ရွေးကောက်ပွဲဝင်ရေး ENC ကြေညာချက် တိုင်းရင်းသား ခေါင်းဆောင်များ ဝေဖန်

E-mail Print
တိုင်းရင်းသားများ အနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်းအားဖြင့် အနာဂတ် နိုင်ငံရေးတွင် ပါဝင်ရန်အတွက် တိုင်းရင်းသား လူမျိုးများကောင်စီ (Ethnic Nationalities Council – ENC) မှ တိုက်တွန်းထားကြောင်း သိရသည်။

ပြည်ပအခြေစိုက် တိုင်းရင်းသားများနှင့် ဖွဲ့စည်းထားသည့် ENC မှ မကြာသေးမီက မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် အမေရိကန်အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ်ထံသို့ စက်တင်ဘာ ၂၈ ရက်နေ့က ပေးပို့သည့် စာတစောင်တွင် ထိုသို့ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ယင်းစာတွင် “၂၀၁၀ ရွေးကောက်ပွဲ မပြုလုပ်မီ ထိုရွေးကောက်ပွဲကို ကန့်ကွက် ရှုတ်ချခြင်း မပြုလုပ်ဘဲ လွတ်လပ်၊ မျှတပြီး အားလုံး ပါဝင်နိုင်မည့် ရွေးကောက်ပွဲဖြစ်ပေါ်လာရန် တိုက်တွန်းသည့် နည်းဖြင့် အမေရိကန်ပြည်ထောင်စုက ကူညီနိုင် လိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်” ဟု ဖော်ပြထားသည်။

ENC အဖွဲ့တွင်  ပြည်ပအခြေစိုက် ကရင်၊ ကချင်၊ ကယန်း၊ မွန်၊ ရခိုင် ၊ ရှမ်းနှင့် ချင်းတိုင်းရင်းသားအဖွဲ့များမှ ခေါင်းဆောင် များဖြင့် ၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

အဆိုပါ ENC ၏ ကြေညာချက်နှင့် ပတ်သက်၍ “ကျနော်တို့သဘောထားကတော့ ရွေးကောက်ပွဲ ၀င်ဖို့မ၀င်ဖို့ထက် ၊ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရေး၊ တွေ့ဆုံဆွေးနွေးရေးပဲ”ဟု KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါက ပြောသည်။

ENC ၏ မူလရည်ရွယ်ချက်မှာ သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးအတွက်ဖြစ်ပြီး ယခုကဲ့သို့ ရွေးကောက်ပွဲဝင်ရောက်ရန်  ဟူသော ရည်ရွယ်ချက်မဟုတ်ကြောင်း ၎င်းကပြောသည်။

ဒီမိုကရေစီ နိုင်ငံတခုအတွက် ရွေးကောက်ပွဲတခု လိုအပ်သော်လည်း ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေပြု သည့် ရွေးကောက်ပွဲသည် တိုင်းရင်းသားများ၏ အခွင့်အရေးများကို အကောင်အထည် ဖော်ဆောင်ပေးနိုင်မည်ဟု မထင် ကြောင်း၊ ရွှေး ကောက်ပွဲဝင်လျှင်လည်း အကျိုးမရှိနိုင်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးအေးသာအောင် က ပြောသည်။

“အာဏာဟူသမျှ တပ်ကယူထားတယ်၊ဒါကြောင့် ရွေးကောက်ပွဲဝင်လို့ အကျိုးမရှိဘူး၊ တိုင်းရင်းသားအခွင့်အရေးရမှ မ ဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

၁၉၉၀ခုနှစ်တွင် အနိုင်ရရှိထားသော ပြည်တွင်းရှိ တိုင်းရင်းသားပါတီများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင်ဝင် ရောက် ယှဉ်ပြိုင်ခြင်း မပြုရန် သဘောတူဆုံးဖြတ်ထားပြီး ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ပေးခြင်း၊ ဒေါ်အောင် ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးမှသာ တိုင်းရင်းသားများအနေဖြင့် လာမည့်၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရန်စဉ်းစားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

၁၉၉၀ခုနှစ် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများဖြစ်သော ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ နှင့် ဇိုမီးအမျိုးသားကွန်ဂရက်တို့မှ အနိုင်ရရှိခဲ့သည်။

၂၀၀၈ခုနှစ်ဖွဲ့စည်းပုံသည် တိုင်းရင်းသားများအား ပြည်နယ်များ အထူးဒေသများ၊ တိုင်းများ ချမှတ်ဖွဲ့စည်းထားသော်လည်း ၊  စစ်တပ်မှ ၂၅ ရာခိုင်နှုန်းအာဏာ ရယူထားသကဲ့သို့၊ တိုင်းရင်းသားပြည်နယ်များအတွင်းရှိ ဥပဒေပြုကောင်စီကိုလည်း စစ် တပ်မှ ဆက်လက်ချုပ်ကိုင်ထားမည်ထင်ကြောင်း ဦးအေးသာအောင်က ဆိုသည်။

“လမ်းစဉ်ပါတီခေတ်မှာ ပြည်နယ်ဦးစီးတွေကို တိုင်းရင်းသားတွေပြန်ပြီးနေရာ ပေးထားတာပဲ၊ကိုယ့်ပြည်နယ်အတွက်ဘာ ပြောနိုင်ဆိုနိုင်လို့လဲ၊ အခုလည်း ဗဟိုဦးစီးပုံစံမျိုးပဲ”ဟု ဦးအေးသာအောင်က ပြောသည်။

ENC က ဤကဲ့သို့ ၂၀၁၀ရွေးကောက်ပွဲ ၀င်ရောက်ရန်တိုက်တွန်းခြင်းသည် စစ်အစိုးရ၏ ရွေးကောက်ပွဲကို ထောက်ခံရာ ရောက်မည်ဖြစ်ပြီး၊ စစ်တပ်ကရေးဆွဲသည့်ဖွဲ့စည်းပုံအား အတည်ပြုပေးရာ ရောက်မည် ဖြစ်ကြောင်း၊ ပြည်သူများ၊ ဒီမိုကရေစီအင်အားစုများ နှင့် ဒီမိုကရေစီကို ထောက်ခံသည့် နိုင်ငံခြားတိုင်းပြည်များအား တွေဝေသွားစေရန် အတွက် လှည့်စားမှုတခုနှင့်သာ တူသည်ဟု စောဒေးဗစ်တာကပေါကပြောသည်။

“အာဏာသိမ်းထားတဲ့ စစ်အစိုးရကို ပြည်သူတွေကြားထဲမှာ တရားဝင်လို့ ထင်သွားမယ်၊ ဒီရွေးကောက်ပွဲဟာ တဖက်သတ် လုပ်တဲ့ရွေးကောက်ပွဲဖြစ်ပြီး၊ တိုင်းရင်းသားအရေးမပါဘူးဆိုတာကိုထောက်ပြရမယ်”ဟု ၎င်းက ဆိုသည်၊

ပြည်တွင်းရှိ နိုင်ငံရေးအဖွဲ့အစည်းများ ပြည်သူများ၊ ဒီမိုကရေစီအင်အားစုများ ညီညွတ်စွာတိုက်ပွဲဝင်ရန်လိုကြောင်း၊ စစ် အစိုးရပြု လုပ်သည့် အမျိုးသားညီလာခံတွင်လည်း တိုင်းရင်းသားအဖွဲ့အစည်းများ၊ အပစ်ရပ်အဖွဲ့များ တက်ရောက်ခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများ ကို ဆွေးနွေးခဲ့သော်လည်း မှတ်တမ်းတင်သည်ဟုဆိုကာ ပယ်ချခဲ့ကြောင်း၊ ၁၉၇၄ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီဖွဲ့စည်းပုံအား နိုင်ငံရေးသမား တချို့ထောက်ခံပြီး ၂၆နှစ်လုံးလုံး ပူးပေါင်း လုပ်ဆောင်ခဲ့ သော်လည်း မအောင်မြင်ခဲ့မှုကို သင်ခန်းစာယူသင့်ကြောင်း ဦးအေးသာအောင်က ဝေဖန် သုံးသပ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်