စစ်အစိုးရနှင့် ၀ တပ်ဖွဲ့ တင်းမာမှု လျော့ပါးလာပြီလော

E-mail Print
စစ်အစိုးရနှင့် ၀ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) ကြားရှိ တင်းမာမှုများ တဖြည်းဖြည်း လျော့ပါးလာနေပြီလောဟု စစ်ရေး၊ နိုင်ငံရေး အကဲခတ်များက မေးခွန်းထုတ်နေ ကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်အစိုးရခေါင်းဆောင်များ တရုတ်ပြည်သို့ သွားရောက်ပြီး မကြာမီ စစ်အစိုးရ နှင့် UWSA သည် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး အတွက် သဘောတူညီချက် ရရှိခဲ့ပြီ ဟူသည့် အတည် မပြုနိုင်သော သတင်းများ ထွက်ပေါ်လာသည်။

စစ်အစိုးရ နှင့် တရုတ် မြန်မာ နယ်စပ် အခြေစိုက် UWSA အကြား တင်းမာမှုများ လျော့ပါးလာသော်လည်း UWSA က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ကို လုံးဝ သဘောတူညီလိုက်ခြင်း မဟုတ်ကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ဆိုသည်။

“အသွင်ပြောင်းရေး အတင်းအကျပ် လုပ်တာကိုတော့ ၀ခေါင်းဆောင်တွေက လက်မခံဘူး၊ တပ် ဖွဲ့စည်းရေး အတွက် တိုးတက်မှုကို တဖြည်းဖြည်းချင်း လုပ်သွားလိမ့်မယ် လို့ ထင်တယ်” ဟု UWSA တပ်မှူးတချို့နှင့် အဆက်အသွယ် ရှိသူ ဦးစိန်ကြည်က ပြောသည်။

ဧပြီလ ၂၈ရက်နေ့တွင် စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်များ အဖြစ် အသွင် ပြောင်းလဲ ဖွဲ့စည်းရန် ညွှန်ကြားထားသည်။ အောက်တိုဘာလကုန် နောက်ဆုံးထားပြီး ဖွဲ့စည်းရန် အချိန်ကာလ သတ်မှတ်ပေးခဲ့သည်။

အသွင်ပြောင်းရေးနှင့် ပတ်သက်ပြီး UWSA က လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရပြီး တက်လာမည် အစိုးရသစ်နှင့်သာ ဆွေးနွေးလိုကြောင်း၊ ဆွေးနွေး၍ ပြေလည်မှု ရလျှင် လက်နက်အပ်ရန် အသင့်ရှိသည်ဟု ၀ ခေါင်းဆောင်များက သူ့အား ပြောကြားဖူးကြောင်း ဦးစိန်ကြည်က ဆိုသည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံအရ တပ် တတပ်တွင် အရာရှိ အဆင့် ၁၈ ဦး၊ တခြားအဆင့် ၃၀၈ ဦး ပါဝင်ပြီး အုပ်ချုပ်မှု၊ တပ်ရေး၊ တပ်ထောက် စသည့် အရေးကြီးသည့် နေရာများ၊ ရုံးတာဝန်များတွင် မြန်မာ့တပ်မတော်မှ အရာရှိ ၃၀ ခန့် ပါဝင်မည် ဟု သိရသည်။

နယ်စပ်ဒေသရှိ လက်နက်ကိုင်အဖွဲ့များအား ကိုင်တွယ်ရာတွင် ညင်သာမှုရှိရန် အိမ်နီးချင်း တရုတ်အစိုးရကလည်း လိုလားနေသည်။

မကြာသေးမီ ရက်ပိုင်းအတွင်း တရုတ်နိုင်ငံ ၀န်ကြီးချုပ် ၀မ်ကျားပေါင်က စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အား နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်မှုကို ထိန်းသိမ်းရန် တရုတ်-အာဆီယံ ဆွေးနွေးပွဲတွင် တိုက်တွန်းခဲ့သည် ဟု ဆင်ဟွာသတင်းတပုဒ်တွင် ဖော်ပြထားသည်။

“မြန်မာအစိုးရ အနေနဲ့ နယ်စပ် ဒေသ တည်ငြိမ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး လုပ်နိုင်လိမ့်မယ် လို့ ထင်ပါတယ်” ဟု တရုတ်နိုင်ငံ ၀န်ကြီးချုပ် ၀မ်ကျားပေါင်က ပြောကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ်က စစ်ကောင်စီ အတွင်းရေးမှုး(၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တရုတ်နိုင်ငံ၊ နန်နင်းမြို့သို့ သွားရောက်စဉ် တရုတ် ဒုတိယ၀န်ကြီးချုပ် li Keqiang က “မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို လေးစားပြီး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို မြန်မာအစိုးရနှင့် မြန်မာပြည်သူများသာ ဖန်တီး တည်ဆောက် နိုင်မည်ဟု ယုံကြည်ကြောင်း” ပြောကြားလိုက်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း တရုတ် စစ်ဘက်ဆိုင်ရာ အရာရှိ တချို့ ရှမ်းပြည်နယ် တန့်ယန်းမြို့သို့ သွားရောက်ပြီး စစ်အစိုးရနှင့် ၀တပ်ဖွဲ့များအကြားရှိ တင်းမာမှုကို ၀င်ရောက် စေ့စပ်ပေးခဲ့သည်။

မြန်မာပြည်အရေး လေ့လာနေသော နယူးယောက် အခြေစိုက် လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်မှုအဖွဲ့ (HRW) မှ ဒေးဗစ် မက်သီဆင်က “အစိုးရကရော ၀တပ်တွေ ဘက်ကပါ ဒီပြဿနာကို ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အဖြေ ရှာနိုင်ရင် ဒေသတွင်း ပြည်သူတွေ အတွက် ကောင်းမွန်တဲ့ အခြေအနေတခုပဲ” ဟု ဆိုသည်။

အကယ်၍ စစ်အစိုးရနှင့် ၀တပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်လာပါက ဒုက္ခသည်ပေါင်း ၂သိန်းခန့် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် နှင့် ချင်းရိုင် ခရိုင်များသို့ ၀င်ရောက်လာနိုင်သည်ဟု မကြာသေးမီက ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီ၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကာကွယ်ရေးဌာနက ဆိုခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒုက္ခသည်ပေါင်း ၃၇၀၀၀ ခန့် တရုတ်နိုင်ငံ အတွင်းသို့ ထွက်ပြေး ၀င်ရောက်ခဲ့သည်။

စစ်အစိုးရ နှင့် ၀တပ်ဖွဲ့များသည် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး နှင့် ပတ်သက်၍ နှစ်ဘက်စလုံးက မူလ သဘောထား အတိုင်း ရှိကြသော်လည်း နည်းဗျူဟာအပိုင်းတွင် ဆွေးနွေးသည့် နည်းလမ်းကဲ့သို့ ပိုမို ပျော့ပြောင်းသည့် လမ်းကြောင်းဘက်သို့ ဦးတည်နေကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

“၀ ခေါင်းဆောင်တွေ မကြာခင် လားရှိုးမှာ ဆွေးနွေးပွဲလုပ်မယ် လို့ ကြားတယ်၊ အတင်းအကျပ် ပြောလိမ့်မယ် မထင်ဘူး” ဟု ၎င်းက ပြောသည်။

ဝတပ်ဖွဲ့များ နှင့် မိုင်းလားတပ်ဖွဲ့များအား ဖိအားပေးလျှင် ထိုအဖွဲ့များက ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA–S ဘက်သို့ ကူးပြောင်းသွားမည်ကို စစ်အစိုးရက စိုးရိမ်လိမ့်မည်ဟု အကဲခတ်များက ခန့်မှန်းကြသည်။

SSA–S သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ထားခြင်း မရှိသည့် လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။ အင်အား ၇၀၀၀ ခန့် ရှိသည်ဟု သိရသည်။

သို့သော် စစ်အစိုးရခေါင်းဆောင်များ ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့သည် ပြင်းထန်သော အမျိုးသားရေး ၀ါဒီများ ဖြစ်သည့် အတွက် ၀တပ်ဖွဲ့များကို သီးခြား တပ်မတော် တခု အဖြစ် တည်ရှိခွင့် ပြုမည်ဟု မထင်ကြောင်း မြန်မာပြည် အကြောင်း အထူးပြု ရေးသားနေသည့် စာနယ်ဇင်းသမား တဦးဖြစ်သူ လာရီဂျေဂင်က သုံးသပ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်