ခိုးကူးခွေရောင်းလျှင် ငွေဒဏ်ဖြင့်မရ၊ ထောင်ပါချမည်

E-mail Print
ယခုနှစ်မှ စ၍ မြန်မာ ခိုးကူးခွေနှင့် ဆင်ဆာမဲ့ဗီစီဒီများ ရောင်းချလျှင် ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ ချမှတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဗီဒီယို အခြေခံအဖွဲ့က တရားဝင် သတင်းထုတ်ပြန်ထားသည်။

ယခင်က မြန်မာဗီဒီယိုဇာတ်လမ်းများ တရားမဝင် ခိုးကူးရောင်းချနေခြင်းကို စစ်ဆေးတွေ့ရှိပါက ပစ္စည်းသိမ်း၊ ဒဏ်ငွေရိုက်ခြင်း စသည်ဖြင့် အရေးယူခဲ့သော်လည်း ခိုးကူးခွေထုတ်လုပ်သူများမှာ ပပျောက်မသွားဘဲ ယခင်ထက် ပိုမိုများပြားလာ၍ ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်သည်အထိ အရေးယူရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့၏ တာဝန်ရှိသူတဦးက ပြောသည်။

“အရင်ကထက် တင်းတင်းကျပ်ကျပ် လုပ်ဖို့ အစီအစဉ်တွေရှိပါတယ်။ ခိုးကူးခွေတွေကြောင့် မြန်မာဗီဒီယို ဈေးကွက် အပျက် မခံချင်ဘူး” ဟု ၎င်းကဆိုသည်။

ယခင်နှစ်များက အရေးယူခဲ့ရာတွင် အမြင့်ဆုံးဒဏ်ငွေ ကျပ် ၁ သိန်းအထိသာ ပေးဆောင်ခဲ့ရကြောင်း ရန်ကုန် ဆူးလေ လမ်းမပေါ်တွင် ခိုးကူးခွေများနှင့် ဆင်ဆာမဲ့ နိုင်ငံခြား ဇာတ်လမ်းခွေများ ရောင်းချနေသူ တဦးကပြောသည်။

“ဒီနှစ်ကစပြီး ငွေဒဏ်နဲ့မရတော့ ဘူး၊ ထောင်ချမယ်လို့ ပြောနေတယ်။ ကျနော်တို့က ရဲကိုလည်း လိုင်းကြေးပေးရသေးတယ်ဗျ” ဟု သူကဆိုသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဇွန်လကလည်း အဆိုတော်လေးဖြူ၏ တကိုယ်တော် စီးရီး ‘ဘင်္ဂလားပင်လယ်အော်’ ဗီစီဒီ ခိုးကူးခွေများ ထွက်ရှိလာရာ ရန်ကုန် ခိုးကူးခွေ အဓိကဈေးကွက်ဖြစ်သည့် ယုဇနပလာဇာ မြေညီထပ်သို့ ၀င်ရောက်ရှာဖွေ ဖမ်းဆီးမှုများ ပြင်းပြင်း ထန်ထန် ပြုလုပ်ခဲ့သည်။

ဗီဒီယို ဆင်ဆာလက်မှတ်နှင့် ခွင့်ပြုချက် အမှတ်စဉ် မပါရှိသည့် ဗီဒီယိုတိပ်ခွေ၊ ရုပ်ပုံနှင့် အသံကို ရိုက်ကူး ထည့်သွင်းထားသော တိပ်ခွေ၊ လေဆာပြား သို့မဟုတ် အလားတူပစ္စည်းကိရိယာကို စီးပွားရေးအလို့ငှာ ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ပြသခြင်း များပြုလုပ် ကျူးလွန်ပါက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၈/၉၆) ဖြင့်ထုတ်ပြန်ထားသော ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ ပုဒ်မ၃၂၊ ပုဒ်မ ၃၃ အရထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း ဗီဒီယို အခြေခံအဖွဲ့က ကြေညာထားသည်။

ခိုးကူးခွေဈေးကွက်အတွင်း မြန်မာဗီဒီယိုဇာတ်ကားများ ရောက်ရှိလာခြင်းမှာ  ထုတ်လုပ်သူထံ ပေးရသောစရိတ်၊ RC (မူပိုင်) ကြေး မြင့်တက်နေသောကြောင့် ဖြစ်သည်ဟု ပုဇွန်တောင်မြို့နယ်တွင် အခွေဆိုင် ဖွင့်ထားသူ တဦးကဆိုသည်။

“RC ကြေးက အခုနာမည်ကြီးနေတဲ့ မင်းသား ပြေတီဦး ဆိုရင် ဈေးတမျိုး၊ နာမည်မရတဲ့ မင်းသားတွေဆိုဈေးတမျိုး မတူဘူး။ RC ကြေးက ဘယ်ကားဖြစ်ဖြစ်ပေးရတာ” ဟုအခွေဆိုင် ဖွင့်ထားသူကပြောသည်။

မြန်မာ ဗီဒီယို ဇာတ်ကားဝယ်ယူသူများက RC ကြေးပေးသွင်းလိုက်လျှင် ထုတ်လုပ်ဖြန့်ချိရေးက ဆင်ဆာခွင့်ပြုချက် ပါရှိသော တံဆိပ် အမှတ်အသားကို အခွေအပေါ်တွင် ကပ်နှိပ်ပေးလိုက်သည်။ ထိုသို့ ဆင်ဆာတံဆိပ် ကပ်နှိပ်ထားမှသာ တရားဝင် အခွေအဖြစ် သတ်မှတ်ပြီး တံဆိပ်ကပ်နှိပ်ခြင်းမရှိပါက ဆင်ဆာမဲ့ အခွေအဖြစ်သတ်မှတ်သည်။

RC ကြေးပေးရသော အခွေများကို ကျပ် ၂၀၀၀ မှ ၃၀၀၀ အထိ ပေး၍ ဝယ်ယူနေကြရသဖြင့် ခိုးကူးခွေဈေးထက် ၄ ဆ၊ ၅ ဆ များသည်။

အခွေငှားဆိုင် ဖွင့်လှစ်ထားသူများသည် တနှစ်လျှင် RC ကြေးပေးဆောင်ကာ အခွေ ၂၀၀ အနည်းဆုံး ဝယ်ယူရမည်ဟူသည့် သတ်မှတ်ချက်များ ရှိသည်။

“RC ကြေးက ထုတ်လုပ်သူကို သက်သက် ပေးရတာဗျ။ ဈေးက အရမ်းကွာတော့ ဇာတ်လမ်းမကောင်းရင်  အပြင်မှာ ခိုးကူးခွေဝယ်ပြီး ဆင်ဆာကတ်လေးတွေ ကိုယ့်ဘာသာ ဝယ်ကပ်ကြတယ်။ ဆင်ဆာကတ်က အပြင်မှာလိုသလောက် ရတယ်။ ရောင်းတာလည်း ဗီဒီယို အခြေခံအဖွဲ့နဲ့ ပတ်သက်တဲ့ လူတွေပဲ” ဟု သန်လျင်မြို့မှ အခွေငှား ဆိုင်ရှင်တဦးကပြောသည်။

လက်ရှိခိုးကူးခွေ ဈေးကွက်အတွင်း မြန်မာဗီဒီယို ဇာတ်လမ်းများထက် ကိုရီးယား ဇာတ်လမ်းများ၊ ဟောလိဝုဒ် ဇာတ်လမ်းများကို အဓိကထား ဝယ်ယူ ကြည့်ရှုနေကြသည်ဟု ဆူးလေဘုရား လမ်းပေါ်မှ ခိုးကူးခွေရောင်းချသူများက ဆိုသည်။

မြန်မာဗီဒီယို ဇာတ်လမ်းကြည့်ရှုသူ နည်းပါးသွားခြင်းမှာ ဇာတ်လမ်းတခု၏ ကုန်ကျစရိတ်ကို ချွေတာသည့်အနေဖြင့် တပတ်အတွင်းရိုက်ကူးခြင်း၊ ဇာတ်လမ်း ဇာတ်ကွက်များမှာ ယခင်ထွက်ရှိပြီး အခွေများနှင့် ဆင်တူနေခြင်းတို့ကြောင့် ဖြစ်ကြောင်း ထုတ်လုပ်သူတဦးက ပြောသည်။

ယခုနောက်ပိုင်းတွင် မြန်မာစာတန်းထိုးထားသည့် ဟောလိဝုဒ်ဇာတ်လမ်း DVD အခွေများ၊ ကိုရီးယားဇာတ်လမ်းတွဲများ ကိုသာ အကြည့်များနေကြသည်။ ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကားများမှာ ပြည်ပနိုင်ငံများတွင် ရုံတင်ပြီးတပတ်အတွင်း ကျပ် ၅၀၀ ဖြင့် ၀ယ်ယူကြည့်ရှုနိုင်ပြီး ကိုရီးယားဇာတ်လမ်းတွဲများမှာ အပိုင်းတပိုင်းလျှင် ၅၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်သောကြောင့် မြန်မာ ဇာတ်လမ်းတွဲများကို စိတ်ဝင် စားမှုမရှိတော့ကြောင်း သိရသည်။

“အခွေတွေက မြို့ထဲမှာကြိုက်သလိုရနေတာ၊ ရုပ်မြင်သံကြားမှာ ဒီနေ့ပြတယ် နောက်နေ့ အခွေဆိုင်မှာ မြန်မာ စာတန်းထိုးနဲ့ ရတယ်။ တခွေမှ လေး၊ ငါးရာနဲ့ ဝယ်ကြည့်လို့အဆင်ပြေတယ်။ ဇာတ်လမ်းကလည်း ထပ်တယ်ဆိုတာ မရှိဘူး” ဟု ခိုးကူးခွေ ပုံမှန်ဝယ်ယူကြည့်ရှုသူ တဦးက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်