ကိုးကန့် နှင့် ဝ တို့၏ လောင်းကစားရုံများ မော်လမြိုင်တွင် များပြားလာ

E-mail Print
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကိုးကန့်နှင့် ဝတိုင်းရင်းသား လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် လောင်းကစားရုံများ ပိုမိုများပြား လာကြောင်း တွေ့ရသည်။

၂၀၀၈ နှစ်ဆန်းပိုင်းက စတင်ပြီး မော်လမြိုင်မြို့တွင် ပေါ်ပေါက်လာသော လောင်းကစားရုံများသည် ယခုအခါ အရေအတွက် ၃၀ နီးပါး  အထိ လည်ပတ်လျက်ရှိသည်ဟု မော်လမြိုင်မြို့၊ အောက်လမ်းမကြီးရှိ အကြွေစေ့ လောင်းကစားရုံ ဖွင့်လှစ်ထားသူ ဝ တိုင်းရင်းသား လုပ်ငန်းရှင်တဦးက ပြောသည်။

လောင်းကစားရုံသို့ ပုံမှန် သွားရောက်သူများမှာ ကုန်သည်များ နှင့် မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသားများဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ဒီမြို့မှာ ငွေအဖြုန်းနိုင်ဆုံးက ကျောင်းသား နဲ့ ကုန်သည်တွေပဲလေ။ ဒီလောင်းကစားရုံတွေ သွားပြီး ငွေဖြုန်းနေကြတာ” ဟု ကမ်းနားလမ်းတွင် နေထိုင်သူ တဦးက ဆိုသည်။

ငွေဖြုန်းတီးနိုင်သူများအတွက် မော်လမြိုင်တွင် ရွေးချယ်စရာလည်း ပိုမိုများပြားလာသည်ဟု ကုန်သည်တဦးက သုံးသပ်သည်။

“တက္ကသိုလ်ကျောင်းသားတွေ အရင်ကဆို ဘီယာဆိုင် ထိုင်တယ်၊ အ၀တ်အစား ၀ယ်တယ်၊ အဲဒီလောက်ပဲ ရှိတယ်။ အခု လောင်းကစားရုံထဲက တနေကုန် မထွက်တော့တဲ့အပြင်  ညဆို အနှိပ်ခန်း၊ KTV တွေ သွားကြတယ်”ဟု အောက်ဈေးကြီးတွင် နေထိုင်သူ အသက် ၄၀ ၀န်းကျင် ကုန်သည်တဦးက ဆိုသည်။

အမျိုးသမီးဝန်ထမ်းများရှိသည့် KTV ခေါ် ကာရာအိုကေခန်း နှင့် အနှိပ်ခန်း အများစုကိုလည်း ကိုးကန့် နှင့် ဝ တိုင်းရင်းသားများက ပိုင်ဆိုင်ကြသည်ဟု သိရသည်။

“တက္ကသိုလ်ကျောင်းသား တော်တော်များများက လောင်းကစားရုံတွေဆီပဲ ရောက်နေတာ။ ငွေ နဲ့ အချိန် အပြင် အနာဂတ်ကိုပါ ဖြုန်းတီး၊ ဖျက်ဆီးနေကြတယ်” ဟု မော်လမြိုင်မြို့ရှိ ကျောင်းဆရာမတဦးက ပြောသည်။

ငွေကြေး တတ်နိုင်သည့် လောင်းကစား ၀ါသနာရှင်များ ရှိသကဲ့သို့ ရှိရင်းစွဲ ငွေကြေး တိုးပွားလာစေရန် ကံစမ်းသူများလည်း ရှိကြောင်း မော်လမြိုင်မြို့ရှိ ရှေ့နေကြီး တဦးက ပြောသည်။

“အကြောင်း အမျိုးမျိုးကြောင့် လောင်းကစားတွေ လုပ်ကြတယ်။ ကြားထဲမှာ အမြတ်ရနေတာက လောင်းကစားရုံ ပိုင်ရှင်တွေပဲ။ အာဏာပိုင်တွေကလည်း သူတို့ ပိုက်ဆံရနေတော့ ဒါတွေကို ခွင့်ပြုထားတယ်” ဟု ၎င်းက ဆိုသည်။

မော်လမြိုင်ရှိ စီးပွားရေး လုပ်ငန်းများသည် ၂၀၀၈ခုနှစ် ဇန်န၀ါရီလအတွင်း မော်လမြိုင် အမှတ်၁ ဈေးကြီး မီးလောင်မှု အကြီးအကျယ် ဖြစ်ပွားပြီးချိန်မှစ၍ သိသိသာသာ အခြေအနေ ဆိုးလာကြောင်း ဒေသခံများက ပြောသည်။

“နဂိုကတည်းက စီးပွားရေးတွေက ကောင်းတော့တာ မဟုတ်ဘူး။ မီးလောင်လိုက်တာ ပိုဆိုးကုန်တာပေါ့” ဟု ဈေးမီးလောင်စဉ်က အီလက်ထရွန်နစ် ပစ္စည်းဆိုင် တဆိုင် ဆုံးရှူံးသွားသူ လုပ်ငန်းရှင်တဦးက ဆိုသည်။

တခြားသော လုပ်ငန်းများ စီးပွားရေး ကျဆင်းလာသော်လည်း လောင်းကစားရုံများတွင်မူ လူဝင်လူထွက် တနေ့ထက် တနေ့ ပိုမို များပြားပြီး အလုပ်ဖြစ်နေကြောင်း  ယိုးဒယား အလှကုန်ပစ္စည်း ဖြန့်ချိသူ တဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် လောင်းကစားခြင်းနှင့် လောင်းကစားလုပ်ငန်းများကို ဥပဒေအရ တားမြစ်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်