အမြင်မလျော်သည့် စုံတွဲများကိုအရေးယူလျှင် အန္တရာယ်များနိုင်ဟုဆို

E-mail Print
လူမြင်ကွင်းတွင် အမြင်မလျော်စွာ ပြုမူနေထိုင်ကြသည့် စုံတွဲများကို သက်ဆိုင်ရာက အရေးယူသွားမည်ဆိုသည့် အတွက် ခြိမ်းခြောက်မှု၊ ငွေညှစ်မှု စသည့် အန္တရာယ်များဖြင့် ကြုံတွေ့လာနိုင်ကြောင်း ရန်ကုန်မြို့ခံများက ဝေဖန်ပြောဆိုကြသည်။

ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်အပါအဝင် လူအများနှင့်သက်ဆိုင်သော နေရာများတွင် အမြင် မလျော်စွာ နေထိုင်သည့် စုံတွဲများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ပထမ အကြိမ်ဓာတ်ပုံရိုက်၊ ခေါ်ယူမေးမြန်း၍ မိဘများထံသို့ ဓာတ်ပုံများပေးပို့သွားမည်ဖြစ်ကာ ဒုတိယအကြိမ် ထပ်မံ တွေ့ရှိပါက ဓာတ်ပုံများကို ဂျာနယ်နှင့် မဂ္ဂဇင်းတို့တွင် ဖော်ပြသည်အထိ အရေးယူမည်ဟု ယခင်တပတ်ထုတ် Weekly Eleven ဂျာနယ်တွင်ရေးသားထားသည်။

coupleရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာချုပ်တဦးက “ဖမ်းမယ် ဆိုတဲ့သူတွေကိုရော ဘယ်လောက်အထိ ယုံလို့ရမှာလဲ။ သူတို့က ကာယကံရှင် မိန်းကလေးကို မှတ်တမ်းတင်ထားပြီး ခြိမ်းခြောက်ငွေညှစ်တာ မျိုးတွေ၊ ဒါကိုအကြောင်းပြပြီး မတော် မတရား ရယူတာမျိုးတွေ ဖြစ်မလာဘူးလို့ မပြောနိုင်ဘူး” ဟု ဆိုသည်။

ကာယကံရှင် လူငယ်စုံတွဲများအနေဖြင့် ကြောက်လန့်ကာ အချိန်မတန်ခင် အိမ်ထောင်ကျသွားနိုင်သည့် အနေအထားများ ဖြစ်ပေါ်လာနိုင်သကဲ့သို့ သတ်မှတ်ထားသည့် နေရာတွင်သာ ရှောင်ရှားပြီး တည်းခိုခန်း အစရှိသည့် တခြား နေရာများသို့ သွားရောက် လာနိုင်ကြောင်း၊ အဆိုပါကိစ္စရပ်အား အရေးယူသည်အထိ မဖြစ်သင့်ကြောင်း သူက ဆက်ပြောသည်။

“ရွှေတိဂုံဘုရား သွေးဆေးကန်နားမှာ အတွဲတတွဲလက်ချင်းချိတ်ပြီး လာတာကို အစောင့်က မှောင်ရိပ်ခိုလို့အရေးယူမယ်ဆိုပြီး ငွေညှစ်တယ်။ အဲဒီတော့ ငါတို့လင်မယားတွေ လက်ချင်းချိတ်ပြီးလာတာ ဘာဖြစ်လဲလို့ပြန်ပြောလိုက်တော့မှ ငွေညှစ်လို့ မရတော့ဘူးဆိုပြီး ဘာမှဆက်မပြောတော့ဘူး။ အဲ့ဒီလိုမျိုးတွေ အများကြီး ထပ်ဖြစ်လာနိုင်တယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတဦးကဆိုသည်။

၎င်းကဲ့သို့ အရေးယူမှုပေါ်ပေါက်လာရခြင်းမှာ ရန်ကုန်မြို့ရှိ ပန်းဥယျာဉ်များ၊ အပန်းဖြေရာနေရာများတွင် အမြင်မလျော်စွာ ပြုမှုနေထိုင်နေကြသည်များကို မသမာသူ စီးပွားရေးသမားများက ဗီဒီယိုရိုက်၍ အင်တာနက်ပေါ်တွင် ပြန်လည်ဖြန့်ဝေ ရောင်းချမှုများ ပေါ်ပေါက်လာသောကြောင့်ဟု သိရသည်။

“အခုလိုလုပ်လိုက်တာလည်း ကောင်းပါတယ်။ အခုဆို အခွေတွေတောင် ထွက်လာပြီး အင်တာနက်ပေါ်အထိ ပျံ့ကုန်ပြီ” ဟု ရန်ကုန်မြို့မှ လူငယ် ဘလော့ဂါတဦးက ဧရာဝတီကိုပြောသည်။

ထိုကဲ့သို့ အရေးယူမည် ဆိုသော်လည်း ကိုယ်ပိုင် အသိစိတ်ဓာတ်ရှိမှသာ လုံးဝ ပပျောက် သွားနိုင်မည်ဖြစ်ကြောင်း ထပ်ဆင့် အကယ်ဒမီမေသန်းနုက သုံးသပ်သည်။

“ဒီလိုကိစ္စမျိုးက ဘယ်တော့မှ ပပျောက်ဖို့ဆိုတာမလွယ်ပါဘူး။ ထိန်းချုပ်လိုက်လို့ နည်းနည်း ကောင်းသွားတာပဲရှိမယ်” ဟု သူက ဆိုသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနသို့ ဧရာဝတီမှ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။

အဆိုတော် သားစိုးကလည်း “ဥပဒေထုတ်ပြီးတော့ သူတို့က အချိန်မရွေး ဘယ်လောက်အထိ စောင့်ကြည့်နိုင်မလဲ။ ဘယ်နှယောက်ကရော ဘယ်လို စောင့် ကြည့်နိုင်မလဲဆိုတာ ပြန်ပြီးမေးခွန်းထုတ်စရာပါ။ ဒါမျိုးတွေက ဟိုးအရင်ကတည်းက ရှိခဲ့တာဆိုတော့ ပပျောက်သွားဖို့ဆိုတာ မလွယ်ပါဘူး” ဟု ပြောသည်။

ရန်ကုန်မြို့တွင် အင်းလျားကန်ပေါင်၊ မြကျွန်းသာ၊ ကန်တော်ကြီး၊ လှော်ကားဥယျာဉ် စသည့် နေရာများသည် စုံတွဲများ အများဆုံး သွားလာနေထိုင်သည့် နေရာများဖြစ်ကာ မန္တလေးမြို့တွင် ကျုံးပတ်လည် မန္တလေးတောင်နှင့် မန္တလေးတက္ကသိုလ်ဝန်း တို့မှာ ၎င်းတို့ အသွားအများဆုံး နေရာများဖြစ်ကြောင်း မြို့ခံများ၏ အဆိုအရ သိရသည်။

“မန္တလေးတောင်ရဲ့ တောင်ဆင်းတောင်တက်လမ်းတွေ၊ စောင်းတန်းတွေမှာဆိုရင် အထူးသဖြင့် နေ၀င်ချိန်ကနေ ညနက် သန်းခေါင်အထိ နေကြတယ်။ အဲဒီအချိန် အဲဒီနေရာတွေက ဆိတ်ငြိမ်ရာလည်းဖြစ်တယ်၊ လူမြင်ကွင်းလည်းမဟုတ်တော့ တော်တော် ဆိုးဆိုးဝါးဝါး တွေရှိတယ်” ဟု မန္တလေးတွင်နေထိုင်သည့် စာရေးဆရာတဦးက ဆိုသည်။

လွတ်လပ်ရေးကြိုးပမ်းသည့် ခေတ်ကာလတွင် အဆိုပါ မန္တလေးတောင်အား တောင်ခြေရှိ ရဟန်းပျိုများအဖွဲ့က အုပ်ချုပ် ခဲ့သောကြောင့် ယင်းကဲ့သို့ မဖွယ်မရာ ကိစ္စရပ်များမဆိုထားနှင့် မည်သည့် ရာဇ၀တ်မှုမှ မရှိခဲ့ကြောင်း သူက ပြောသည်။

“ဥက္ကဌ ဆရာတော်က ကြိမ်လုံး တချောင်းနဲ့ စောင်းတန်း တလျှောက် မနက်တခေါက်၊ ညတခေါက် မန္တလေးတောင်ပေါ် တက်ပြီး အမြင်မတော်တာရှိရင် ဆုံးမတယ်။ အခုနောက်ပိုင်းမှာတော့ ဂေါပက က အုပ်ချုပ်တယ်။ ဂေါပက ကတော့ ဘုန်းကြီးလောက် ဘယ်လုပ်တော့မလဲ” ဟု အဆိုပါ စာရေးဆရာက ဆိုသည်။

၂၀၀၃ ခုနှစ်ဝန်းကျင်ကာလက ရန်ကုန်မြို့၌ ယင်းကဲ့သို့ အမြင်မလျော်စွာ ပြုမူနေထိုင်ကြသည့် စုံတွဲများအား အရေးယူမှု ပြုလုပ်ခဲ့ခြင်းများရှိခဲ့ဖူးသော်လည်းနောက်ပိုင်းတွင် ဆက်လက်အရေးယူခြင်းများလျော့နည်းလာကာ ယခုပြန်လည် အရေးယူခြင်းဖြစ်ကြောင်းသိရသည်။

“အဲ့ဒီတုန်းက ဒီထက်တောင် ဆိုးတယ်။ သက်ဆိုင်ရာက မြင်ရင် အဲဒီကာယကံရှင် နှစ်ယောက်ရဲ့မိဘတွေဆီ ချက်ချင်း ဖုန်း ဆက်ခိုင်းတယ်။ ပြီးတော့ ချက်ချင်း လက်ထပ်ခိုင်းတယ်။ မယူချင်တဲ့သူလည်းယူ၊ ယူချင်တဲ့သူလည်းယူပဲ” ဟုရန်ကုန် အခြေစိုက် သတင်းထောက်တဦးက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်