ပုဂ္ဂလိက စက်သုံးဆီဆိုင်များ စတင်ရောင်းချ

E-mail Print
ရန်ကုန်မြို့ရှိ ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များကို ယနေ့ စတင် ရောင်းချခွင့် ပြုလိုက်ပြီ ဖြစ်သည်။ အဆိုပါ ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များတွင် ၀န်ထမ်း အင်အား များစွာသုံး၍ တူညီဝတ်စုံများ ၀တ်ဆင် ရောင်းချနေ ကြသည်ကို တွေ့ရသည်။

စွမ်းအင် ၀န်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ စက်သုံးဆီအရောင်းဆိုင် ၂၄၆ ဆိုင်ကိုပုဂ္ဂလိကပိုင် အဖြစ် ရောင်းချခွင့် ပြုခဲ့ရာ ယင်းဆိုင်အားလုံးကို ကုမ္ပဏီအစုအဖွဲ့ ၂၀ ကျော်က လုပ်ကိုင်ခွင့် ရရှိထားသည်။

အဆိုပါ စက်သုံးဆီဆိုင်များကို ဖွင့်လှစ် လုပ်ကိုင်ခွင့် ရသူများထဲတွင် စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်ကြသည့် ဦးတေဇ (ထူး ထရေးဒင်း)၊ ဦးဇော်ဇော် (မက်စ်မြန်မာကုမ္ပဏီ)၊ ဦးကျော်ဝင်း (ရွှေသံလွင်ထရေးဒင်း)၊ ဦးဌေးမြင့် (ယုဇန ကုမ္ပဏီ)၊ အဏ္ဏ၀ါလွှမ်း ကုမ္ပဏီ၊ နီလာရိုးမ ကုမ္ပဏီ၊ Fisheries & Marine Product 2000 Limited၊ ဦးနေအောင်၊ ဦးအောင်သက်မန်း (ဧရာရွှေဝါ)၊ ဂရင်းအေးရှား၊ ဦးခင်မောင်အေး (ကေတုမတီ)၊ ဒေါက်တာခင်ရွှေ (ဇေကမ္ဘာကုမ္ပဏီ)၊ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၊ ဦးဝင်းအောင် (ဒဂုံ အင်တာနေရှင်နယ် )၊ ကောင်းဇော်ဟိန်း ကုမ္ပဏီ၊ မြန်မာနိုင်ဂရု(ပ်)၊ ဦးချစ်ခိုင် (ဧဒင်)၊ မြတ်မေတ္တာမွန် တို့ ပါဝင်ကြောင်း သိရသည်။

ပုဂ္ဂလိကပိုင် စက်သုံးဆီ ဆိုင်များကို ပြီးခဲ့သည့်မေလ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်မည်ဟု ဆိုခဲ့သော်လည်း ယနေ့မှ ဖွင့်လှစ်နိုင် ခဲ့ခြင်းဖြစ်သည်။

“အစိုးရ သတ်မှတ်တဲ့ဈေးနှုန်းနဲ့ ရောင်းပေးရတာပါ။ တဂါလန် ၂၅၀၀ ကျပ်နဲ့ ရောင်းပေးပါတယ်။ နှစ်လ၊ သုံးလ လောက် အထိတော့ ဒီဈေးနဲ့ ရောင်းချပေးသွားမှာပါ” ဟု ထူး စက်သုံးဆီ အရောင်းဆိုင် တာဝန်ရှိသူ တဦးကဆိုသည်။

“ဓာတ်ဆီ တဂါလန် ၂၅၀၀ ကျပ် နဲ့ ကျနော် ထည့်ခဲ့ရတယ်။ ဒီဇယ်တော့ ရောင်းတာမတွေ့သေးဘူး။ ဒီဈေးအတိုင်း သာဆို မဆိုးဘူးပြောရမယ်” ဟု ရန်ကုန်မြို့ခံ ယာဉ်ပိုင်ရှင် တဦးကဆိုသည်။

ရန်ကုန်မြို့ရှိ လက်လီ စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီ တဂါလန် ကျပ် ၂၉၀၀ နှင့် ဒီဇယ် တဂါလန် ၃၀၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိနေသည်။

“ဖွင့်ဖွင့်ချင်း ဆိုတော့ ဈေးချိုချိုသာသာနဲ့ ရောင်းပေးတာပါ။ နောက်ပိုင်းကျရင် စီးပွားရေး သမားကတော့ စီးပွားရေးလို လုပ်မှာ ပဲလေ။ ဘယ်သူက အရှုံးခံရောင်းမလဲ” ဟု ရန်ကုန်မြို့တော် ယုဇနပလာဇာတွင် အထည်ဆိုင် ဖွင့်ထားသူ တဦးကဆိုသည်။

ရန်ကုန်ရှိ ယာဉ်ပိုင်ရှင်များအနေဖြင့် အပြင် လက်လီဆီဆိုင်များတွင် ဆီဝယ်ယူသည်ထက် ပုဂ္ဂလိက ဆီဆိုင်များတွင် ပိုမို ၀ယ်ယူကြသည် ဟုလည်း ၎င်းကဆိုသည်။

“အစိုးရက ကျနော်တို့ ၂၅၀၀ နဲ့ရောင်းနိုင်အောင် တဂါလန် ၂၃၅၀ နဲ့ ရောင်းပေးတယ်။ ဒီဇယ်ကတော့ နိုင်ငံတကာ ပေါက်ဈေး အတိုင်း ရောင်းဖို့ စီစဉ်ထားပါတယ်” ဟု ပုဂ္ဂလိက စက်သုံးဆီဆိုင် ဖွင့်လှစ်ထားသူ တဦးကဆိုသည်။

ဓာတ်ဆီကို အစိုးရဈေး တဂါလန် ကျပ် ၂၃၅၀ ဖြင့် ၂ လ ရောင်းချပေးမည်ဖြစ်ပြီး ပုဂ္ဂလိက စက်သုံးဆီဆိုင်များက တဂါလန် ၂၅၀၀ ထက် မပိုသောဈေးဖြင့် ရောင်းချရမည်ဟု Weekly Eleven ဂျာနယ်တွင် ယခင်တပတ်က ဖော်ပြခဲ့သည်။

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များကို ပို့ကုန်မှရသော နိုင်ငံခြားငွေ ရှိသူများအား လုပ်ကိုင်ခွင့် ပြုထားခြင်းဖြစ်သည်။

“ဘယ်စီးပွားရေးပဲဖြစ်ဖြစ် သူတို့ပဲ ရနေတာပဲလေ။ အစိုးရက ပုဂ္ဂလိက လုပ်ပေးတယ်သာ ပြောနေတာ ဒီအုပ်စုတွေပဲ ချမ်းသာနေမှာ။ လူထုကတော့ ဒီအတိုင်းပဲ ဆက်သွားနေမှာပဲ” ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင် တဦးကဆိုသည်။

မြန်မာပြည်တွင် စက်သုံးဆီဆိုင်များကို ပုဂ္ဂလိက လုပ်ကိုင်ခွင့် ပြုခဲ့သည်မှာ ၁၉၆၂ ခုနှစ်မှ စတင်ရေတွက်လျှင် ၄၈ နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်ဖြစ်သည်။

စစ်အစိုးရ အနေဖြင့်နိုင်ငံပိုင် စက်သုံးဆီ၂၄၆ ဆိုင်ကို ပုဂ္ဂလိကလုပ်ကိုင်ခွင့်ပြုခဲ့ရာ ရန်ကုန်တိုင်းတွင် ၅၂ ဆိုင်၊ မန္တလေးတိုင်းတွင် ၃၉ ဆိုင်၊ ပဲခူးတိုင်းတွင် ၃၇ဆိုင်၊ မကွေးတိုင်းတွင် ၁၅ ဆိုင်၊ စစ်ကိုင်းတိုင်းတွင် ၁၄ ဆိုင်၊ မွန်ပြည်နယ်တွင် ၁၆ ဆိုင်၊ တနင်္သာရီ တိုင်းတွင် ၆ ဆိုင်၊ ဧရာဝတီတိုင်းတွင်၂၇ ဆိုင်၊ ကချင်ပြည်နယ်တွင် ၇ ဆိုင်၊ ကရင်ပြည်နယ်တွင် ၂ ဆိုင်၊ ချင်းပြည်နယ်တွင် ၁ ဆိုင်၊ ရှမ်းပြည်နယ်တွင် ၂၄ ဆိုင်၊ ရခိုင်ပြည်နယ်တွင် ၆ ဆိုင် လေလံတင်ခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်