သံဃာကို နောက်ပြောင်သည့် သီချင်းကြောင့် ဒါရိုက်တာတောင်းပန်ရ

E-mail Print
“ဦးပဉ္ဇင်း ကြီးတောင် ငိုနေပြီကွာ ... မင်းထဘီလေးဟာ သူရဲ့ ခေါင်းပေါ်မှာ” ဟူသော စာသား ပါရှိသည့် ဗီဒီယိုဇာတ်ဝင် သီချင်းကြောင့် အဆိုပါ ဇာတ်ကား ရိုက်ကူးသည့် ဒါရိုက်တာက မူလ သီချင်းပိုင်ရှင်အား အနုပညာ နစ်နာကြေးနှင့် အတူ တောင်းပန် ခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ ပြန်လည် ဖျက်ဆိုထားသည့် တေးသီချင်း၏ မူရင်းမှာ ၁၉၈၀ ၀န်းကျင်ခန့်က အဆိုတော် စိုးလွင်လွင်၏ မာနမျက်နှာ စီးရီးပါ “ဂန္ထ၀င် ဆည်းဆာ” ဟူသော ကိုယ်ပိုင် သံစဉ် သီချင်းဖြစ်ပြီး နောက်ပိုင်းတွင် R-ဇာနည် ပြန်လည် သီဆိုကာ ထပ်မံ ရေပန်းစား လာသည့် သီချင်း တပုဒ်လည်း ဖြစ်သည်။

၎င်းသီချင်း၏ မူလစာသားဖြစ်သော “စမ်းချောင်း လေးတွေတောင် ငိုနေပြီကွာ မင်းဆံပင်လေးတွေ သိပ်လှတဲ့ အရှိန်အ၀ါ” ဟူသော စာသားကို ဖျက်၍ သီဆိုထားသည့် သီချင်းကို မကြာသေးမီကမှ ထွက်ရှိထားသည့် “ဒယ်ဒီဘိုးဘိုး” ဗီဒီယိုဇာတ်ကားတွင် သရုပ်ဆောင် လူမင်းက မြေးဖြစ်သူအား ကိုယ်တိုင် သီဆို၍ ချော့သိပ်သည့် ဇာတ်ဝင်ခန်းတွင် ထည့်သွင်း အသုံးပြုထားခြင်း ဖြစ်သည်။

“သီချင်းကို ခွင့်မတောင်းဘဲ ဖျက်ပစ်လိုက်တယ်။ အမှန်ကတော့ မဖြစ်သင့်ဘူး။ ကျနော့်ကို ပြောပြီးမှသုံးသင့်တယ်။ သုံးထားတဲ့    နေရာမှာလည်း ရယ်စရာအဖြစ် လွန်လွန် ကြူးကြူး ပြက်ရယ် ပြုထားတဲ့အတွက် ကျနော့်အနေနဲ့ အများကြီး နစ်နာတယ်” ဟု  မူလ တေးသီချင်းကို ရေးသားသူ တေးရေး ညီညီစံက ဧရာဝတီကို ပြောသည်။

ဒယ်ဒီဘိုးဘိုး ဇာတ်ကားကို ရိုက်ကူးသည့် ဒါရိုက်တာမှာ အကယ်ဒမီ ညီညီထွန်းလွင်ဖြစ်ပြီး မူလတေးစာသားကို ဖျက်၍ သီဆိုထားသည့် သီချင်းကို အသုံးပြုရေးသားထားသူမှာ လက်ထောက်ဒါရိုက်တာ သြရသ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ သီချင်းပိုင်ရှင် တေးရေး ညီညီစံအား အနုပညာနစ်နာကြေးအဖြစ် ကျပ် ၂ သိန်းပေးကာ မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာများနှင့် အလင်းတန်း ဂျာနယ်တွင် မတ်လ ၈ ရက်နေ့မတိုင်မီ တပတ်အတွင်း ဂုဏ်သိက္ခာထိခိုက်မှုအတွက် တောင်းပန်စာထည့်ထားကြောင်း လက်ထောက်ဒါရိုက်တာ သြရသ ကဧရာဝတီကိုပြောသည်။

“ရပ်ကွက်ထဲမှာ ကလေးတွေနောက်ပြောင် ဆိုနေတာကို ကြားပြီး ကျနော်တို့ဇာတ်ကားကလည်း ဟာသကားဖြစ်နေတော့ အဲ့ဒါလေးကို ဟာသအနေနဲ့ သုံးလိုက်တာပါ။ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒလည်းမရှိပါဘူး” ဟု သူကဆိုသည်။

၎င်းသီချင်း စာသားနှင့်ပတ်သက်၍ ဇာတ်ကားကိုကြည့်ရှုခဲ့သော ပရိသတ်တဦးက သံဃာများကို မလေးမစား လှောင်ပြောင် သီဆိုထားခြင်းမှာ မဖြစ်သင့်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီမှာက သိတဲ့အတိုင်းပဲ ဘုန်းကြီးနဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာတွေက ဘာလေးပဲဖြစ်ဖြစ် မခံနိုင်ကြဘူး။ သူတို့မို့လို့ ဖျက်ပြီး ဆိုရက်တယ်။ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီးမလုပ်သင့်ပါဘူး။ တခြားဘာသာဝင်တွေ သိတော့လည်း မကောင်းဘူးပေါ့” ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတဦးက ဆိုသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်က တေးရေးစောခူဆဲ ရေးသားသည့် “စည်းလုံးခြင်းအတွက်သီချင်းတပုဒ်" ဟူသော နိုင်ငံတော် အကျိုးပြု တေးသီချင်းကို ရတနာသိန်းထိုက်အောင် ထီဆိုင်က ထီဆိုင်ကြော်ငြာ သီချင်းအဖြစ် တေးရေးဆရာ၏ခွင့်ပြုချက်မပါဘဲ သုံးစွဲထားခြင်းနှင့် ပတ်သက်၍ သတင်းစာများ ဂျာနယ်များမှတဆင့် သီချင်းပိုင်ရှင်ကို ပြန်လည်တောင်းပန်ခဲ့ရခြင်းများ ရှိခဲ့သည်။

ယင်းကဲ့သို့ တေးသီချင်းများကို တေးရေးဆရာများထံမှ ခွင့်ပြုချက်မတောင်းခံဘဲ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများနှင့် တခြား နေရာများတွင် ထည့်သွင်းအသုံးပြုထားသည့် ပြဿနာများမကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိကြောင်းလည်း သိရသည်။

“သီချင်းတွေကိုယူသုံးပြီး တေးရေးတွေကိုမပြောတဲ့ သာဓကတွေ အများကြီးရှိခဲ့တယ်။ နောက် ကိုယ်ပိုင်သံစဉ်တွေကို ယူသုံးတဲ့နေရာမှာလည်း သတိထားပြီးသုံးသင့်ပါတယ်။ အဓိကကတော့ ခွင့်ပြုချက်တောင်းဖို့ပါပဲ။ တေးရေးဆရာကို လေးစားတဲ့ အနေနဲ့ပေါ့။ ကိုယ်ပိုင်သံစဉ် သီချင်းတပုဒ်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး” ဟု တေးရေး ညီညီစံက ဧရာဝတီကို ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်