“မြေအောက် တော်လှန်ရေး” ဟစ်ပ်ဟော့ပ် သီချင်းခွေ ဖြန့်ချိ

E-mail Print
လူငယ်များ နိုင်ငံရေး နိုးကြားလာရန် လှုံ့ဆော်မည့် “မြေအောက် တော်လှန်ရေး” ဟစ်ပ်ဟော့ပ် သီချင်းများကို မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (GW) က ထုတ်လုပ် ဖြန့်ချိလိုက်သည်။

ရွှေဝါရောင် တော်လှန်ရေး ၂ နှစ်ပြည့်ချိန်တွင် ဖြန့်ဝေနေသည့် ထိုသီချင်းအယ်လ်ဘမ်ကို “မျိုးဆက်လှိုင်း” ဟု အမည်ပေးထားသည်။ တေးသီချင်းများတွင် သံဃာတော်များ အကြမ်းဖက် ခံရမှု အပါအ၀င် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အခြေအနေများကို ထင်ဟပ်ထားကြောင်း၊ ပေါက်ကွဲ သံစဉ်များဖြင့် ရေးစပ်၊ သီဆိုထားကြောင်း GW အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းရန်နိုင်က ပြောသည်။

ယုံကြည်ချက် တူညီသည့် လူငယ်များ တော်လှန်ရေးတွင် လိုက်ပါနိုင်ရန် စည်းရုံးသည့်အနေဖြင့် သီချင်း ၇ ပုဒ် ပါဝင်သည့် သီချင်း စီဒီကို မြန်မာနိုင်ငံ အနှံ့ ဖြန့်ဝေနိုင်ရန် ကြိုးစားမည်ဟု ဆိုသည်။

“Revolution Underground Music (မြေအောက် တော်လှန်ရေး ဂီတ) ပုံစံနဲ့ လူငယ်တွေ ကြားထဲမှာ ဖြန့်တယ်၊ တချို့ကျတော့ လက်ဖက်ရည်ဆိုင်တွေမှာ မသိမoာ ချထားတာ ရှိတယ်၊ အိမ်ခေါင်းလောင်းကြိုးတွေမှာ ချိတ်ခဲ့တာ ရှိတယ်” ဟု ကိုမင်းရန်နိုင်က ဧရာဝတီကို ပြောသည်။

၎င်းတို့အဖွဲ့၏ အင်တာနက်စာမျက်နှာ www.gwave-network.co.cc တွင် ထိုသီချင်းများကို ရယူနိုင်ကြောင်း တွေ့ရသည်။ ပြည်ပနိုင်ငံတချို့တွင်လည်း အဖွဲ့ရန်ပုံငွေရရန် “မျိုးဆက်လှိုင်း” စီဒီကို ရောင်းချနေသည်။

“တဆယ်” အမည်ရ သီချင်းတွင် လာမည့် ၂၀၁၀ ရွေးကောက်ပွဲသည် လူငယ်များကို အကျိုးပေးမည် မဟုတ်ဟု လှောင်ပြောင်ထားသည်။ “မာရ်နတ်အိမ်” မှာ  အာဏာရှင် လက်အောက် ဆင်းရဲ မွဲတေသည့် အမျိုးသမီးငယ်များ ဘဝပျက်ရသဖြင့် မြန်မာနိုင်ငံသည် နတ်ဆိုး၏အိမ်နှင့် ဆင်တူနေကြောင်း ရေးဖွဲ့ထားသည့် သီချင်း ဖြစ်သည်။

“ခွင့်ပြုတော့ မေမေ” သီချင်းတွင် တော်လှန်ရေးထဲသို့ ရောက်ရှိလာသော လူငယ် မောင်နှမများ၏ မိခင်များ ဝမ်းမနည်းဘဲ ဂုဏ်ယူကြရန် ဖွဲ့ဆိုထားသည်။

နိုးထကြလော့၊ တိုက်၊ အခြေအနေများ၊ အမေ ၆၄ ဟု အမည်ပေးထားသည့် သီချင်းများလည်း ပါဝင်သည်။

ဒီမိုကရေစီ ရရှိရေးအတွက် လူငယ်များ၏ အသံနှင့် လှုပ်ရှားမှုသည် ရေလှိုင်းများကဲ့သို့ တလှိုင်းပြီး၊ တလှိုင်း လှုပ်ရှားနေမည် ဟူသော ရည်ရွယ်ချက်ဖြင့် တေးစီးရီးခေါင်းစဉ်ကို “မျိုးဆက်လှိုင်း” ဟု အမည် ပေးထား ခြင်းဖြစ်ကြောင်း ကိုမင်းရန်နိုင်က ပြောသည်။

တေးစီးရီး ဖြစ်မြောက်ရေးအတွက် အသံသွင်းရန် အခက်အခဲ၊  တေးရေး၊ တေးဆိုများ စုစည်းရန် အခက်အခဲတို့ကြောင့် တနှစ်ခန့် အချိန်ယူခဲ့ရသည်ဟု ဆိုသည်။  ပါဝင်သည့် တေးသီချင်းများကို  GW အဖွဲ့ဝင်များက ရေးစပ် သီဆိုထားသည်။

GW အဖွဲ့သည် အဆိုတော် ဇေယျာသော်၏ ဦးဆောင်မှုဖြင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလတွင် ပေါ်ပေါက်လာသည်။ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းတွင် ဇေယျာသော် အပါအဝင် GW အဖွဲ့ဝင်ပေါင်း ၃၀ ခန့်ကို စစ်အစိုးရက ဖမ်းဆီး၊ ထောင်ချထားကြောင်း သိရသည်။

ဇေယျာသော်သည် ဟစ်ပ်ဟော့ပ် ဂီတကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်ခဲ့သော ACID တေးဂီတ အဖွဲ့မှ အဆိုတော် ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်