ဒေါ်အောင်ဆန်းစုကြည်လွတ်ရန် နိုင်ငံရေး အကျဉ်းသားများလည်း မျှော်လင့်

E-mail Print
“အမေ စိတ်မပူနဲ့ မကြာခင် ဒေါ်အောင်ဆန်းစုကြည် လွတ်တော့မှာ”ဟု အကျဉ်းထောင်တွင်းမှ သားက အမှာ စကားပါးလာခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသား တဦး၏ မိခင်ဖြစ်သူက ပြောပြသည်။

မိထ္ထီလာထောင်တွင်း၌ နိုင်ငံရေး ပုဒ်မ ၅(ည)၊ ၅၀၅(ခ)တို့ဖြင့် ပြစ်ဒဏ်ချခံထားရသော ၎င်း၏သားက ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့သည့် အစ်ကိုဖြစ်သူဆီက တဆင့်ပါးလိုက်သော ထိုစကားကို ကြားရသည့်အခါ မျက်ရည် ကျမိသည်ဟုလည်း အသက် ၇၀ ကျော် အရွယ် မိခင်ကဆိုသည်။

“သားက သူလွတ်မှာထက် ဒေါ်အောင်ဆန်းစုကြည်ကို ပိုလွတ်စေချင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကပဲ မြန်မာပြည်ကို ကောင်းအောင်လုပ်ပေးနိုင်မှာလို့ ခဏခဏပြောခဲ့ဖူးတယ်၊ ခုတော့ အပြင်မှာ ရှိတဲ့ ကျမကို တောင် သူကအားတင်းထားဖို့ မှာလိုက်သေးတယ်”ဟု ထိုမိခင်က ပြောသည်။

သားဖြစ်သူ ကိုထွန်းထွန်းဦးမှာ ထောင်ကျနေသော်လည်း ယနေ့အထိ စိတ်ဓာတ်ခိုင်မာလျက်ရှိကြောင်း၊ မိခင် တဦးအနေနှင့် စိတ်မကောင်း ဖြစ်မိသော်လည်း သား၏ ပြည်သူလူထု အပေါ်တွင် စိတ်စေတနာကြီးမှုတို့ကို တွေ့မြင်ရသည့်အတွက် ဂုဏ်ယူမိကြောင်း ၎င်းက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်လွတ်တော့မည်ဟူသောသတင်းများထွက်ပေါ်လာသည့်အတွက် ပြည်သူ အများစုမှာ မျှော်လင့်လျက်ရှိပြီး နယ်အကျဉ်းထောင်များအထိ သတင်းပျံ့လွင့်နေကြောင်းလည်း နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များ က ပြောသည်။

စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ၅(ည)နှင့် ထောင်ကျနေသောခင်ပွန်းသည်ထံသို့ မကြာသေး ခင် ရက်ပိုင်းက ထောင်ဝင်စာသွားတွေ့ပြီး ပြန်လာသူတဦးကလည်း“ကျမလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးတော့မယ်ဆိုတဲ့သတင်းကို ဟိုရောက်မှကြားတာပဲ၊ အဲဒါ အမျိုးသားကို ပြောပြတော့ သူ တော် တော် ၀မ်းသာသွားတယ်၊ အားတက်လာတယ်ပေါ့နော်၊ အဲဒါနဲ့ အိမ်က အကြောင်းတောင် သိပ်မမေးတော့ ဘူး၊ အန်တီ့အကြောင်းနဲ့ အန်အယ်လ်ဒီ ပါတီ အကြောင်းပဲ မေးတယ်၊ နောက်အပြင်မှာရှိတဲ့ သူ့ ရဲဘော်တွေ နေကောင်းရဲ့လားကအစ အကြောင်းစုံအောင်မေးတော့တာပဲ”ဟု ပြောပြသည်။

၃လ တကြိမ်မျှသာ ထောင်ဝင်စာ သွားတွေ့နိုင်သော သူမသည် တကြိမ်သွားတိုင်း ခင်ပွန်းသည်ကြားချင် သော သတင်းများ၊ သိလိုသည်များကို ပြန်ပြောပြနိုင်ရန်အတွက် ခရီးမထွက်ခင် ခင်ပွန်းသည်၏ ရဲဘော် ရဲဘက်များနှင့်တွေ့ဆုံပြီး မေးမြန်းထားရကြောင်း၊ မဂ္ဂဇင်း၊ ဂျာနယ် ဖတ်ခွင့်ရသည့်အတွက် ၀ယ်သွားပေးရ ကြောင်း ပြောပြသည်။

“ရေဒီယိုနားထောင်ခွင့်မရတော့ သတင်းတွေဘာတွေ မကြားရဘူးပေါ့၊ သူက ကျမကိုပြောထားတယ်လေ စားစရာ ပါမလာရင်လည်း နေပါစေ၊ ဆေးဝါး မပါရင်လည်း နေပါစေတဲ့၊ အဲ သတင်းစကားတော့ ပါအောင် ယူခဲ့နော်တဲ့၊ အဲဒီလို မှာထားတော့ ကျမလည်း အဲဒါ သွားတိုင်း သူသိချင်တာလေးတွေကို မှတ်သွားပြီး ပြန်ပြောပြရတယ်၊ သူကအဲဒါလေးတွေနဲ့ နေရှာတာ”ဟု သူမက ပြောသည်။

အကျဉ်းကျခံနေရသူများအနေနှင့် ထိုသတင်းများမှာ အားဆေးများပင် ဖြစ်ကြောင်း၊ မျှော်လင့်ချက်မဲ့၊ အနာဂတ်မဲ့သည်ဟု မည်သည့်အချိန်ကမှ မခံစားခဲ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် သူတို့၏ အနာဂတ်၊ တိုင်းပြည်၏ အနာဂတ်အဖြစ် ယုံကြည်ထားကြကြောင်းလည်း ဆိုသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ကျွေးမွေးသော ထောင်ထမင်းထောင်ဟင်းမှာ လုံးတီးဆန်နှင့် ဆီ အနည်းငယ်မျှပင်မပါသော တာလပေါဟင်းမျှသာဖြစ်ပြီး တပတ်ကို အသား၂ နှပ် ကျွေးကြောင်း၊ အသားဟင်း မှာများသောအားဖြင့် အမဲသားဟင်းဖြစ်ပြီး အမဲသား မစားသူများအား ကြက်ဥ ၁ လုံး ပေး သည်ဟုဆိုသော် လည်း အာဟာရ မပြည့်ဝမှုများနှင့် ကျန်းမာရေး ချွတ်ယွင်းသူများစွာ ရှိကြောင်း သိရသည်။

ကျန်းမာရေးအတွက် ဆေးဝါးကုသမှုမှာလည်း ဆရာဝန်မရှိဘဲ၊ ဆေးမှူးနှင့် ကျန်းမာရေးမှူးများသာရှိပြီး တချို့ ထောင်များတွင် ဆေးမှူးပင်မရှိကြောင်း၊ ဆေးဝါးအခက်အခဲရှိသကဲ့သို့ ဆေးဝါးကုသရေးပိုင်းတွင်လည်း အခက်အခဲရှိသောကြောင့် မိသားစုဝင်များကသာ ဆေးဝယ်သွားရလေ့ရှိကြောင်း အကျဉ်းသား မိသားစုများ က ပြောဆိုသည်။

ယခုအခါ ထို ဒေါ်အောင်ဆန်းစုကြည် လွတ်မည့်သတင်းကြောင့် အကျဉ်းထောင်များအတွင်းရှိ ကျန်းမာရေး မကောင်းသူများသည်ပင်လျှင် စိတ်အားတက်ကြွလာကြသည်ဟု ထောင်ဝင်စာသွား ရောက်တွေ့ဆုံခဲ့သူများ က ပြောသည်။

ဖျာပုံထောင်မှ ဦးရွှေမောင်သည်လည်း အိပ်ရာထဲ ဘုန်းဘုန်းလဲနေသည့်ကြားက ဒေါ်အောင်ဆန်းစုကြည် လွတ်မည့် သတင်းကြားသည့်အတွက် စိတ်အားတက်လာသည်ကိုတွေ့မြင်ရကြောင်း မိသားစုဝင်တဦးက ပြောပြသည်။

“သူရဲ့ကျန်းမာရေးက အရမ်းဆိုးနေပါတယ်။ လက်သည်းတွေလည်း ညိုပြီး စကားလည်းသိပ်မပြောနိုင်ဘူး၊ လမ်းလည်း မလျှောက်နိုင်တော့ဘူး၊ ဆေးလည်း မကုရတော့ ဘုန်းဘုန်းကိုလဲနေတာ၊ အဲဒါ ဒီသတင်းကို လည်း ကြားရော သူ ၀မ်းသာတယ်၊ စိတ်တင်းထားတယ်လို့ ပြောတယ်”ဟု ထိုမိသားစုဝင်က ပြောရင်း မျက်ရည်ကျသည်။

“ကျမတို့တောင်မှ ကြားကြားခြင်း ၀မ်းသာသွားတာပဲ၊ အဲဒီနေ့ကိုပဲ မျှော်လင့်ကြတာလေ၊ သူတို့ထောင်ထဲက လူတွေကတော့ ပိုပြီး မျှော်လင့်ကြမှာပေါ့၊ တချို့ဆို ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးပါဆိုပြီး တခွန်းနှစ်ခွန်း နဲ့တင် ထောင်ထဲရောက်ကုန်ကြတဲ့သူတွေလည်း ရှိတယ်ဆိုတော့လေ၊ အားလုံးကတော့ ဒီသတင်းကို အထူး မျှော်လင့်နေကြတာပဲ”ဟု ရန်ကုန်မြို့ရှိ အန်အယ်လ်ဒီ ဗဟိုအမျိုးသမီးအဖွဲ့မှ အဖွဲ့ဝင်တဦးက ပြောသည်။

နိုင်ငံရေးအသိုင်းအ၀ိုင်းတွင်မက ပြည်သူအများစုကလည်း ထိုသတင်းကြားပြီးနောက်ပိုင်း ဒေါ်အောင်ဆန်း စုကြည် နေအိမ်အနီးဝန်းကျင်တွင် စောင့်ကြိုကြည့်ရှုနေကြကြောင်း သိရသည်။

“သတင်းကြားပြီးကတည်းက တက္ကသိုလ်ရိပ်သာလမ်း ထိပ်နားမှာ လာလာစောင့်ကြည့်တဲ့ သူတွေလည်း ရှိ တယ်၊ ဆရာစံလမ်းထောင့်က လက်ဖက်ရည်ဆိုင်တို့ စားသောက်ဆိုင်တို့မှာ လာထိုင်ကြရင်းနဲ့လည်း အခြေ အနေ လာကြည့်ကြတဲ့ သူတွေရှိတယ်”ဟု တက္ကသိုလ်ရိပ်သာလမ်းတွင် နေထိုင်သူ တဦးက ပြောသည်။

ထိုသတင်းထွက်ပေါ်လာပြီးနောက်ပိုင်း ရက်များတွင် ရန်ကုန်မြို့ခံလူထုမှာ ထိုသတင်းပေါ်ကိုသာ အာရုံစိုက် လျက်ရှိသည်ကိုတွေ့ရပြီး၊ တယောက်နှင့်တယောက် သတင်းမေးချင်း၊ သတင်း ဖလှယ်ချင်းများ ပြုလုပ် လျက်ရှိကြောင်း ပြည်တွင်းသတင်းထောက်တဦးက ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်တော့မယ်ဆိုတဲ့သတင်းကတော့ အားလုံးပြောနေကြတာပဲ၊ လူတိုင်း ဒီ သတင်းပဲ ပြောကြတာပဲ၊ တချို့ကလည်း လွှတ်တော့လွတ်မယ် ကြာဦးမယ်ပေါ့၊ အချို့ကလည်း အမေရိကန် နဲ့ဆက်ဆံရေးကောင်းအောင် ပြောနေတာ၊ တကယ်လွှတ်မှာ မဟုတ်ဘူးပေါ့၊ ဘယ်လိုပဲပြောပြော လူတိုင်း ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်စေချင်နေကြတယ်”ဟု ယင်း ပြည်တွင်း သတင်းထောက်က ဆို သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ပေါင်း ၂ ထောင်ကျော် ရှိနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် အသင်း ၏ ထုတ်ပြန်ချက်အရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်