NLD အလံ မလှဲဟု ဆို

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များက လာမည့် မေလ (၇) ရက်နေ့ နောက်ပိုင်း ပါတီ ဆိုင်းဘုတ်များကို ဖြုတ်မည် မဟုတ်ကြောင်း မကြာသေးခင်က ဆုံးဖြတ်ချက်ချ မှတ်ခဲ့သည်ဟု ပါတီ သတင်း ရပ်ကွက်များမှ သိရသည်။

“ပါတီ ခေါင်းဆောင် တွေက မေလ ၇ ရက်နေ့ ကျရင် ဆိုင်းဘုတ် တွေကို ဖြုတ်မှာ မဟုတ်ဘူး၊ ဒါပေမယ့် အာဏာပိုင် တွေက လာဖြုတ် ရင်တော့ အသာ တကြည် လက်ခံမယ်”ဟု ပါတီ သတင်း ရပ်ကွက် များက ဆိုသည်။

စစ်အစိုးရ ထုတ်ပြန်သည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ တည်ဆဲ နိုင်ငံရေး ပါတီ များသည် ဥပဒေ ထွက်ရှိသည့် နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီမှတ်ပုံ တင်ရမည် ဖြစ်သည်။ ပါတီ မှတ်ပုံတင်ခြင်း မပြုပါက တရားဝင် ပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု ယင်းဥပဒေတွင် ဖော်ပြထားသည်။

NLD က ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်ထားသည်။ ထို့ကြောင့် NLD သည် ရက်ပေါင်း ၆၀ ပြည့် သော မေလ ၇ ရက်နေ့ နောက် ပိုင်းတွင် ပါတီ ရုံးခန်းများ အပိတ်ခံရရန်နှင့် ပါတီ ဆိုင်းဘုတ်များ ဖြုတ်ချခံရရန် အလားအလာ ရှိသည်။ ပါတီ လုပ်ငန်းစဉ်များနှင့် လှုပ်ရှားမှုများလည်း ရပ်ဆိုင်းရဖွယ် အခြေအနေရှိသည်။

NLD က စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသည် တရားမျှတမှု မရှိသောကြောင့် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံမတင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းသို့ NLDသည် ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်ထားသဖြင့် တရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်းခံရပါက ပါတီပိုင် ပစ္စည်းများကို စီမံခန့်ခွဲနိုင်ရန်အတွက် စီမံခန့်ခွဲရေး ကော်မတီတရပ်ကို ပြီးခဲ့သည့် တနင်္လာနေ့က ဖွဲ့စည်းခဲ့သည်။ ယင်း အဖွဲ့ကို ဒု ဥက္ကဋ္ဌ ဦးတင်ဦးက ဦးဆောင်၍ အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းထားသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့သော NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကမူ“ဒေါ်အောင်ဆန်းစုကြည်မှာ ဘာလုပ်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး အကြံဉာဏ်တွေ အများကြီး ရှိပါတယ်၊ ဒါပေမယ့် ခက်တာက ဆက်လက် အကျဉ်းကျနေဆဲ ပဲ”ဟု ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲ ၀င်ခြင်းအားဖြင့် မြန်မာ ပြည်သူလူထုကို မျှော်လင့်ချက် အမှားတွေ မပေးချင်ဘူး”ဟုလည်း ၎င်းက  ဆက်လက် ပြောဆိုသည်။

NLD ပါတီ မှတ်ပုံမတင်ရန်နှင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ရှေ့နေများ ဖြစ်သော ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်းတို့က ယမန်နေ့တွင် သွားရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ သွားရောက် တွေ့ဆုံခဲ့ရာတွင် ပါတီ မှတ်ပုံတင်ခြင်း မပြုရန် နှင့် ရွေးကောက်ပွဲ ၀င်ခြင်း မပြုရန် NLD က ဆုံးဖြတ်လိုက် သည့် အတွက် ၀မ်းမြောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယမန်နေ့က ရှေ့နေများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာတွင်  ဒေါ်အောင်ဆန်းစုကြည် နေအိမ် ပြင်ဆင်ရေး၊ နေအိမ် အကျယ်ချုပ် အတွက် အယူခံ ၀င်ရောက်ရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

NLD ရှေ့၌ ဘာဆက်လုပ်မည်နည်းဟု မေးခွန်းများ ထွက်ပေါ်နေချိန်တွင် ၎င်းတို့ နိုင်ငံရေး ဆက်လုပ်မည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲရေးကို ဖော်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် NLD အနေဖြင့်  နိုင်ငံ တ၀န်းလုံးရှိ ထောက်ခံသူများကိုလည်း ကြေညာချက်ထုတ်၍ တောင်းပန်ခဲ့သည်။

သို့သော်လည်း NLDက ထောက်ခံသူများကို ဘယ်သောအခါမှ ကျောခိုင်းသွားမည် မဟုတ်သကဲ့သို့ ဒီမိုကရေစီ ရည်မှန်းချက် အောင်မြင်သည် အထိ အကြမ်းမဖက်သော နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းသွားမည်ဟု ဖော်ပြပါရှိသည်။

အလားတူပင် စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ် အဖွဲ့(UNA)ကလည်း ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

UNA က ကုလသမဂ္ဂမှ ထုတ်ပြန်ထားသော အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး စသော နိုင်ငံရေး အကျဉ်းသားများ အားလုံကို ခြွင်းချက် မရှိ လွှတ်ပေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး၊ ၂၀၀၈ အခြေခံ ဥပဒေတွင် ဒီမိုကရေစီနှင့် ဆန့်ကျင်နေသော အချက်များကို ပြန်လည် သုံးသပ်ပြင်ဆင်ပေး ရန် စသည့် အချက်များကိုလည်း ၎င်းတို့က တောင်းဆိုထားသည်။

UNA အဖွဲ့သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိင်ခဲ့သော တိုင်းရင်းသား ပါတီများဖြင့် ဖွဲ့စည်းထားသော မဟာမိတ် အဖွဲ့ဖြစ်သည်။

UNA ပါတီတွင် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး အမျိုးသား ကွန်ဂရက်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စသည့် အဖွဲ့များပါဝင်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်