မြန်မာ ဒုက္ခသည်များ အကြောင်း အခြေခံသည့် အချစ်ဇာတ်လမ်း ရိုက်ကူးပြီးစီး

E-mail Print
မြန်မာနိုင်ငံသား ဒုက္ခသည်များ အကြောင်း အခြေခံထားသည့် အချစ်ဇာတ်လမ်းကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရုပ်ရှင်အဖြစ် ရိုက်ကူး ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။


စီးပွားရေး၊ နိုင်ငံရေး အကျပ်အတည်းနှင့် နယ်စပ်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရသည့် ဒုက္ခသည်များ အကြောင်းအပါအဝင် ၎င်းတို့လမ်းခရီးတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် လူထုအတွက် အလွန်အန္တရာယ် ကြီးမားသည့် မြေမြှုပ် မိုင်းအကြောင်းကို ရိုက်ကူးတင်ပြထားသည်ဟု အဆိုပါဇာတ်ကား၏ ဒါရိုက်တာ ဆွစ်ဇာလန်လူမျိုး စတီဖင်ဟဒ်က ဧရာဝတီကိုပြောသည်။

“လွန်ခဲ့တဲ့ အနှစ် ၂၀ က ကျနော့် အိမ်မှာနေခဲ့တဲ့ ကမ္ဘောဒီယား ကလေးနှစ်ယောက်ရဲ့ ကြမ်းတမ်းတဲ့ ဒုက္ခသည်စခန်း အိမ်မက်ဆိုးတွေကို သိလိုက်ရတာက ပထမဆုံး ဒုက္ခသည်နဲ့ပတ်သက်တဲ့ ကိုယ်တွေ့အဖြစ်အပျက်ပါပဲ။ အဲဒီကနေပြီး  မြန်မာ ဒုက္ခသည်တွေအကြောင်း လေ့လာမိရင်း ရုပ်ရှင်ရိုက်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ၎င်းကဆိုသည်။

ယင်းဇာတ်ကား၏ အမည်ကို ယာယီအားဖြင့် How about Love ဟု အမည်ပေးထားကြောင်း သိရသည်။

ယခုရုပ်ရှင်ကားသည် ဆွစ်ဇာလန်နိုင်ငံသား ဆရာဝန်တဦးနှင့် ဒုက္ခသည်စခန်းမှ ကရင်အမျိုးသမီး တဦး၏ အချစ်ဇာတ် လမ်းကို ဇာတ်အိမ်တည်ကာ မြန်မာနိုင်ငံသား ဒုက္ခသည်များ၏  နေထိုင်ရသည့်အခက်အခဲ ဒုက္ခများကို တင်ပြရိုက်ကူးထား ခြင်းဖြစ်သည်ဟု သိရသည်။

ထိုင်း - မြန်မာနယ်စပ်ဒေသတလျှောက်တွင် တရားဝင်ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်း ၉ ခုရှိပြီး ကရင်ပြည်နယ် အနီးတွင် စခန်း ၆ ခု၊ ကယားပြည်နယ်အနီးတွင် ၂ ခု၊ ရှမ်းပြည်နယ်အနီးတွင် ၁ ခုရှိနေ၍ ဒုက္ခသည် စုစုပေါင်း ၁ သိန်း ၃ သောင်းကျော်ရှိသည်ဟု ယခင်လက ထုတ်ပြန်ခဲ့သော ထိုင်း - မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း (TBBC) ၏ အချက်အလက်များ အရ သိရသည်။

တချို့သော သူများသည် ဒုက္ခသည်ဘ၀ဖြင့် စခန်းအတွင်းနေထိုင်ခဲ့ကြသည်မှာ ၂၅ နှစ်ခန့်ရှိပြီဖြစ်သည်။ ထို စခန်းများ အပြင် တရားမ၀င် ဖွင့်လှစ်ထားသည့် စခန်းပေါင်းများစွာ ရှိသေးသည်ဟုလည်း သိရသည်။

ထို့အပြင် ထွက်ပြေးလာသည့် ဒုက္ခသည်များ လမ်းခရီးတွင် မိုင်းနင်းမိပြီး ကိုယ်ခန္ဓာ ပျက်စီး ဆုံးရှုံးရမှုများနှင့် စခန်းအတွင်း ဆေးဝါးမပြည့်စုံသည့် အခြေအနေတွင် အရေးပေါ် ကုသရပုံများ၊ တိုက်ပွဲများဖြစ်ပွားမှုကြောင့် လမ်းခရီးတွင် ပုန်းအောင်းနေရသည့် အခက်အခဲဒုက္ခများ၊ ကရင်ရွာသားများအား စစ်အစိုးရတပ်များက အထမ်းသမား (ပေါ်တာ) များ အဖြစ် ခိုင်းစေပုံ၊ ရွာသားများ ပင်ပန်းသည်ဟု ညည်းညူမိသည့်အတွက် နှိပ်စက်ခံရပုံ၊ သတ်ဖြတ်ခံရပုံများကို ထည့်သွင်း ရိုက်ပြထားသည် ဟု ဒါရိုက်တာ စတီဖင်ဟဒ်က ပြောသည်။

ယင်းရုပ်ရှင်တွင် ဒုက္ခသည်စခန်း ကော်မတီလူကြီးအဖြစ် သရုပ်ဆောင်ခဲ့သည့် ဦးသိန်းဝင်းကလည်း “မိုင်းထိလာတဲ့ လူနာ တွေကို အရေးပေါ်အခြေအနေမှာ ခွဲစိတ်ကုသမှု ခံယူနိုင်အောင် ထိုင်းအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်၊ လူသားချင်းစာနာတဲ့ အကူအညီ တွေပေးဖို့အတွက် လှုံ့ဆော်ထားတဲ့ ရည်ရွယ်ချက်တွေပါတယ်” ဟု ၎င်းကဆိုသည်။

ဦးသိန်းဝင်းသည် ဧရာဝတီတိုင်း ရေကြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ စည်းရုံးရေးမှူးတဦးဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် ထိုင်း - မြန်မာနယ်စပ်သို့ရောက်ရှိလာကာ တနသာင်္ရီတိုင်း ရေးချောင်းဖျားရှိ ဗိုလ်မှူးကြီးစိန်မြ ဦးဆောင်သည့် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) တွင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယခုအခါ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ ပညာရေးအတွက် ဆောင်ရွက်နေသူဖြစ်သည်။

ဦးသိန်းဝင်းသည် မကြာသေးခင်က ၂၀၀၉ ခုနှစ်အတွက် အော်စကာဆု ဆန်ခါတင်အဆင့် ရွေးချယ်ခံရသည့် ၂၀၀၇ ခုနှစ် သံဃာတော်များ ဆန္ဒပြခဲ့သည့်  ရွှေဝါရောင် တော်လှန်ရေးကို ရိုက်ကူးထားသော “Burma VJ” ရုပ်ရှင်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

အဆိုပါရုပ်ရှင်ကားကို ဆွစ်ဇာလန်နိုင်ငံမှ ကုမ္ပဏီ တခုနှင့် ဂျာမနီနိုင်ငံမှ ရုပ်ရှင်ကုမ္ပဏီတို့ ပူးပေါင်းပြီး ရိုက်ကူးခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ သန်း အကုန်အကျခံထားကြောင်းသိရသည်။

ထိုသို့ရိုက်ကူးရာတွင် ဒုက္ခသည်စခန်းအဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့အနီးရှိ ကရင်ရွာတရွာတွင် ရိုက်ကူးခဲ့ပြီး တချို့သော ဇာတ်ဝင်ခန်းများကို ဆွစ်ဇာလန်နိုင်ငံတွင် ရိုက်ကူးကြောင်း သိရသည်။

ထိုရုပ်ရှင်၌ ပါဝင်သည့် သရုပ်ဆောင်များကို ရွေးချယ်ရာတွင် အဓိက ဇာတ်လမ်း သရုပ်ဆောင်များဖြစ်သည့် မင်းသမီး နေရာတွင် ထိုင်းနာမည်ကြီး ရုပ်ရှင်မင်းသမီးတဦးအား ရွေးချယ်ထားသော်လည်း၊ နောက်ပိုင်းတွင် ဇာတ်လမ်းနှင့် ပိုမိုလိုက်ဖက်သည့် ရှမ်းအမျိုးသမီး သရုပ်ဆောင်ကို ရရှိခဲ့သည်ဟု ဒါရိုက်တာ စတီဖင်ဟဒ်က ပြောသည်။

“ဒီသရုပ်ဆောင်တွေ အားလုံးကို နှလုံးသားနဲ့ ရွေးချယ်ခဲ့တာပါ” ဟု ၎င်းကဆိုသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက ထိုင်းနိုင်ငံသို့လာရောက်ကာ တချို့သရုပ်ဆောင်များကို ရွေးချယ်ခဲ့ပြီး မိုင်းထိသည့် လူနာ ကလေးငယ်အဖြစ် ၁၂ နှစ်သားအရွယ် ထိုင်းကျောင်းသား တဦးက သရုပ်ဆောင်ထားသည်ဟုသိရသည်။

ဒါရိုက်တာ စတီဖင်ဟဒ်က “လူတိုင်းမှာ ကွဲပြားခြားနားတဲ့ အမြင်တွေ ရှိတဲ့အတွက် ယခုရုပ်ရှင်ကို ကြည့်ပြီးတဲ့အချိန်မှာ တဦးနဲ့တဦး မတူညီတဲ့ အမြင်တွေနဲ့ ဒီရုပ်ရှင်ရဲ့ အနှစ်သာရကို ခံစားနိုင်ကြမှာပါ” ဟု ဆိုသည်။

နယ်စပ်ဒေသရှိ ဒုက္ခသည်များ အကြောင်းကို ရုပ်ရှင် ရိုက်ကူးပြီး ကမ္ဘာကိုတင်ပြသကဲ့သို့ မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်း အိုးအိမ်မဲ့  ဒုက္ခသည်များ ဘ၀နှင့် ထိုင်းနိုင်ငံအတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် နေထိုင်ပြီး အလုပ် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ၏ ပင်ပန်းဆင်းရဲစွာ၊ အန္တရာယ်များစွာဖြင့် လုပ်ကိုင်စားသောက်နေရသည့် ဘ၀များကိုလည်း ကမ္ဘာကသိအောင် ရိုက်ကူးစေချင်ကြောင်း သရုပ်ဆောင်ခဲ့သူ ဦးသိန်းဝင်းက ပြောသည်။

ထို့အပြင် ဒါရိုက်တာ စတီဖင်ဟဒ်သည် ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်၌ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးဒုက္ခသည်များ အကြောင်း ရိုက်ကူးထားသည့် ဇာတ်လမ်းဖြင့် ဆုရရှိထားသူဖြစ်သည့် အတွက် ဤရုပ်ရှင်ကိုလည်း နိုင်ငံတကာရုပ်ရှင်ဆု မျှော်လင့်ထားသည်ဟု ဆိုသည်။

ဒါရိုက်တာ စတီဖင်ဟဒ်သည် ၁၉၆၁ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့တွင် မွေးဖွားခဲ့ပြီး ၁၉၈၅ မှ ၁၉၈၈ ခုနှစ်အထိ ဇူးရစ်မြို့ရှိ ရုပ်ရှင်ပညာသင်တန်းကျောင်းတွင် ရုပ်ရှင်ပညာသင်ကြားခဲ့သည်။ ထို့နောက် ရုပ်ရှင်ကားများကို ရိုက်ကူးခဲ့ရာ ၂၀၀၂ ခုနှစ်တွင် “Utopia Blues” ရုပ်ရှင်ကားဖြင့် အကောင်းဆုံး ဆွစ်ဇာလန်ရုပ်ရှင်ဆု ရရှိခဲ့ပြီး ၂၀၀၈ ခုနှစ်မှ စတင်၍ ယနေ့အထိ ဆွစ်ဇာလန် ရုပ်ရှင်ထုတ်လုပ်သူများ အသင်း၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။

၂၀၀၈ ခုနှစ်က ပြသခဲ့သည့် နာမည်ကြီး သရုပ်ဆောင် Sylvester Stallone (ရမ်ဘို) ပါဝင်သရုပ်ဆောင်ထားသော မြန်မာပြည် နယ်စပ်ဒေသများ အပေါ် မြန်မာစစ်တပ်၏ ဖိနှိပ်မှုများကို အခြေခံ ရိုက်ကူးတင်ဆက်ထားသည့်  Rambo IV ရုပ်ရှင်ကားသည် ပရိသတ်များ အကြား ရေပန်းစားခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်