မြင်တယ်” ဟုပြောသည်။

 ၁၉၆၇ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် မော်စီတုံး၏ ပုံပါရင်ထိုး တံဆိပ်ချိတ်ဆွဲ မှုနှင့် ရန်ကုန်မြို့တွင် တရုတ် မြန်မာ အရေးအခင်းများဖြစ်ပေါ်ခဲ့ဖူးကြောင်း၊ ထိုအရေးအခင်း နှင့် ပတ်သက်ပြီး တရုတ် မြန်မာနယ်စပ်တွင် နှစ်နိုင်ငံ တိုက်ပွဲများဖြစ်ပွားခဲ့ဖူးကြောင်း သခင်ချန်ထွန်းကဆိုသည်။

“အဲ့သည်တုန်းကတော့ အခုလိုသတိပေးတာမျိုးတော့ မလုပ်ဘူး၊ နယ်စပ်မှာ တိုက်ပွဲတွေအကြီး အကျယ်ဖြစ်ကြတာပဲ၊ သံတမန်တွေတောင် တဖက်နဲ့ တဖက် ပြန်ခေါ် ကြတာပဲ”ဟု ၎င်းက ပြောသည်။

၁၉၈၈ခုနှစ် စစ်အစိုးရ အာဏာသိမ်းပြီး နောက်ပိုင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအလွန် ကောင်းမွန်လာခဲ့ပြီး၊ နယ်စပ်ဒေသ တွင် ယခုကဲ့သို့ ပြဿနာများမရှိကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တောင်းဆိုခြင်းသည် လုပ်ရိုးလုပ်စဉ် ပြလုပ် ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတွင် ကြီးမားသော အပြောင်းအလဲများဖြစ်လာမည် မထင်ကြောင်း ဦးအောင်ကျော်ဇော က သုံးသပ်သည်။

၁၉၆၇ခုနှစ် ၁၉၆၈ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ကိစ္စများမှာ တရုတ်မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အတွက် ကြီးမားသော  ပြဿနာများ ဖြစ်ပြီး၊ ယခုဖြစ်သော ကိုးကန့်ပြဿနာသည် ပြောပလောက်သော ပြဿနာ မဟုတ်ကြောင်း မကြာခင် ပြေလည်မှုများ ပြန်လည်ရရှိမည်ဟုထင်ကြောင်း သခင်ချန်ထွန်းက သုံးသပ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်