ထိုးစစ်များကြောင့် ကလေးငယ် နှစ်သိန်း နီးပါး ခိုလှုံရာမဲ့

E-mail Print
စစ်အစိုးရ၏ ထိုးစစ်များကြောင့် လွန်ခဲ့သည့် ၇ နှစ်တာ အတွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေး နေကြရသူ များတွင် ကလေးငယ် တသိန်း ကိုးသောင်းကျော် ပါဝင်ကြောင်း အစီရင်ခံစာ တစောင်က ဖော်ပြသည်။

Free Burma Rangers (FBR) နှင့် Partners Relief & Development တို့ ပူးတွဲပြုစု ထုတ်ဝေ လိုက်သည့် “ခိုလှုံရာမဲ့ ကလေး သူငယ်များ ဘဝ” (Displaced Childhoods) တွင် စစ်မက် ဖြစ်ပွားရာ ဒေသများရှိ ထွက်ပြေး ပုန်းရှောင် နေရသော ကလေး ငယ်များ၏ လူ့အခွင့် အရေး ချိုးဖောက် ခံရမှုများ၊ မလုံခြုံသော ဘဝများကို မီးမောင်းထိုး ဖော်ပြ ထားသည်။

“နအဖ စစ်အစိုးရ အနေနဲ့ ကလေး အခွင့်အရေး ဆိုတာကို သိကို သိသင့်တယ်။ ဘာလို့လဲ ဆိုရင် မြန်မာနိုင်ငံ အတွင်းမှာ ခိုကိုးရာ မဲ့နေတဲ့ ကလေးတွေ အများကြီး ရှိနေတယ်။ ဒီအပြစ်မဲ့ ကလေး တွေဟာ မိမိတိုင်းပြည် ထဲမှာပဲ နေထိုင်စရာ မရှိတဲ့ အပြင် စိုးရိမ် ထိတ်လန့်စွာနဲ့ပဲ နေထိုင်ကြရပါတယ်။ ကလေးအခွင့်အရေးဆိုတာ နည်းနည်းလေးမှ မရဘဲနဲ့ ချိုးဖောက်ခံနေရတယ် ဆိုတာကို ပြင်းပြင်းထန်ထန် သတိပေးလိုပါတယ်” ဟု FBR မှ ပြောခွင့်ရပုဂ္ဂိုလ် Richard Chilvers က ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းတွင် ထိုးစစ်များကြောင့် ၂၀၀၂ မှ ၂၀၀၉ အတွင်း နေအိမ် စွန့်ခွာ ထွက်ပြေးနေရ သည့် ဒေသခံ အရပ်သား ၅၈၀၀၀၀ ကျော် အနက် ကလေးငယ် ၁၉၀၀၀၀ ကျော် ပါကြောင်း၊ ၂၀၀၉ တနှစ် တည်းတွင်ပင် စစ်အစိုးရကြောင့် တနည်းနည်းဖြင့် ရွှေ့ပြောင်းသွားရသည့် ကျေးရွာ ၁၁၀၀၀၀ ကျော် ရှိသည် ဟု အစီရင်ခံစာက ဖော်ပြသည်။

Partners မှ အမှုဆောင် အရာရှိချုပ် Steve Gumaer က “ကလေးတွေဟာ နေ့စဉ်နဲ့ အမျှ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ် ခံနေကြရတယ်။ မတော်မတရား ဖမ်းဆီးနေတာတွေ၊ အရွယ်မရောက်သေးဘဲ မုဒိမ်းကျင့်ခံရတာတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေ၊ အဓမ္မ လုပ်အားပေး စေခိုင်းခံရတာတွေ၊ စစ်တပ်ထဲ အတင်း ဆွဲသွင်းကာ ကလေးစစ်သားအဖြစ် စုဆောင်း ခံရတာတွေ၊ အခြေခံ လူ့အခွင့်အရေးလေးကိုတောင်မှ မရဘဲ တင်းတင်းကျပ်ကျပ် ချုပ်ချယ်ထားတာတွေဟာ မြန်မာပြည် နယ်စပ်တလျှောက်မှာ တကယ် ဖြစ်ပျက်နေတာပါ” ဟု ပြောသည်။

FBR အဖွဲ့မှ စောမန်းကီးက “ကျနော်တို့ အဓိက သွားလာလှုပ်ရှားတဲ့ နေရာတွေကတော့ နအဖက အနီရောင်နယ်မြေ၊ အနက်ရောက် နယ်မြေရယ်လို့ သတ်မှတ်ထားတဲ့ နေရာတွေပါ။ စစ်ပွဲကြောင့် ဒဏ်ရာရသူတွေကို ကျနော်တို့ အဖွဲ့က ဆေးကုပေးတယ်၊ စားစရာ သောက်စရာတွေ အဝတ်အစားတွေ ဝေငှပေးတယ်” ဟု ပြောသည်။

Free Burma Rangers သည် နယ်စပ်အသီးသီးတွင် ဒုက္ခရောက်နေကြသော ပြည်တွင်းတွင် အခြေမဲ့ ပြောင်းရွှေ့ ပြေးလွှားနေကြရသည့် ဒုက္ခသည်များ (IDPs)၊ ကလေးငယ်များကို အကူအညီ ပေးနေသော အဖွဲ့ဖြစ်သည်။ အဆိုပါ အဖွဲ့တွင် တိုင်းရင်းသား ၁၀ မျိုးပါဝင်သော အဖွဲ့ပေါင်း ၅၂ ဖွဲ့ ပါပြီး ၁၉၉၇ တွင် တည်ထောင်သည်။

“ကျနော်တို့ဟာ လုပ်သင့်လုပ်ထိုက်တာကို စွန့်စားပြီး လုပ်နေကြရတာပါ။ ဒီလို စွန့်စား လုပ်လို့ တချို့ မသေသင့်တဲ့သူတွေ မသေဘဲ အသက်ကို ကယ်တင်နိုင်ခဲ့သလို သူတို့ မသိတာတွေကိုလည်း သိအောင် လုပ်ပေးနိုင်တာပေါ့” ဟု စောမန်းကီးက ဆိုသည်။ အစီရင်ခံစာ ထုတ်ဝေသည့် သတင်းစာ ရှင်းလင်းပွဲကို ဧပြီ ၇ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) တွင် ပြုလုပ်ခဲ့ပြီး ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများလည်း ပြသခဲ့ကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ၂၀၀၉ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်း ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန် နှင့် ရှမ်း ပြည်နယ်မှ မိဘများ၊ ကလေးသူငယ်များနှင့် တွေ့ဆုံ မေးမြန်းချက်များ အပေါ် အခြေခံ၍ ယင်း အစီအရင်ခံစာကို ပြုစုခဲ့ခြင်း ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်