မြန်မာပြည်မှ ရာဇဝတ်မှုများကို စုံစမ်းရန် ကုလကို တောင်းဆို

E-mail Print
မြန်မာအစိုးရ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စစ်ဆေးနိုင်ရေး အတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ လွှတ်တော် ကိုယ်စားလှယ်များက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကြာသပတေးနေ့က တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံသို့ နိုင်ငံတကာ လက်နက်တင်ပို့မှုများ ရပ်ဆိုင်းနိုင်ရေးကိုလည်း အကောင်အထည် ဖော်ရန် တိုက်တွန်းလိုက်သည်။

ထိုတောင်းဆိုချက်များနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း၏ ရုံးမှ လည်းကောင်း၊
အလှည့်ကျ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌထံမှ လည်းကောင်း တုံ့ပြန်ချက်များ မရှိသေးပေ။ ယခုလအတွက် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ တာဝန်ယူထားသူမှာ အာဖရိကနိုင်ငံတခုဖြစ်သည့် ဘာကီနာဖာဆိုမှ သံအမတ်ကြီး မစ္စတာ မိုက်ကယ် ကာဖန်ဒို ဖြစ်သည်။

ကုလသမဂ္ဂဆိုင်ရာ  အမေရိကန် သံအမတ်ကြီး မစ္စ ဆူဇန်ရိုက်စ်က အမေရိကန် အစိုးရ အနေဖြင့် ထိုတောင်းဆိုမှုများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂတွင် ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု သတင်းထောက်များကို ပြောသည်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်သည့် လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင်လည်း ဆက်လက် ဆွေးနွေးသွားမည်ဟု ဆိုသည်။ ဖြစ်နိုင်ချေရှိသည့် အရေးယူ ဆောင်ရွက်မှုများအကြောင်းကို ဆွေးနွေးမည်ဟု ဆိုသည်။

စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရန် လုံခြုံရေးကောင်စီသို့ ပေးပို့သည့် တောင်းဆိုမှုကို လက်မှတ်ထိုးထားသည့် နိုင်ငံတကာမှ လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၄၄၂ ဦးရှိသည်။ ယမန်နေ့က ကျရောက်သည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ထိုတောင်းဆိုစာ ဖြစ်မြောက်ရေးအတွက် ကမကထပြုသူများမှာ ဂျပန်နိုင်ငံ အာဏာရပါတီဖြစ်သော ဒီမိုကရက်တစ် ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး ဖြစ်သည့် မစ္စတာ အာဇူးမား ခွန်နို နှင့် မစ္စတာ တာဒါရှီ အီနူဇူကာ တို့ ဖြစ်သည်။

တောင်းဆိုစာထဲတွင် မြန်မာ အစိုးရက မြန်မာပြည်သူလူထုအပေါ် တိုက်ခိုက် သတ်ဖြတ်မှုများကို ဆယ်စုနှစ်များစွာ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည်။ ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးများတွင် ထည့်သွင်း ဆွေးနွေးရန် လုံခြုံရေးကောင်စီကို တိုက်တွန်းထားသည်။

ထိုတောင်းဆိုချက်နှင့် စပ်လျဉ်း၍ အမေရိကန် အောက်လွှတ်တော်အမတ် တဦးဖြစ်သူ မစ္စတာ ဂျိုးဇက်ပစ်က ကြေညာချက် တစောင် ထုတ်ပြန်ထားသည်။

“နိုင်ငံတကာက မြန်မာနိုင်ငံကို စောင့်ကြည့်နေကြောင်း ဤတောင်းဆိုစာက ပြသနေသည်။ စစ်အစိုးရက ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး အာရုံစိုက်မှုများ ရရှိစေရန် ကျွန်ုပ်တို့က ဆက်လက် တောင်းဆိုသွားမည် ဖြစ်သည်” ဟု သူ၏  ကြေညာချက်တွင် ဖော်ပြထားသည်။

“ကျေးရွာများကို ဖျက်ဆီးခြင်း၊ တိုင်းရင်းသားများအား သတ်ဖြတ်နေခြင်းတို့ကို ရပ်ဆိုင်းရမည် ဖြစ်သည်” ဟု ကြေညာချက်က ဆိုသည်။

“ကမ္ဘာအနှံ့အပြားမှ အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် အများအပြားနှင့် အတူတကွ ရပ်တည်ပြီး မြန်မာပြည်သူတို့၏ လူ့အခွင့်အရေးကို လေးစားရေး၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် စစ်အစိုးရအား တောင်းဆိုရသည့်အတွက် ဂုဏ်ယူမိပါသည်” ဟုလည်း သူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ် ဇွန်လကလည်း အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဗြိတိန်နိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်များကလည်း အလားတူ တောင်းဆိုစာတစောင်ကို တင်သွင်းခဲ့ဖူးသည်။

ထိုသို့ တောင်းဆိုစဉ်က လွှတ်တော်ကိုယ်စားလှယ် ၅၅ ဦး ပါဝင်ခဲ့သည်။ ၎င်းတို့က အမေရိကန် သမ္မတ မစ္စတာ အိုဘားမားကို မြန်မာပြည်မှ ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး စုံစမ်းရေး ကော်မရှင် ပေါ်ပေါက်ရေးအတွက် ကုလသမဂ္ဂသို့ မေတ္တာရပ်ခံပေးရန် တိုက်တွန်းထားခြင်း ဖြစ်သည်။

မြန်မာအစိုးရက ထိုလှုပ်ရှား တောင်းဆိုမှုများနှင့် ပတ်သက်ပြီး တရားဝင် တုံ့ပြန်ခြင်း မရှိသေးပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်