နယ်စပ်ခြံစည်းရိုး ကာရံမှုတွင် ရိုဟင်ဂျာများကို အဓမ္မလုပ်အားပေးခိုင်းစေ

E-mail Print
ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ နှစ်နိုင်ငံ နယ်စပ်တလျောက် ခြံစည်းရိုး ကာရံမှု အတွက် ဒေသခံ ရိုဟင်ဂျာများကို ရခိုင်ပြည်နယ် မောင်းတော မြို့ အခြေစိုက် စစ်တပ်မှ အဓမ္မ ခေါ်ယူ ခိုင်းစေနေကြောင်း သိရသည်။

 “မလုပ်မနေရ ခေါ်သုံးတာ၊ တရွာကို ခွဲတမ်း၂ ယောက် ပေးနေရတယ်”ဟု ဒေသခံတဦးက ပြောသည်။

ယင်းဒေသတွင် အလုပ်သမားတဦး၏ တနေ့အတွက် လုပ်ခသည် ၂၅၀၀ ကျပ်ရှိသော်လည်း စစ်တပ်မှ တရက် လုပ်ခ ၅၀၀ ကျပ်သာပေးပြီး တနေ့လျှင် ခွဲတမ်းဖြင့် လူ ၂၀၀ ခန့် လုပ်ကိုင်နေရသည်ဟု ရိုဟင်ဂျာ အရေး ဆောင်ရွက်နေသည့် Arakan Project မှ ဆက်သွယ်ညှိနှိုင်းရေးမှူး ခရစ္စလေးဝါး ကလည်း ဆိုသည်။  

ထိုဒေသတွင် ရွာ အနည်းငယ်သာရှိသောကြောင့် ဒေသခံများ အနေဖြင့် ၃ ရက်ခန့်တွင် တကြိမ် လုပ်အားပေး နေရပြီး မိမိတို့၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို မလုပ်နိုင်သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက် ပြေးမှုများ ရှိကြောင်းသိရသည်။

“တိုင်းပြည်အကျိုးပြု စေတနာလုပ်အားပေးလို့ ခေါင်းစဉ်တပ်ပြီးတော့ ခိုင်းနေတာ၊ အဓမ္မလုပ်အားပေး မဟုတ်ဘူး လို့ စစ်တပ်က ပြောတယ်”ဟု အထက်ပါဒေသခံက ပြောသည်။

ယခင်က လုပ်အားပေးခိုင်းစေခြင်းများကို တောင်ကုတ်နှင့် အမ်းမြို့နယ်များအတွင်း မှ ပြည်သူများအား ခေါ်ယူ ခိုင်းစေရာ စားဝတ်နေရေးအခက်အခဲကြောင့် ထွက်ပြေးမှု များပြားသည့်အတွက် ဒေသခံများကို ခိုင်းစေခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“အဓမ္မခိုင်းစေမှု ကျင့်သုံးခြင်းသည် တရားမ၀င်ကြောင်း မြန်မာအစိုးရကအမိန့်ထုတ်ပြန် ထားပါတယ်”ဟု အပြည် ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)မှ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ စတိ(ဖ်) မာရှယ်က Bi Weekly Eleven ဂျာနယ်နှင့် တွေ့ဆုံမှု တခုတွင် ပြောဆိုထားသည်။

ထိုနယ်စပ်ဒေသတလျောက် ခြံစည်းရိုးကာရံသည့် စီမံကိန်းကြောင့် ဒေသခံများအနေဖြင့် ပစ္စည်းဥစ္စာဆုံးရှုံးမှုများ ရှိကြောင်း၊ ဒေသအတွင်းရှိ တောင်ပြိုဝေးရွာသည် ခြံစည်းရိုးကာရံမှုနှင့် နီးကပ်သည့်အတွက် ပြောင်းရွှေ့ခံရနိုင် ကြောင်း စစ်တွေမြို့ခံတဦးကလည်းပြောသည်။

“ခြံစည်းရိုးနဲ့ မလွတ်လို့ ဒေသခံတွေ ပုစွန်ကန် ဧက ၂၅၀ လောက် အသိမ်းခံထားရတယ်” ဟု ၎င်းမြို့ခံကပြော သည်။

ယခုအခါ ထိုဒေသတွင် လုံခြုံရေးအတွက် တပ်ရင်း ၅ ရင်းက တာဝန်ယူထားကြောင်း၊ ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း များဖြစ်သည့် ခလရ ၂၃၃၊ ခလရ ၂၃၄၊ ခလရ ၃၄၄ တို့သည် အမြဲတမ်း အခြေစိုက်ထားကြောင်း သိရသည်။

ထိုခြံစည်းရိုးကာရံခြင်းကို ပြီးခဲ့သည့် မတ်လက စတင်ခဲ့ပြီး မိုးတွင်းကာလတွင် ရပ်နားထားခဲ့ရာမှ ပြီးခဲ့သည့် အောက်တိုဘာလ ၃ရက်နေ့တွင် ပြန်လည်စတင်၍ လာမည့် ၂၀၁၀ခုနှစ် အတွင်း အပြီးသတ်နိုင်ရန်အတွက် လုပ်ဆောင်နေကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်သည် ကီလိုမီတာ ၃၂၀ရှည်လျားပြီး နတ်မြစ်တလျောက်သည် မှောင်ခိုကုန်ကူးမှု များ နှင့် ရိုဟင်ဂျာများ တရားမ၀င်ကူးသန်းမှု ပြုလုပ်ရာ လမ်းကြောင်းဖြစ်သည်ဟု သတင်းများတွင် ဖော်ပြထား သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဘဇားမြို့အနီးတွင် ဒုက္ခသည်စခန်း ၂ခုရှိပြီး မှတ်ပုံမတင်ရသေးသည့် ရိုဟင်ဂျာဒုက္ခ သည်ပေါင်း ၄၀၀၀၀၀ ခန့် နေထိုင်သည်ဟု ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး အစီရင်ခံစာများ အရသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်